မြူခိုးမှိုင်းဝေ
အပိုင်း(၁၈)
0130-06-27
မြူခိုးမှိုင်းဝေ"ဟလို...နေရှင်းသန့်...နင်ဘယ်မှာလဲ..."
"......."
"ဟလို..."
"အား...ပီပီကလည်း...အော်လိုက်တာ.."
"ဟဲ့...မေးနေတာ ဖြေလေ..."
စိုးစိုး နာရီကြည့်လိုက်တော့ ငါးနာရီခွဲပဲ ရှိသေးသည်..။
မာမေ တို့ မသိအောင် တစ်အိမ်လုံး ပတ်ရှာပြီးပြီလေ...။
အိတ်တွေလည်း မတွေ့တော့ အသည်းအသန် ဖုန်းတွေ ဆက်ရတာ ခြောက်ခါလောက် ခေါ်မှ ကိုင်တော့သည်..။
ဒါတောင်မှ စကား မပြောသေးတော့ စိတ်ပူလာသည်..။
"ဟဲ့..."
"ငါက လမ်းမှာ...."
"ဟမ်...လမ်းမှာ ဟလား..."
"အင်းလေ....ရန်ကုန်သွားမဲ့ လမ်းမှာ..."
"ဟယ်..ဘယ်တုန်းက သွားတာလဲ..."
"ပီပီ ကို ပြောထားတယ်လေ...သုံးနာရီကားပါဆို..."
"ဟင်...နေ့ခင်း မဟုတ်ဘူးလား..."
"မဟုတ်ဘူး...ငါ ဘာမှ ခိုးမလာဘူးနေ်ာ..နင် ထည့်ပေးတဲ့ အိတ်ပဲ ယူခဲ့တယ်..."
"ကျစ်...ခု အဆင် ပြေရဲ့လား..တစ်ယောက်တည်းလား..."
"အင်း...ရပါတယ်..အမှုန့်အမွှားပါ....ငါ သွားတက်ပါတယ်.....ဟိုကျရင် သူငယ်ချင်းတွေ လာကြိုလိမ့်မယ်.."
"သြော်...အမ်း...သတိထားဦး..."
"'ဒါပဲ...ပီပီ..."
"အမ်း...."
တစ်ဖက် က ဖုန်းချသွားတော့ စိုးစိုး သက်ပြင်း တစ်ချက် ချလိုက်မိသည်..။
ဆံပင်တွေကို ဖွပြီး ခုတင်ပေါ်မှာ ပြန်ထိုင်လိုက်ရင်း ဘေးက နေရာကို ကြည့်မိသည်.။
ဧည့်သည်တွေပါပဲလေ...။
ပိုက်ဆံ ငါးသိန်း တစ်အုပ်ထည့်ပေးလိုက်ပေမဲ့ လောက်ငှပါ့မလား မသိ..။
မနက်ကားမှတ်လို့ပေါ့..။
ဒီကောင်လေးက အမြဲတမ်း မတိမကျပါပဲ..။
စိုးစိုး ပြန်အိပ်လို့လည်း မရတော့လို့ ခြံထဲ ကို ဆင်းလာခဲ့လိုက်သည်..။
ခြံထဲက ပိုက်တန်းကို တွေ့တော့ ပြုံးမိသည်..။
မာမေ ရေလောင်းရတာ လွယ်အောင် ပိုက်တွေ ကို သေချာ ချည်ပေးခဲ့သည်.။
သူ့ကို သတိမရအားဘူးလို့ ပြောထားပေမဲ့ သွားတာ နှစ်နာရီတောင် ကြာသေးရဲ့လား..။
အခုတော့ သတိရလာပြီ..။
သူ့ကို သတိမရဘူး ပြောလိုက်လို့ မှတ်တေးထားပြန်ပြီ ထင်ပါရဲ့..။
နေနိုင်လိုက်တဲ့ ကောင်လေး...။
ငါ့အတွက် ကော်ဖီတောင် မဖျော်ပေးခဲ့ဘူး..။
.
"............"
နေရှင်းသန့် ကျောပိုး အိတ်ကို တစ်ဖက် က ပင့်ပြီ သက်ပြင်း တစ်ချက် ရှိုက်လိုက်သည်.။
ရန်ကုန်ရောက်တာ တစ်ပတ် ကျော်ပြီ..။
အလုပ်တွေ ရှာပေမဲ့ ကျောင်းဖွင့်ချိန် အတွက် ညှိတာ အဆင်မပြေသေး..။
နေရှင်းသန့်လည်း စိတ်ဝင်စားသည့် ဖုန်းနဲ့ပတ်သက်တဲ့ အလုပ်မို့ စိတ်ကို တင်းလိုက်သည်....။
"မင်္ဂလာပါ...."
"ဟုတ်...ဟုတ်ကဲ့....မင်္ဂလာပါ...."
"ဘာများလိုအပ်လို့လဲ ရှင်..."
"မ...မဟုတ်ပါဘူး....ကျွန်တော်....အလုပ်သင် ဝန်ထမ်း ခေါ်စာ တွေ့လို့ပါ ခင်ဗျာ.."
"သြော်.ဒါဆို...ခဏ ထိုင်ဦးနော်....အစ်မကို သွားပြောပေးမယ်...."
"ဟုတ်ကဲ့...."
"............"
နေရှင်းသန့် ခုံမှာ ထိုင်လိုက်ပေမဲ့ ဆိုင်ရဲ့ အပြင်အဆင် ကို တစ်ချက် ဝေ့ကြည့်မိသည်...။
သုံးထပ် လုံး ကို အခုလို ဆိုင်ကြီး ဖွင့်ထားနိုင်တာ အားကျလိုက်တာ..။
" ...ဟိုဘက် အခန်းကို ဝင်သွားပါနော်..."
"ဟုတ်ကဲ့..."
".........."
နေရှင်းသန့် လှုပ်ရှားနေတဲ့ စိတ်ကို သက်ပြင်းတစ်ချက်ချ၍ ငြိမ်သက်အောင် ကြိုးစားရသည်...။
"..........."
".............."
ပီပီ့ အရွယ် မိန်းမ တစ်ယောက် က မျက်မှန် ပေါ်က ကျော်ြက်ည့်တော့ ခေါင်းသာ ညိတ်ပြလိုက်ရသည်...။
ဘာတွေ ဘယ်လို ပြောရမလဲ မသိ.။
အောင်ကျော်ဦး ပြောတော့အင်တာဗျူးအတွက် ဖောင်လိုတယ်တဲ့..။
လွယ်လွယ်ကူကူ ဖြစ်အောင် ကျောပိုးအိတ်ထဲ ဆယ်ရွက်လောက် ထည့်ထားပြီးသားပါ..။
"ဟို...စီ.."
"မလိုဘူး....မောင်လေး....ထိုင်..."
"ဟုတ်ကဲ့..."
"ဖုန်းပြင်တက်လား...."
"ဗျာ....ဟို...မပြင်တက်ပါဘူး ခင်ဗျာ...."
