စားပွဲပေါ်တင်ထားသည့် Photo stand လေးကို
ကြည့်ရင်း ချန်း ငြိမ်သက်စွာ ထိုင်နေမိသည်။ဒီပုံလေးထဲမှာ ဘွဲ့ဝတ်စုံနဲ့ ပြုံးနေသည့်သူရယ်၊
သူ့ကို ပေးမယ့်အရုပ်လေးကို
ကိုင်ထားတဲ့ လုဟန်ရယ်ရှိပါသည်။လုဟန် မွေးလာတဲ့အချိန်မှာ သူက ၆နှစ်သား။
ငယ်သေးပေမယ့်
အနည်းငယ်သိတတ်နားလည်သည့်
အရွယ်ဖြစ်တာမို့ သူ လုဟန်ကို ချစ်ခဲ့တာတွေကို
သတိရသည်။ညဘက်ဆို အဲ့သေးသေးလေးနဲ့ အတူအိပ်ချင်လို့
မရမက မေမေ့ကို ဂျီတိုက်ပြီး အိပ်ခဲ့ရသည်။သူ့လက်ညှိုးလေးကို လုဟန်က ဆုပ်ကိုင်ထားရင်
သူအရမ်းသဘောကျသည်။တစ်ဖြည်းဖြည်း ကြီးပြင်းလာသည့် လုဟန်ဟာ
သူ့အတွက် အရာရာပဲ။သူထမင်းစားတဲ့အခါ လုဟန်လေးက
ယိုင်ထိုးယိုင်ထိုးနဲ့ လမ်းလျှောက်လာပြီး
"မန်မန် " ဆိုပြီး ထမင်းပန်းကန်ကို
လာဆွဲလုတတ်သည်။သူက အာဘွားပေးဆိုရင် သွားရည်တရွှဲရွှဲနှင့်
ပါးစပ်လေးက သူ့ပါးကို ပူးကပ်လာပေးတတ်သည်။လုဟန်လေး ဆော့ရင်း ချော်လဲလို့ အော်ငိုတဲ့အခါ
သူ ဘာပဲလုပ်နေပါစေ
ထူပေးဖို့ ပြေးလာခဲ့တတ်သည်။တစ်ခြား ကလေးတွေ ကုတ်ဆွဲတာခံရတဲ့အခါ
လုဟန်အစား အဲ့ကလေးတွေကို လူကြီးကွယ်ရာမှာ
သူပြန်ဆွဲဆိတ်တတ်သည်။သူ့မုန့်ဖိုးတွေကလည်း လုဟန်အရုပ်ဖိုး၊မုန့်ဖိုးတွေ
ဖြစ်သွားတတ်သည်။မေမေ မကျွေးခိုင်းတဲ့ ချောကလက်တွေကို
သူက ကလေးကို ခိုးဝှက်ကျွေးတတ်သည်။ဝှက်ထားတဲ့ နေရာကို မှတ်မိနေသည့်
လုဟန်လေးက ဘယ်သူမှမသိခင်
ချောကလက်တွေကို ယူစားလိုက်တာ ပေပွလို့။မေမေက အကြောင်းစုံသိသွားပြီး
သူ့ခေါင်းကို ခေါက်တော့
ပေတလူးရုပ်လေးနဲ့ လုဟန်လေးရယ်ခဲ့တာကို
သူမှတ်မိတုန်းပဲ။
