“ငါက မောင့်ကို မုန်းမရခဲ့ပေမဲ့ မောင်ကတော့ ငါ့ကို မုန်းနေသေးမှာ သေချာပါတယ်၊မုန်းပါ မင်းဘက်က ဆက်မုန်းမှ ငါ့အတွက် အဆင်ပြေမယ်၊ပြီးရင် ငါ့ကို လွတ်လပ်ခွင့်ပေးပါ၊သားနဲ့အတူ ငါ့ဘ၀ကို လွတ်လွတ်လပ်လပ် တည်ဆောက်ပါရစေ၊ငါ မင်းကို မချစ်တော့ဘူး မောင်၊ချစ်လည်း မချစ်ချင်တော့ဘူး”
“အင်း မင်းကို မောင် မုန်းသေးတယ်၊မောင့်ကိုပစ်ပြီး ကိုကို့ကို ရွေးချယ်ခဲ့တဲ့အတွက် အခုထိလည်း မုန်းတာပဲ၊ဒါပေမဲ့ မင်းမျက်နှာကိုမြင်တိုင်း၊သားရဲ့ ငြိုးငြိုးငယ်ငယ် မျက်နှာလေးကိုမြင်တိုင်း မောင့်ကိုယ်မောင် နားလည်လို့မရအောင် မင်းကို ခွင့်လွှတ်ချင်လာတယ်၊နားလည်ပေးချင်လာတယ်။မောင်ကတော့ မင်းကို ချစ်ရင်းနဲ့ မုန်းမိတယ် ထယ်။မင်းဘက်ကတော့ မောင့်ကို မချစ်တော့လို့ အေးချမ်းသွားတယ်ဆိုပေမဲ့ မောင့်ဘက်ကတော့ မင်းကို ချစ်လိုက်၊မုန်းလိုက် ဒီသံသရာစက်ကွင်းထဲ လည်ရင်း အပြစ်ဒဏ်သင့်နေရအုံးမယ်နဲ့တူပါရဲ့၊မင်းကိုမောင် ယုံကြည်မပေးခဲ့ဘူးလေ၊အချစ်က ဒဏ်ခတ်တယ်ထင်ပါရဲ့ကွာ”
“စိတ်နာခဲ့တယ်၊သေရာပါမဲ့ စိတ်ဒဏ်ရာမျိုး မင်း ငါ့ကို ပေးခဲ့တာ သုံးခါတိတိပဲ။ပထမတစ်ခေါက် မင်းရဲ့သွေးသားကို ငါ့ဗိုက်ထဲ လွယ်ထားရတုန်းက မယုံကြည်သလို ကြည့်ခဲ့တဲ့အကြည့်၊ငါနဲ့ကိုကို့ကို စွပ်စွဲခဲ့တဲ့ မင်းစကားတွေ၊ဒါပေမဲ့ ငါ့မှာ မင်းကို ခြေပနိုင်စွမ်း မရှိခဲ့ဘူး။အဲဒီအချိန်တုန်းက မမရဲ့ပြဿနာ မမကိစ္စနဲ့ ပတ်သက်ပြီး ငါ့မှာ ကိုကို့အကူအညီကို အများကြီးယူခဲ့ရတော့ ငါနဲ့ကိုကို့ကြား မင်းမျက်စိနောက် အထင်လွဲတဲ့ထိ ပတ်သက်မှုတွေ ရှိခဲ့ရတယ်။ဒါပေမဲ့ ငါ့သစ္စာက ခိုင်မာခဲ့ပါတယ် မောင်။မင်းက လွဲလို့ ဘယ်ယောကျ်ားသားကိုမှ ငါ့ဆံချည်တစ်မျှင်ကစလို့ ငါ့အသွေး ငါ့အသက် အပိုင်မပေးခဲ့ဖူးဘူး။ငါ ပြောခဲ့ဖူးတယ်နော် မောင်။မင်းဟာ ငါဘယ်တော့မှ မပိုင်ဆိုင်နိုင်တဲ့ ငါ့ရဲ့ ဒုတိယအသက်ပဲ။မင်းကိုငါ အဲဒီလောက်ထိ ချစ်ခဲ့တယ်၊ဒါကို မင်းမယုံကြည်ခဲ့ဘူး။
ဒုတိယအကြိမ်အနေနဲ့ ကိုကိုနဲ့ မင်းတို့အိမ်ပေါ် ငါပါလာခဲ့တုန်းက စွပ်စွဲခဲ့တဲ့ စကားတွေ၊ကလေးလေး ငါ့ဗိုက်ထဲမှာ လွယ်ထားရက်နဲ့တောင်မှ မင်းပြောထွက်ခဲ့တဲ့ စကားတွေ၊