"အိုး....အစ်မတို့ ကြော်ငြာမှာ ရေးထားတယ်လေ.....မိုဘိုင်းဆားဗစ် အတွက် လိုအပ်တာလေ..."
"ဟို....ကျွန်တော် က စိတ်ဝင်စားပါတယ်.....အလုပ်သင် အဖြစ် သင်ပြပေးမယ်လို့ ရေးထားလို့ပါ..."
"အဟွင်း.....မောင်လေး က နယ်က တက်လာတာ ထင်တယ်...."
"ဟုတ်ပါတယ်...ခင်ဗျာ...."
"ကျောင်းတက်ဖို့မလား..."
"ဗျာ...ဟုတ်..."
နေရှင်းသန့် အံသြသွားပေမဲ့ ဘာမှ မထူးဆန်းသလိုပဲ စာရွက်တွေကို ကြည့်ရင်း ခေါင်းညိတ်ပြသည်..။
ဘယ်လို ဖြစ်ပြီး သိနေတာပါလိမ့်..။
"ကျောင်းတက်ရင်ကော အလုပ်ဘယ်လို ဆင်းမလဲ..."
"..........."
"ကွန်ပျူတာ ကော ရရဲ့လား..."
"မရသေးပါဘူး ခင်ဗျာ..."
"အယ်...."
"............."
ဒီအလုပ်လည်း မရတော့ဘူး ထင်ပါရဲ့..။
ရန်ကုန်မှာ အလုပ်ပေါတယ် ဆိုပြီး ဘာဖြစ်လို့များ ဒီလောက် ဒုက္ခ များရတာလဲ မသိ.။
နေရှင်းသန့် သက်ပြင်း တစ်ချက်ရှိုက်လိုက်သည်....။
"ကျောင်းချိန်လည်း ညှိပေးမယ်...အစ်မတို့ အပေါ်ဆုံးထပ်မှာ သင်တန်း ရှိတယ်....မိုဘိုင်းနဲ့ ပတ်သက်တာလည်း အခမဲ့ သင်ပေးမယ်....."
"ဗျာ.."
နေရှင်းသန့် မယုံနိုင်လို့ မျက်လုံးပြူးသွားတော့ ရယ်သည်...။
"ဒါပေမဲ့ လခ အပြည့်ရမှာ မဟုတ်ဘူး....ပြီးတော့ အလုပ်လေးငါးခုလည်း လုပ်ရမယ်...."
"ဟင်..."
"အချိန်ပိုင်းဝန်ထမ်း မိုဘိုင်းဆားဗစ် ဒယ်လီ ကမ်စတမ်မာဆားဗစ် နဲ့ ဟုမ်းဆားဗစ် တွေပါ ခိုင်းမယ်....လုပ်နိုင်မလား...."
"ဗျာ...."
"ပြီးတော့...အစ်မတို့က အစက သင်ပေးရဦးမယ် ဆိုတော့ စာချုပ်လိုတယ်...သုံးနှစ် စာချုပ်ရမယ်..."
"ကျွန်တာ် ကျောင်းဖွင့်ရင်.."
"ကျောင်းချိန် ညှိပေးမယ်လေ...နေစားလည်း တာဝန်ယူမယ်..."
"ဟို...နေဖို့က ကျွန်တော် အဆောင်ငှားထားပါတယ်..."
"မနက်စာကို အစ်မတို့ ကျွေးပါတယ်..."
"............."
"စဉ်းစားချင်သေးလား....တကယ်တော့ ဝန်ထမ်းတွေ လိုအပ်နေချိန်မို့ အခုလို..."
"လုပ်...လုပ်ပါ့မယ်....."
"..........."
နေရှင်းသန့်ကို ကြည့်ပြီး မျက်ခုံးပင့်တော့ ခေါင်းငုံ့ထားလိုက်သည်..။
မတက်တာတွေလည်း သင်ပေးဦးမည်..။
ကျောင်းလည်း တက်လို့ရမည်။
နေရှင်းသန့် စိတ်ဝင်စားတွေကို သင်ရမှာဆိုတော့ ဒီအလုပ်ထပ် အဆင်ပြေတာ မရှိပါ...။
ပီပီ့ ကို မမေးပဲ လုပ်လို့ အဆင်ပြေပါ့မလား..။
အိုး...မပြောဘူး...။
နေရှင်းသန့် ကိုယ်ဟာကို ဆုံးဖြတ်လိုက်သည်.။
ဖြစ်သမျှ အကြောင်း အမှုန့်အမွှားချည်းသာ...။
.
"ပေါ့ပီ...ထမင်းစားမယ်လေ..."
"လာပြီ...မာမေ.."
စိုးစိုး လက်ထဲက ဖုန်းကို ချပြီး သက်ပြင်းချကာ အခန်းထဲက ထွက်လာခဲ့လိုက်သည်..။
ငယ်ငယ်တုန်းကတော့ အခန်းထဲ ဝင်နေတာကြာရင် မာချယ်က ဂရုစိုက်ပြီး စောင့်ကြည့်သည်..။
အခုလို အရွယ်ရလာတော့ ထမင်းစားချိန်မှသာ သတိတရ ခေါ်တော့သည်လေ..။
"မာချယ် ကော..မာမေ..."
"ကျောင်းကိစ္စ သွားပြောတယ်..."
"သြော်...မိုးချုပ်နေပြီနော်..."
"ဟိုမှာပဲ အိပ်မယ် ထင်တယ်....မနက်ဖြန် အဆောင်ပြင်မယ်လေ..."
စိုးစိုး ခေါင်းညိတ်လိုက်ပြီး ထမင်းပန်းကန် ကို လှမ်းယူလိုက်သည်..။
လုပ်နေကျ အတိုင်း လုပ်နေရပေမဲ့ စိတ်ထဲမှာ တစ်ခုခု လိုနေသည်..။
ထမင်းကို ခပ်ဖြည်းဖြည်းဝါးရင်း အတွေးလွန်နေမိတာလည်း ခဏခဏ ပါပဲ...။
"............."
"နေကောင်းရဲ့လား...ပေါ့ပီ.."
"ဟင်....အင်း..."
"အလုပ်တွေကော..."
"အဆင်ပြေပါတယ်..."
"ဟင်း....ခြံကိစ္စတွေ များနေရဲ့သားနဲ့ ကော်ဖီကလည်း လုပ်သေးတယ်..."
"သား..နိုင်ပါတယ်..."
"ဟုတ်ပါပြီ...သိပ်တော့အပင်ပန်းမခံနဲ့..."
"........"
