၇။
ယုံကြည်ပေးပါ တိမ်ဖြူရယ်
ချစ်ခဲ့တယ်
ချစ်နေဆဲ
ချစ်နေဦးမယ် ဆိုတဲ့
ငါ့ရဲ့ချစ်ခြင်းတရားတွေကိုပေါ့
လှစ်ဟာသွားတဲ့အတိတ်တနေရာစာအတွက်
အိပ်မက်တွေမက်ပြီး ဖြည့်စွက်မနေတော့ပါဘူး
မိုးပျံပူးဖေါင်းတွေဆိုတာ
မူရင်းလာရာအရပ်ကိုပြန်လာရိုးထုံးစံမှမရှိတာ
စိတ်ချလက်ချဆက်သွားနေတတ်တာမဟုတ်လား
ဆက်သွားလိုက်ပါ
ဟိုးအမြင့်ကြီးဆီကိုပေါ့
ပြီးခဲ့တဲ့သက္ကရာဇ်တွေဟာ
ပြန်ဖော်ဖို့မသင့်တဲ့ပြက္ခဒိန်တွေပါပဲ
နင်ဟာငါ့ဆီမှာနေမပျော်တဲ့နံရိုးတချောင်းပဲလေ
တဖက်တည်းစီးဝင်နေတဲ့မြစ်ကကော
ဘာတွေပြန်ရပါစေလို့ဆိုပြီးမျှော်လင့်နေလို့လဲကွယ်
အခုလိုစီးဆင်းနေရတာကိုက
သူ့ပေးဆပ်မှုမှာအပျော်ကြီးပျော်နေတာပဲလေ
ဟုတ်တယ်
ငါဟာမြစ်တစင်းလိုပဲ
ငါဟာ ဟိုးအမြင့်ကြီးမှာရှိတဲ့
နင့်ကိုလှမ်းမျှော်ကြည့်ရင်း
(နင်ပျော်နေပါလားဆိုတဲ့အသိနဲ့)
အဆက်မပြတ်စီးဆင်းနေဆဲပါ တိမ်ဖြူရယ်...။(၂၅ ဇူလိုင် ၂၀၁၈)