Unicode:ဩဂုတ်လရဲ့မိုးရွာသွန်းမှုဟာ နေ့စဉ်ရက်ဆက်ဟုပြောရမလိုပင်ဖြစ်နေသည် ။ ရွာလိုက်ရင်လည်း သည်းကြီးမည်းကြီးနှင့် အငြိုးဖြင့်ရွာနေသည့်အလား.. ။ မိုးပယောဂကြောင့် ခြံထဲကစိမ်းစိမ်းစိုစိုအပင်တွေကတော့ ကြည့်လိုက်တာနဲ့ စိတ်ချမ်းမြေ့စရာကောင်းနေပြီဖြစ်သည် ။
အရာအားလုံးပုံမှန်အတိုင်း လည်ပတ်နေသော်လည်း ပြောင်းလဲသွားတာက သူနှင့်အသက်ပင်ဖြစ်၏ ။ တောင်ကြီးမှာဟိုတယ်ခွဲဖွင့်ထားတာ မကြာသေးတာမို့ လူကြီးပိုင်းအနေနဲ့ သွားရောက်တာဝန်ထမ်းဆောင်နေရသည်မှာ (၁)လခွဲလောက်တောင်ရှိတော့မည် ။ ဟိုတယ်ကအသစ်ဆိုတော့လည်း နေ့စဉ်ရက်ဆက်အလုပ်များနေတာမို့ ဖုန်းအဆက်အသွယ်တောင် တစ်ပတ်တစ်ခါလောက္မှသာရသည် ။
ဟိုတယ်ကောင်းကောင်းအခြေကျတဲ့ အချိန်အထိတောင်ကြီးတွင်ဆက်ရှိနေရဦးမည်ဟု ပြောသော်လည်း ရင်ထဲမှာ ဟာတာတာဖြစ်ရုံကလွဲလို့ အထူးတလည်လွမ်းချင်းညည်းမိနေတာမျိုးလည်း ဖြစ်မနေမိပေ.. ။ အချိန်တန်ရင်ပြန်လာမှာပါ ဆိုတဲ့ ရိုးရိုးရှင်းရှင်းအတွေးလေးနဲ့သာ ဖြေဖျောက်ထားနိုင်သည် ။
သျှားနဲ့ဆက်ဆံရေးကတော့ ပုံမှန်အတိုင်းလေးပါပဲ.. ။ သျှားလည်းပုံမှန်လေးပဲစာလုပ်သလို.. ကျွန်တော်ကလည်း ဂရုတစိုက်သင်ကြားပေးပြီး တစ်လတစ်ခါတော့ စာမေးပွဲအမြဲစစ်ဖြစ်သည် ။ သျှားအတွက် အချိန်ပေးရတာများလွန်းတာမို့ တခြားကလေးတွေကို တစ်ပြိုင်နက်သင်ဖို့အခက်အခဲရှိတာကြောင့် သျှားတစ်ယောက်တည်းသာသင်ဖြစ်နေသည် ။
သျှား.. ။
ဟုတ်ပါသည် ။ သူအတင်းအကြပ်ခေါ်ခိုင်းခဲ့တဲ့ နာမ်စားဆိုပေမယ့် အခုနောက်ပိုင်းခေါ်ရတာနှုတ်ကျိုးနေပြီမို့ သျှားလို့ပဲသုံးနှုန်းဖြစ်နေသည် ။ တစ်လတစ်ခါ စာမေးပွဲဖြေခိုင်းလို့အမှတ်များရင် သူလိုချင်တာလုပ်ပေးရမယ်.. ဆိုတဲ့ ကတိစကားကြောင့် ကလေးမဟုတ်သူငယ်မဟုတ် တစ်လတစ်ခါ သူနဲ့လျှောက်လျှောက်လည်ပေးရသည် ။ သင်လာတာ နည်းနည်းကြာလာပြီဖြစ်လို့ သျှားက, စရိုက်ဆိုးတာမဟုတ်ဘဲ ကလေးဆန်လွန်းတာဆိုတဲ့ အမှန်တရားကို တဖြည်းဖြည်းနားလည်လက်ခံလာခဲ့ရသည် ။
YOU ARE READING
ရ င် ခွ င် သ စ် (c o m p l e t e d)
General Fictionသျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တော့ စာရေးသူတစ်ယောက်အနေနဲ့ မျှော်လင့်မိပါတယ် ။ [Unicode+Zawgyi]