စိုးစိုး ခေါင်းညိတ်လိုက်ပြီး ထမင်းကို လက်စသတ် စားလိုက်ကာ ပန်းကန်တွေ ကို တစ်ခါတည်း ဆေးလိုက်သည်..။
ထမင်းဝိုင်းကို ကူသိမ်းပေးပြီး အခန်းထဲ ပြန်ရောက်လာတော့မှ သက်ပြင်း ချရပြန်ပြီ..။
နေရှင်းသန့် ဘာဖြစ်လို့များ ဖုန်းမဆက်တာလဲ..။
သူ သွားတာ ဆယ့်ငါးရက်တောင် ကျော်လာပြီ..။
ဘာပဲဖြစ်ဖြစ် မပြောမဆို ပျောက်သွားတက်တဲ့ သူ့အကျင့်က အမြင်ကပ်စရာ ပါပဲ..။
သွားတဲ့နေ့တုန်းကလည်း မပြောမဆိုနဲ့ ထွက်သွားသည်။
စိုးစိုး မှာ အိပ်ရာထချိန် မတွေ့တော့ စိတ်ပူ ဖုန်းခေါ်တာ အကြိမ်ကြိမ်..။
သူက လမ်းတစ်ဝက်တောင် ရောက်နေပြီ...။
"ဟိုကောင်လေး မရှိတာ ခြောက်ကပ်သွားသလိုပဲ"
"အဟွင်း...နားအေးသွားတာပါ...မာမေရယ်..."
"........."
စိုးစိုး စိတ်ထဲမပါသလို ဟန်ဆောင်ပြရတာလည်း ပင်ပန်းပါသည်။
အလုပ်မှာလည်း မသိသူ မရှိတော့ အနီးကပ် ဝန်ထမ်း သုံးလေးယောက်က စပ်စုသည်။
ကျောင်းသွားတက်နေပြီ လို့ မျက်နှာ တည်တည် နဲ့ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ သတိရသွားပြန်သည်။
အိမ်ပြန်လာရင်လည်း ဘာမှ မဖြစ်သလို ပုံမှန်အတိုင်း သွားလာ လုပ်ကိုင် ဟန်ဆောင်ပြရသည်။
အထူးသဖြင့် မာချယ့် ရှေ့မှာ ပိုသတိထားရသည်။
စိုးစိုး ကြောင့် စိတ်မကောင်းဖြစ်မှာ စိတ်ပူမှာ စိုးပါသည်။
ဟင်း...။
တစ်ခါတလေ တွေ့တဲ့သူတွေတောင် သတိတရ မေးနေတာ...။
စိုးစိုးလို အမြဲတတွဲတွဲ သွားလာနေသူက ပိုဆိုးတာပေါ့လေ...။
ဒါပေမဲ့ အသက်အရွယ်အရ ခံစားချက်ကို ဖော်ပြလို့ရတဲ့ အရွယ် မဟုတ်တော့ပြီ...။
စိုးစိုး အခန်းထဲရောက်တော့ ဖုန်းကို ယူကြည့်မိပြန်သည်။
နေနိုင်လိုက်တဲ့ ကောင်လေး...။
ရန်ကုန် ရောက်တဲ့နေ့က အဆင်ပြေတဲ့ အကြောင်း လိုအပ်ရင် ဖုန်းဆက်မယ်ဆိုတဲ့ အကြောင်းတွေ ပြောသေးသည်..။
သူ အဆင်ပြေနေလို့ နေမှာပေါ့လေ..။
မာချယ်သာ မတားခဲ့ရင် စိုးစိုး ကိုယ်တိုင် မဖြစ်မနေ လိုက်ပို့ပေးမလို့ပါ..။
စိုးစိုးသူ့အရွယ်တုန်းက ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ရနေပြီလေ...။
သူ့ကို လိုက်ချုပ်ချယ်လို့လည်း မကောင်းတော့ပါဘူး..။
ယောက်ျား လေး တစ်ယောက်ကို အဲလောက်ထိ လိုက်ပံပိုးပေးစရာ မလိုဘူးဆိုတာတော့ စိုးစိုး လည်း လက်ခံလိုက်ရသည်..။
မြို့ကြီးပြကြီးမှာ မျက်နှာငယ်ရမှာ တွေးပြီး စိတ်ပူရပေမဲ့ သူလည်း လူငယ်တစ်ယောက်ဖြစ်နေပါပြီလေ.။
စိုးစိုး ကိုယ့်စိတ်ကို ကိုယ် ဖြေသိမ့်လိုက်ပြီး စာရင်းတွေကို ပြန်စစ်ကြည့်နေမိသည်..။
အခန်းထဲရောက်လာရင် အလိုလို သတိရလာသည်...။
မာချယ်တို့ သတိပေးတဲ့ သံယောဇဉ်နဲ့ တူပါရဲ့..။
ခုတင်ပေါ်မှာ ဂိမ်းဆော့နေတာ တမျိုး..။
မနက် အလုပ်သွားခါနီး ပြေးလိုက်လို့ တမျိုး..။
ကားထဲမှာ အမျိုးမျိုးသော သီချင်းတွေ ဖွင့်၍ တမျိုး.။
မသွားခင်ရက်ပိုင်းလေးကမှ အိပ်မက်ထဲ အထိ တမျိုး..။
သံယောဇဉ်တွေကို ဖန်တီးသွားလေရဲ့..။
စိုးစိုး သက်ပြင်း တစ်ချက် ချလိုက်သည်..။
သူလည်း အဆင်ပြေမယ် ထင်ပါရဲ့..။
.
"ဟာ....မင်း ဘာတွေလိမ်းနေတာလဲ..."
"စကွင်ကဲနေတာ..."
"ဟာကွာ...ယောက်ျားလေး ဖြစ်ပြီး...."
"ဘာဖြစ်လဲ...ငါ့မျက်နှာကို ငါ ဂရုစိုက်တာ မင်းနဲ့ ဘာဆိုင်လဲ..."
"ဟဲ..ဟဲ...မဆိုင်ပါဘူး....မင်း ခြောက်သွားမှာ စိုးလို့ပါ.."
"ငါ မခြောက်ဘူး....မွေးကတည်းက တစ်ခါမှ မခြောက်ဘူး..."
"ဟား..ဟား...စိုးရိမ်တာပေါ့ကွ...အစားအသောက်ကျတော့ ကပ်စေးနှဲ ချွေတာ...အသွားအလာကျတော့လည်း လမ်းများများလျှောက် ...မျက်ခွက်ကျတော့ အသေအကြေ ဂရုစိုက်နေတာ...ဟင်း...ဟင်း..."
"သောက်ပိုမပြောနဲ့...မင်း လည်း ကပ်ချင်ရင် တစ်ခုယူသွား..."
"နေပါ...နေပါ..."
