(၂၀)
ဆိုရရင်တော့
ငါတို့ ဝေးကြပြီပေါ့နော် တိမ်ဖြူ....
ငါတော့
ဝေးရပြီဆိုတဲ့ စကားလုံးနဲ့
ပတ်သက်မိတိုင်း...မိတိုင်း.....
နူတ်ခမ်းကို သွားနဲ့ဖိကိုက်.....
လက်ကောက်ဝတ်ကို
ဓားနဲ့အသာခြစ်တိုက်
ဦးနှောက်မှတ်ညဏ်တွေကို
မီးခိုးမှိုင်းတိုက်နဲ့
အလွမ်းတွေထဲ စုန်ချည်မျောရတယ်။တိမ်ဖြူ.....
တစ်ချို့ တစ်ချို့အရာတွေကတော့
လတ်လတ်ဆက်ဆက်
ကျန်ရှိနေဆဲပဲ
ငါတို့နှစ်ယောက်
အတူမဆောက်တည်နိုင်သေးတဲ့
အိမ်ကလေးရယ်...
(ပင့်ကူအိမ်များနဲ့ လတ်လတ်ဆက်ဆက်)
နင် ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့
အနီရောင် နှင်းဆီရုံလေးရယ်...
(အရိုးတံတွေနဲ့ချည်း
လတ်လတ်ဆက်ဆက်)
နင့်အတွက်လက်ဆောင်ဆိုပြီး
နင် မဖတ်ဖြစ်သေးတဲ့
ငါ့ရဲ့ကဗျာရယ်...
(နွေလွင်ပြင်ထဲမှာ
လတ်လတ်ဆက်ဆက်...)
နင် မကြိုက်နှစ်သက်ဘူးဆိုတဲ့
အတူတွဲရိုက်ထားတဲ့
ဓာတ်ပုံအိုလေးရယ်
(ငါ့ကို ကျောခိုင်းလျှက်
လတ်လတ်ဆက်ဆက်..)
ရက်ရက်စက်စက်ပဲ
သံစဉ်ချိုမြပေးရမလား
အရာရာခြားနားနေတယ်ဆိုတာ
ငါ့ဘက်ကချည်းပဲ ပြောခဲ့တာဆိုပြီး
နင် ကျောခိုင်းထွက်ပြေးသွားသတဲ့လား
တိမ်ဖြူရယ်....
ဘဝတွေ ပွန်းပဲ့ထွက်သွား....။အခု နင် ဘယ်ဆီမှာ...
အခု ငါကကော ဘယ်ဆီမှာ
လေနှင်ရာ လွင့်ပါးသူနဲ့
စွန်ကြိုးပြတ်ခဲ့တဲ့ကောင်မှာ
ကျောချင်းကပ် လျှောတ်လှမ်းနေကြတာ
တဖြည်းဖြည်းချင်း...ဝေးသွား...
အဘယ်တရားမှ
လှမ်းဆုတ်မကိုင်နိုင်ကြ
ကိုယ်တိုင် ဇာတ်ညွှန်းရေးကြတဲ့ဘဝ
နေအဝင် ညအထွက်နဲ့
လက်တွေ့ဘဝမှာ ပြိုလဲကျခဲ့ရတာ
နင် သတိမပြုနိုင်ခဲ့ဘူးတဲ့လား....
ဟော့ဒီ လူမှာ...
တစ်နေ့တာလုံး
အလွမ်းတွေ ကျောပိုးသပ်
နင့်မရှိတဲ့ အရပ်နဲ့
တစ်ကိုယ်စာ အခန်းထဲမှာ
သွေးတွေ တစိမ့်စိမ့်
ဖြာနေရှာတော့တယ်။Aug24.18