အောင်ကျော်ဦး ထွက်သွားတော့မှ မျက်နှာကို လက်နဲ့ ဖိနှိပ်နေမိသည်။
ဝက်ခြံကြောင့် လက်ကျန်ရှိနေတဲ့ အမဲစက်တွေ တော်တော်တော့ ပါးကုန်ပါပြီ...။
နေရှင်းသန့် မျက်နှာကို တစ်ပတ် တစ်ကြိမ် မက်ကပ်ပေးရသည်။
ဝက်ခြံတွေ အများကြီး ဖြစ်ထားခဲ့ဖူးပြီး နေ့တိုင်း အဆူခံထားရတဲ့ အကျိုးဆက်တွေကြောင့် အလိုလို နေရင်း မျက်နှာကို ပို၍ သတိထားမိနေသည်။
အပြင်ထွက်ရင်လည်း နေလောင်ခံ ခရင်မ်တွေ လိမ်းရသည်။
အခန်းကို ရောက်စမှာ အခန်းဖော် အကုန်လုံးက ပေပေ တေတေ နေကြသည်...။
ထမင်းစားခန်းကိုလည်း စားပွဲသာ ထားသည်..။
တစ်ခါမှ မီးဖိုခန်းမှာ မစားကြ...။
အခန်းထဲမှာ စားလိုက် ပလတ်စတစ် အိတ်နဲ့စားလိုက်ဖြင့် ပရပွ ဖြစ်နေသည်..။
သူတို့လို နေလိုက်ရင် သက်သာမှာသိပေမဲ့ နေရှင်းသန့်က အကျင့်ပါနေပြီ..။
အဘွားကြီးတွေနဲ့ အတူတူ နေခဲ့ရတာမို့ ပြောမဲ့သူ မရှိသော်လည်း လက်က အလိုလို လုပ်ဖြစ်နေပြီ..။
ထမင်းစားခါနီးကျရင် ထမင်းစားခန်းကို ဝင်တဲ့အခါ အားလုံးက အထူးအဆန်း သတ္တဝါလို ကြည့်ကြသည်..။
ရွာက တက်လာပြီး ကြီးကျယ်တယ်လို့လည်း စွပ်စွဲသေးသည်.။
မတက်နိုင်ပါ...။
ထမင်းထုတ်တွေကို ပန်းကန်ထဲ သေချာ ထည့်ပြီး ဇွန်း ခက်ရင်းနဲ့စားမှ အဆင်ပြေတော့သည်..။
သူတို့အခန်းထဲ ဝင်သွားရင် အဝတ်တွေ ဟိုတစ်ပုံ ဒီတစ်ပုံ အပြင် အိတ်ထုတ်တွေကလည်း ရှုပ်ပွနေသည်.။
ကိုယ့်အခန်းထဲမှာ တော့ ရောက်စကတည်းက ကြိုးတန်းနဲ့ အဝတ်ချိတ်ကို အရင်လုပ်ဖြစ်သည်.။
ချွတ်သမျှ အဝတ်တွေကို ချိတ်ထား လှန်းထားပြီး နှစ်ရက်တစ်ခါ အဝတ်လျှော်တာလည်း မလုပ်ချင်ပဲ လုပ်ဖြစ်နေတဲ့ အလုပ်တစ်ခုပါ..။
မီးပူ ထိုး နေပြန်တော့ အကုန်လုံးအတွက် ဟာသ တစ်ပုဒ် ဖြစ်ပြန်သည်..။
နေရှင်းသန့် အလှောင်ခံနေရပေမဲ့ စိတ်မဆိုးမိပါဘူး.။
အဘွားကြီးကိုသာ သတိတရဖြင့် စိတ်တို မိသည်..။
ယောက်ျားလို ပေပေတေတေ နေတိုင်း ရန်ကုန် ရောက်ရင် ဘယ်လို ဆိုပြီး ပုံသွင်းခဲ့တာလေ..။
ခုတော့ ဘာထူးသေးလဲ..။
မျက်နှာပေါ်က မက်ကို လက်နဲ့ လိုက်ဖိပြီး ဖုန်းကို ကောက်ယူကာ ဂိမ်းထဲ ဝင်လိုက်သည်..။
ညဆယ်နာရီ ဖြစ်နေတော့ ဒေါ်ပွစိ အိပ်နေပြီလား တွေးမိသည်..။
ဒီကို ရောက်နေတာ တစ်လ ပြည့်တော့မည်..။
နေရှင်းသန့် ဖုန်းဆက်သင့်တာ သိပေမဲ့ မဆက်မိပါ..။
တစ်ခါတလေ အရမ်း သတိရသလို တစ်ခါတလေကျတော့ ဖြစ်နေသမျှ ပြောပြချင်တဲ့ စိတ်တွေကို မြိုသိပ် ထိန်းချုပ်ထားရသည်..။
ဖုန်းဆက် ဖို့လည်း အစီအစဉ် မရှိပါ...။
ဖြစ်သမျှ တင်ပြနေရအောင် ပီပီ က ကိုယ့်အမေ အစ်မ လည်း မဟုတ်ပါဘူး..။
နေရှင်းသန့် အံကြိတ်ပြီး ဂိမ်းကိုသာ ဖိဆော့နေလိုက်သည်..။
ဂိမ်း သုံးပွဲ ဆက်တိုက် နိုင်တော့မှ အိပ်ရာပေါ် ပစ်လှဲချလိုက်ကာ မျက်လုံးတွေ မှိတ်ထားသည်...။
ဒါပေမဲ့..အဘွားကြီးကိုပဲ ကိုယ့်အိပ်မက်တွေမှာ မပါမဖြစ်ဆိုတာတော့...။
.
"ဒါ....ပန်းဈေးကွက်ကို ချုပ်ထားတဲ့ မိန်းကလေးလို့ ပြောလည်း မမှားပါဘူး.."
"မဟုတ်တာ...ကြွပါရှင့်..."
"..........."
စိုးစိုး တို့ရဲ့ ပန်းစိုက်ခင်း ကို စိတ်ဝင်စားလို့ လာလေ့လာတဲ့ နိုင်ငံခြား ဧည့်သည်နဲ့ စကားပြန် တစ်ယောက်ကို ခေါ်ခဲ့သည်..။
ပန်းခင်း ဘေးမှာ စိုးစိုး ဆောက်ထားတာ မကြာသေးတဲ့ တစ်ထပ်အိမ်သေးသေးလေး ဆီကို ရောက်လာခဲ့သည်..။
အိမ်ပြင် ဝရန်တာလေးမှာခုံတွေချထားလို့ ဧည့်သည်တွေကို ဧည့်ခံဖို့ အဆင်ပြေပါသည်..။
ပန်း အကြောင်းတွေကို စိုးစိုး သိသမျှ ပြောပြရသည်..။
သူတို့ကလည်း နိုင်ငံခြား ပန်းမျိုးစိတ်တွေ စမ်းသပ်စိုက်ပျိုးဖို့ အကြံပေးကြသည်..။
စိုးစိုး ဆီမှာ ရှိတဲ့ အသီးအနှံတွေနဲ့ ကော်ဖီ၊ မုန့်တို့ ဖြင့် ဧည့်ခံလိုက်သည်..။
"အစ်မ.....ဒီက ဧည့်သည်တွေက ဓာတ်ပုံတူတူ ရိုက်ချင်လို့တဲ..."
"ဟုတ်ကဲ့...ရပါတယ်..."
ပန်းခင်းကြီးကို နောက်ခံထားပြီး ဓာတ်ပုံ ရိုက်ဖို့တန်းစီလိုက်သည်..။
စိုးစိုး လုံးဝ မထင်ထားချိန် ဘေးက နိုင်ငံခြားသူ တစ်ယောက်က ခါးကို ဖက်လိုက်တော့...။
"အို..."
"ဆောရီး...ဆောရီး...ပါ..."
"အစ်...အိုကေ...အိုကေ..."
"အစ်မ က ယောင်တက်တယ် ထင်တယ်..."
"ဟုတ်...ဟုတ်ကဲ့...တောင်းပန်ပါတယ်ရှင်..."
စိုးစိုး လက်မှာ အားဘယ်လောက် ပါသွားလဲ ကိုယ်တိုင်သိနေတာမို့ အရမ်းအားနာမိသည်..။
သူတို့ကတော့ ယောင်တက်တယ် ထင်ပြီး ရပါတယ်သာ ပြောနေသည်..။
ဒုတိယအကြိမ် ဓာတ်ပုံရိုက်တော့ စိုးစိုးကို လက်မြှောက်ပြပြီး စနေကြသေးသည်..။
အနားမှာ ကပ်ရပ်နေတဲ့ စကားပြန် ကြောင့် ခါးက နည်းနည်းပိုကိုင်းသွားသည်..။
အို....ဓာတ်ပုံ မလှတာထက် နီးကပ်သည့် အနေအထားကို စိုးစိုး စိတ်ကြည်းကြပ်လှပါပြီ ..။
အားလုံး နှုတ်ဆက်ပြီး ပြန်သွားတော့မှ စိုးစိုး တစ်ယောက်တည်း ဝရန်တာလေး မှာ ထိုင်နေမိသည်..။
ပျောက်သွားပြီ ထင်ခဲ့ပေမဲ့ မပျောက်သေးပါလား..။
စိုးစိုး သက်ပြင်းချရင်း အာရုံတွေ ထွေပြားလာသည်..။
မျက်နှာပူ အားနာ စရာ အခြေအနေမျိုး ထပ်ဖြစ်မှာ တွေးကြောက်ရပါသည်..။
.
"ဒါဆို...ကွန်ပျူတာ လိုတာပေါ့နော်..."
"အင်းပေါ့..."
"ကျွန်မ က လည်း အဲဒီ့ကိစ္စတွေ တကယ်မသိဘူး...စိတ်မဝင်စားတာလည်း ပါတာပေါ့....ဘယ်လို ပုံစံ ဝယ်ပေးရင် ကောင်းမလဲဟင်.."
"လူငယ်တွေ သုံးတာမျိုးဆို အဆင်ပြေပါတယ်..."
"ဟုတ်လား...ကျွန်မ လိုချင်တယ်...ကိုကောင်းစံ..."
"အင်း...အမှန်အတိုင်း ပြောရရင်တော့ကျွန်တော့်ဆီမှာ ချက်ချင်း မရှိဘူး.....ကျွန်တော့်ညီဆီ ကနေ တစ်ဆင့်ယူရောင်းနေတာလေ..."
"ဒါဆိုလည်း မှာပေးပါလား..ကျွန်မ ရန်ကုန်လည်း သွားဖြစ်ဦးမှာမဟုတ်ဘူး...ကိုကောင်းစံ ညီ ဆီက ဆိုတော့ နိုင်ငံခြား ပစ္စည်းစစ်မှာပေါ့..မှာပေးပါလား.."
"မှာပေးမှာပါ....အဲ...ဈေးတော့ ကျွန်တေ်ာ မသိသေးဘူးနော်...အပြောင်းအလဲ ရှိလိမ့်မယ်..."
"ဟုတ်ကဲ့...ရပါတယ်...ရရင် ဆက်သွယ်လိုက်ပါနော်..."
"ဟုတ်ကဲ့.."
စိုးစိုး ဖုန်းထဲ ရေဝင်သွားလို့ ဖုန်းဆိုင်မှာ သွားပြင်ရင်း စကားတွေ ပြောဖြစ်သည်..။
ကိုကောင်းစံရဲ့ တူလေး တစ်ယောက်ကလည်း ကျောင်းတက်နေတာဆိုတော့ ကွန်ပျူတာ လိုအပ်သည်တဲ့လေ..။
နေရှင်းသန့်ကတော့ ဘာလိုတယ် လို့ ဘယ်မှာ ပြောထွက်ပါ့မလဲ..။
သေချာမလေ့လာမိတဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရင်း ကွန်ပျူတာ တစ်လုံးလောက် ဝယ်ပေးဖို့ တွေးမိသည်..။
ရပ်ဝေးတစ်နေရာမှာ စိုးစိုးတုန်းကလို မျိုး အနိုမ်ခံနေရမှာ စိုးရိမ်ပါသည်..။
ယောက်ျားလေး မို့ ဂရုစိုက်စရာ မလိုဘူးဆိုတာ သိပေမဲ့ ...။
အစစ အရာရာ ပြည့်စုံအောင် ထားပေးချင်တဲ့ စေတနာကတော့ အပြည့်ရှိပါသည်..။
ဘာကြောင့်ရယ်လို့ ခေါင်းစဉ်တပ်ရခက်နေခြင်းကိုတော့ ဝေခွဲရခက်သည်..။
ကိုယ့်မောင် ကိုယ့်တူ ကိုယ့်သား ကိုယ့်လို မဖြစ်ရလေအောင်ပေါ့လေ..။
ကိုယ့်စိတ်ကို ကိုယ်လိမ်ညာနေမှန်း သိလေတော့ ရှက်မိပြန်သည်..။
တကယ်ဆို စေတနာ သန့်သန့်လေးနဲ့ပဲ ကူညီချင်ခဲ့တာပါ..။
အနားမှာ ရှိနေချိန်တုန်းက ကလေး တစ်ယောက်လို သင်ပြ ဆူပြောခဲ့ပေမဲ့ ဝေးသွားချိန် မှာ သတိရနေတဲ့ ပုံစံမှာ အလွမ်းလို့ ခေါင်းစဉ်တပ်ရလုလုပါပဲ..။
စိုးစိုး သက်ပြင်းချရင်း သီချင်းဖွင့်လိုက်သည်...။
နားမလည် တဲ့ သီချင်းသံကို ကြားယောင်မိတော့ ပြုံး၍ သီချင်းကို ပြန်ပိတ်လိုက်မိသည်..။
မင်း အဆင်ပြေရဲ့လား..နေရှင်းသန့်...။
အဆင်ပြေရင်တော့ ဖုန်းလေး တစ်ချက်ဖြစ်ဖြစ် ဆက်ဖို့ကောင်းတယ်ကွယ်..။
တစ်လကျော် နှစ်လ ဖုန်းတကြိမ်တာင် မဆက်ခဲ့တာ မင်းလွန်တယ် မထင်ဘူးလား..။
ဒါဖြင့် စိုးစိုးကတော့ ဘာလို့ ဖုန်းမဆက်မိတာလဲ..။
ကိုယ့်ကိုယ်ကို မေးခွန်း ပြန်ထုတ်မိလေတော့အဖြေလွယ်လွယ်မတွေ့ပါ...။
အို...သူ အဆင်မပြေရင် ဆက်မယ်လို့ ပြောထားလို့လေ..။
စိုးစိုး ဖုန်းဆက်လိုက်လို့ သူ အနှောင့်အယှက် ဖြစ်သွားမှာ စိုးလို့ပါ...။
သူဇာ့နဲ့ ကိုခိုင့်ကို တွေ့လိုက်ပေမဲ့ စိုးစိုး အတွေးတွေကတော့ ရန်ကုန်မြို့ဆီ ခရီးနှင်နေသည်..။
ဘဝဆိုတာကလည်း နားလည်ရခက်လိုက်တာ..။
စိုးစိုး ရဲ့စိတ်ကတော့ ပိုလို့တောင် နားလည်ရခက်သေးရဲ့..။
3101-1124
.
"နေရီးရေ..."
"ဟမ်..."
"လာဦး...မင်းအတွက် ပစ္စည်းလာပို့တယ်..."
"........."
ခေါင်းကုတ်ရင်း ထွက်လာပေမဲ့ ဘယ်သူက ဘာပို့တာလဲ မတွေးမိသေး..။
တံခါး၀ မှာ ရပ်နေတဲ့သူကိုတွေ့တော့မှ နေရှင်းသန့် ရယ်လိုက်သည်..။
"ကိုလှအုံး...နင် ဘယ်လာတာလဲ.."
"နင့်ဆီပေါ့ဟ...ဒီမှာ အစ်မ ပို့ခိုင်းလို့ ဝင်ပို့တာ..."
"ဟင်....ပီပီကော ပါလား..."
နေရှင်းသန့် အနောက်ကို လိုက်ရှာကြည့်တော့ ကိုလှအုံးက ပခုံးရိုက်သည်..။
"ခုချိန် ပန်းသိမ်းနေတာလေ..."
"အေးပါ ...ငါသိတယ်လေ....ရန်ကုန်ကို ဆင်းလာတာ ဘာလို့လဲလို့.."
နေရှင်းသန့် ရှက်သလိုခံစားရပြီး မေးခွန်း ပြောင်းလိုက်တော့ လက်ထဲက ပစ္စည်းကို လှမ်းပေးရင်း..။
"သြော်...နင့်ဆီလာတာပါဆို..."
"ဒါဆို...ဒါပို့ဖို့ လာတာလား.."
"အေး.."
"အိုး...ဘာမို့လို့လဲ..."
"မသိဘူး...ငါ့ကိုတော့ သေချာ ပို့ပေးလို့ မှာလိုက်တယ်....ငါပြန်မယ်...ကားပြန်တက်ရမယ်..."
"...အေး....ဟ...နေဦး..ထမင်းစားပြီးပြီလား.."
"အေး...ပြီးပြီ...နင် ပိုချောလာတယ်..."
နေရှင်းသန့် သွားကြဲ ရယ်ပြလိုက်ကာ လှေကားက ပြေးဆင်းသွားတဲ့ ကိုလှအုံးကို ရပ် ကြည့်နေမိသည်..။
မျက်စိရှေ့က ပျောက်သွားတော့ မှ တံခါး ပိတ်လိုက်တော့ အနားကို ရောက်လာတဲ့ မျက်လုံးတွေက အရင်.။
နေရှင်းသန့်လည်း သိချင်တာကြောင့် အိတ်ထဲက ဘူးကို ဆွဲထုတ်လိုက်သည်..။
လုပ်ပြန်ပါပြီ..ဒေါ်ပွစိ...။
စက္ကူဘူးကို တိတ်တွေနဲ့ အထပ်ထပ် ပတ်ပေးထားတော့ သက်ပြင်းချရင်း ကတ်ကြေး ထယူရပြန်သည်..။
တိတ်တွေကို ခွာပြီး လုံးထွေး ချလိုက်တာ လက်တစ်ခုပ်တောင် များသည်လေ..။
"ဘာမို့လို့လဲ..."
"မသိဘူးလေ..."
"........"
နေရှင်းသန့်ထက် အနားက ကောင်တွေက ပိုပြီး စိတ်ဝင်တစား ငုံ့ကြည့်နေကြသည်..။
စက္ကူဘူးကို ဖွင့်လိုက်တော့အထဲ မှာ တံဆိပ်ကို မြင်တာနဲ့ရင်ခုန်သွားသည်..။
"ဟာ....အိုင်ကြီး...အိုင်ကြီး..."
"ခြေဆေး...ခြေဆေး..."
"မင့်ကြီးတော်....နေပါဦး...."
"ဟမ်..."
"ဟာကွာ....Macbook..."
"ဝိုး..."
"ဟား..ဟား...နေကြီး..မင်းကွာ...မိုက်လိုက်တာ...ဒီလောက် ကောင်းစားနေတာ ငါတို့လည်း မသိရပါလား..မင်းကို မွေးစားလိုက်ကြတာလား..."
နေရှင်းသန့် ဘာမှ မပြောသေးပဲ မဝံ့မရဲဖြင့် ထုတ်ကာ ဖွဖွလေး ကိုင်ထားရသည်..။
နေါက် ဆုံးပေါ် နားကြပ် တစ်ခုလည်း ပါလာတော့ စိတ်ထဲမှာ အတော်လေး ပျော်နေသည်..။
ချစ်စရာ ကောင်းလိုက်တဲ့ ပီပီ...။
"နေရှင်းသန့်... ကျောင်းတက်တာ ကွန်ပျူတာ လိုတယ်လို့ ဘာလို့ မပြောတာလဲ...သူများပြောမှ သိရတယ်...ငါ နားမလည်လို့ ကိုကောင်းရဲ့ညီဆီကနေ မှာလိုက်တာ....ဈေးကြီးတယ်...ရိုရိုသေသေကိုင်....စာလည်း ကြိုးစား...ဂိမ်းချည်းပဲ ဆော့မနေနဲ့ဦးနော်..."
"မင်း...ဘွားတော်ကြီးလား..."
နေရှင်းသန့် လက်ထဲက စာကို ဆွဲလုပြီး ဖတ်တော့ ခေါင်းညိတ်လိုက်ပြီး လက်နဲ့ ဖွဖွ တို့ထိရင်း နှုတ်ခမ်းကိုက်ထားလိုက်သည်..။
လိုချင်တာတော့ လိုချင်တာပေါ့..။
ဒါပေမဲ့ မပြောရဲ့ပါဘူး..။
ကွန်ပျူတာ လိုအပ်ပေမဲ့လည်း မဝယ်နိုင်သေးဘူး..။
ဖြစ်နိုင်ရင် သူ့ဆီက အထောက်အပံ့ ဘာမှ မယူချင်လို့ ဖုန်းတောင်မဆက်ဖြစ်ခဲ့ဘူးလေ..။
ကိုယ့်အားကိုယ်ကိုးနိုင်အောင် အချိန်ပိုင်း သင်တန်းနည်းပြ အလုပ်တစ်ခုလည်း ထပ် လုပ်နေသည်..။
အခန်းခ ကတော့ ဒေါ်ပွစိ ငွေကြိုချေထားလို့ ထားလိုက်ရသည်..။
စားဖို့သောက်ဖို့နဲ့ လိုအပ်တာတော့ ကိုယ့်ဟာကိုပဲ ရှာချင်သည်..။
ဟူး...တော်တော်သိတက်လိုက်တဲ့ ဒေါ်ပွစိလေး..။
နေရှင်းသန့် ပြုံးရင်း စာအုပ်ထုတ်ကာ ဖတ့်ကြည့်ဖို့ ကြိုးစားသည်..။
"အယ်..."
"မဟုတ်သေးဘူး...."
"......"
"............"
"အေး...နေရီးရေ...."
"မင်း...အဘွားတော့ ဂျင်းမိပြီ ထင်တယ်နော်..."
"china ကြီးလား..."
"ဟာကွာ..."
နေရှင်းသန့် အချက်အလက်တွေထဲ ဝင်စစ်လိုက်တာနဲ့အတုကြီးမှန်းသိတော့ သူငယ်ချင်းတွေရှေ့မှာ ရှက်စိတ်နဲ့ ဒေါသ ပြိုင်တူ ဖြစ်သွားသည်..။
မျက်နှာပျက်နေသည့် နေရှင်းသန့်ကို ပခုံးပုတ်ပေးရင်း..။
"စိတ်လျော့ပါကွာ...မှင်နဲ့ ကိုင်လို့ ရပါတယ်.."
"ဟဲ..ဟဲ...ဘယ်သူသိတာ မှတ်လို့..."
"မဟုတ်ဘူး..ဒ့ါ တကယ်အလိမ်ခံရတာ...ပီပီ ကတော့ လုပ်ချလိုက်ပြန်ပြီ.."
ပစ္စည်း အတုကို စိတ်မဝင်စားတော့ပဲ အခန်းထဲကို ရောက်လာကာ ဖုန်းကို ကောက်ယူလိုက်သည်..။
ဖုန်းနံပါတ်တွေကို နှိပ်ပြီး ခေါ်နေတာ တော်တော်ကြာတဲ့အထိမကိုင်..။
"ဟလို..."
"ပီပီ.."
"သြော်...ပစ္စည်းရောက်ပြီနဲ့တူတယ်...."
"အေး....ဘယ်လောက်ပေးရလဲ..."
"ဈေးသိတော့ ဘာလုပ်ဖို့လဲ....သေချာသုံးနော်..."
"ဘယ်လောက်တောင် ပေးလိုက်ရလဲ ပြောစမ်းပါ..."
"အိုး...."
နေရှင်းသန့် လေသံ မာသွားတာ သိပေမဲ့ ပြန်လျော့ဖို့လည်း အစီအစဉ် မရှိပါ...။
မတက်ရင်လည်း မေးလေ...။
မမေးမစမ်းပဲ ဆရာလုပ်ပြီး ဝယ်တာ ခုတော့ ထိကုန်ပြီ..။
နည်းနည်းပါးပါးတော့ ဟုတ်မယ် မထင်...။
"ဆယ်သုံးကျော်ကျော်ပဲ..ကဲပြော...နင်....ဘာလုပ်မလို့လဲ..."
"ဟူး...သေပြီ..."
"ဟမ်.."
"အတုကြီး...အတုကြီးကို ပီပီကို ထည့်လိုက်ပြီ...အဲဒါသိလား.."
"ဟယ်...မဟုတ်ပါဘူးနော်...သူ့ညီဆီကနေ မှာပေးထားရတာပါ...ဆယ်ရက်လောက်တောင် ကြာတယ်....အိုး.နေစမ်းပါဦး....နင် က အတု အစစ် ခွဲတက်မလား...သိတဲ့သူကို သွားပြကြည့်ဦး..."
"ပြမနေတော့ဘူး...တစ်ခါတည်း ရိုက်ခွဲလိုက်ပြီ..."
"ဟယ်..."
နေရှင်းသန့် စိတ်တိုတို နဲ့ ပြောချပစ်လိုက်ပြီးမှ စိတ်မကောင်းဖြစ်သွားမှာ သိလို့ သက်ပြင်း တစ်ချက် ချလိုက်သည်..။
"အဲဒါတွေ ဒီမှာ သုံးလေးသောင်းဆို ရတယ်...ပီပီရဲ့...အို...အဲဒီ့ ခွေးကောင် ဖုန်းနံပါတ် ငါ့ကို ပေးစမ်းပါ..."
"အို...ဘာလုပ်မလို့လဲ..."
"ငါ နဲ့ ပြောမလို့ပေါ့...ဆယ်သိန်းတောင် နည်းသလား.."
"ဟင်း...ငါ ပြောပါ့မယ်....နင့်ဟာနင် စာကိုပဲ အာရုံ စိုက်စမ်းပါ...အခု အဲဒါ သုံးမရဘူးလား..."
".........."
"အဲဒါဆိုလည်း ရန်ကုန်မှာဝယ်လိုက်လေ...ငါပိုက်ဆံပို့ပေးမယ်..."
"မလိုဘူး...ကျစ်...ဖုန်းနံပါတ် ပေးစမ်းပါဆို..."
"အိုး...စိတ်လျော့ပါ ဆရာကြီးရယ်....ဘယ်လို ဖြစ်နေတာလဲ....ပြဿနာအားလုံး က စကြာဝဋ္ဌာရဲ့ အမှုန့်အမွှားတွေပါနော်..."
နေရှင်းသန့် စိတ်တိုနေတဲ့ကြားက ပြုံးမိသွားသည်..။
ပိုက်ဆံတွေ ကို သမျောပေမဲ့ ပီပီ နဲ့ စကားမပြောရတာ ဘယ်လောက်တောင် ကြာပြီလဲ..။
ဘာမှ မတွေးမိခင် ဖုန်းဆက်သွယ်မိသွားတာမို့ စကားတွေဆက်ပြောချင်သေးသည်..။
"အဲဒီ့ ပိုက်ဆံ...ငါသုံးတာ မဟုတ်ဘူးနော်..."
"ဘယ်သူ က ဘာပြောနေလို့လဲ..ကွန်ပျူတာ တစ်လုံး ဝယ်လိုက်နော်....သြော်..နေရစားရတာ အဆင်ပြေရဲ့လား...နင် ကလည်း ဖုန်းလေး ဘာလေး မဆက်ဘူး...ဘဏ်ထဲမှာတော့ ငွေလွဲပေးထားတယ်..လိုရင် ထုတ်သုံးမယ်ဆို...ထုတ်ကော ထုတ်ဖြစ်ရဲ့လား.."
"မထုတ်ဖြစ်ဘူး..ငါ အခု အလုပ်လုပ်နေတယ်..."
"ဟင်....ကျောင်းမတက်ဘူးလား .."
"ကျောင်းချိန် မဟုတ်ပါဘူး...အချိန်ပိုင်းပေါ့.."
"ဘာလို့ လုပ်တာလဲ...စာကိုပဲ ဦးစားထားသင်လေ...ကျောင်းတက်ချင်လို့ပါဆိုပြီး အော်ဟစ်ငိုနေတာ ဘယ်သူလဲ..."
"......."
နေရှင်းသန့် နှာခေါင်းရှုံ့မိပြီး ခေါင်းက ဆံပင်တွေကို ဖွပစ်လိုက်ကာ ပြုံးမိသည်.။
ငယ်ငယ်ကတော့ ငိုတာပေါ့...ဒါပေမဲ့ အခုတော့ မငိုတော့ပါဘူး..။
"အခန်းကော အဆင်ပြေရဲ့လား....ပိုက်ဆံအတွက်ဆိုရင်တော့ မလုပ်ပါနဲ့...ဘဏ်ထဲမှာ ပိုက်ဆံတွေ များနေလိမ့်မယ်...ထုတ်ပြီး သုံးလေ...ဖြုန်းတော့ မဖြုန်းနဲ့ပေါ့....အပါးတို့ကိုလည်း ငါ ပြောထားတယ်လေ... ကျောင်းစရိတ်ကိုတော့ ငါ တာဝန်ယူပါတယ်..."
"အင်းပါ.."
"ဘယ်လိုလဲ သူငယ်ချင်းတွေရနေပြီလား....နေနိုင်လိုက်တာ...ဖုန်းလေး တစ်ချက် ဆက်ဖော်တောင်မရဘူးနော်.."
"အိုး...ပီပီကျတော့ ဆက်လို့.."
"သြော်...ငါ က လူကြီးလေ...နင် က ကလေးပဲ...ကလေးက အရင်ဆက်သင့်တာမဟုတ်ဘူးလား.."
"မဟုတ်ပါဘူးနော်...လူကြီးက အရင်ဆက်သင့်တယ်....ငါ အရင်ဆက်ရင် ဖုန်းဘေလ်တွေ ကုန်လို့...မဆက်တာ..."
"သြော်း....ပြောပါတော့လား...အစ်ကိုရယ်....ဖုန်းဘေကုန်လို့ ဖုန်းမဆက်ဘူးတဲ့ အံသြလိုက်တာ..."
"နောက်နေ့ ဆို..ပီပီ ပဲ တစ်ပတ် တစ်ခါဆက်နော်..."
"အေးပါ...အေးပါ...."
နေရှင်းသန့် ဖုန်းဆက်ဖို့ တွေးမိပေမဲ့ ကြားခဲ့တဲ့ စကားလုံးတွေ ခေါင်းထဲရောက်လာတိုင်း မေးထူးခေါ်ပြောတောင် မလုပ်ချင်တော့လို့ပါ..။
အရာအားလုံး ပြောင်းလဲပြီးမှ ပီပီ နဲ့ အဆက်အသွယ်လုပ်မယ်လို့ စိတ်ကူးယဉ်ထားပေမဲ့ မနေနိုင်တော့ဘူးလေ..။
အခန်းထဲက ပိုစတာကို ကြည့်ပြီး မှ ပြောစရာတွေ များလွန်းလို့ စုထားရတာကို သတိရတော့သည်..။
"ပီပီ...ငါ ကျောင်းမှာ ကင်းရတယ်..."
"ဟုတ်လား...ဖဲတောင် ရိုက်တက်နေပြီပေါ့..."
ရယ်သံစွပ်ပြီး ပြောလိုက်တာကြောင့် နေရှင်းသန့် မျက်နှာကြီး ရှုံ့မဲ့သွားသည်..။
ဒီအဘွားကြီးကတော့ မဟုတ်တော့ဘူး..။
ဖုန်းဆက်တာကို စကားကောင်းကောင်း နားမထောင်ချင်ဘူးနဲ့ တူတယ်.။
"အလကားစတာပါ...ဘယ်ဆိုးလို့လဲ....ငါ့တုန်းက ကင်းတွေ ကွင်းတွေ ဘာမှန်းတောင် မသိခဲ့ပါဘူး....ကျောင်းသားဘဝခဏလေးရယ်..ပျော်ပျော်နေ....အဲ..စာလည်း ကြိုးစားပေါ့..."
"အင်း...ငါလည်း သိပ်မသိပါဘူး...ငါ့သူငယ်ချင်းတွေ ဝင်ရွေးခိုင်းတာနဲ့ ပါသွားတာပဲ...နောက်တစ်ခါကျရင် ဓာတ်ပုံ ပို့ပေးလိုက်မယ် သိလား..."
"အင်း...အင်း...ကျာင်းမှာ အဆင်ပြေတယ်မလား....နှိမ်ကြသေးလား.."
နေရှင်းသန့် ရယ်မိသည်..။
ယောက်ျားလေး တစ်ယောက် အနှိမ်ခံရမှာ အမြဲ စိတ်ပူနေတဲ့ အဘွားကြီးကိုတကယ်နားမလည်တော့ပါ..။
"မနှိမ်ပါဘူး...အားလုံး သူငယ်ချင်းတွေချည်းပါပဲ...ပျော်ဖို့ကောင်းတယ်..."
"ကောင်းတယ်...ကောင်းတယ်...အိုး....ဂိမ်းတွေ ဆော့နေသေးလား.."
"နည်းနည်းပေါ့..."
နေရှင်းသန့် အသံပြောင်းပြီး ပြောလိုက်တော့ တစ်ဖက်က ရယ်သံ ကြားရသည်..။
"နင့် နည်းနည်းပေါ့ ကို ငါကောင်းကောင်းသိတယ်...စကြာဝဋ္ဌာရဲ့ အမှုန့်အမွှားလောက် နေမှာပါ..."
"အဟား....မဟုတ်ပါဘူး...ပီပီရာ...ငါ အလုပ်နဲ့ ကျောင်းပြေးလွှားနေရတာ..ဒီနေ့တောင် ကျောင်းမရှိလို့ အေးဆေး နေနိုင်တာ...ဒါတောင် နေ့ခင်းကနေ ည အထိ သင်တန်း နဲ့ အလုပ် သွားရသေးတယ်.."
"သြော်..မအားဘူးပေါ့....ဒါဆို...ဒါပဲလေ..."
"ခုတော့ အားပါတယ်...ပီပီ ဘယ်မှာလဲ...ခြံမှာလား..."
"အင်း..."
"အဲဒါဆို...ဒါပဲနော်..."
".........."
"သြော်း...ပီပီး..."
"ဟမ်..."
"စနေနေ့ ည ငါအားတယ်သလား...နင် ဖုန်းဆက်ပါလား..."
"အင်း...ဆက်ပါ့မယ်...ကပ်စေးနှဲလေးရယ်..."
"တာ့တာ့..."
နေရှင်းသန့် ဖုန်းချပြီး အခန်းပြင် ထွက်လာတော့ သုံးယောက်စလုံးက မျက်မှောင်ကြုတ်ကာ ကြည့်နေသည်..။
"ဘာလဲ..."
"ဝင်သွားတုန်းက လူသတ်တော့မလိုလိုနဲ့...ပြန်ထွက်လာတော့ ပြုံးဖြီးနေတာပဲနော်...ငါတို့ ထိုင်စောင့်နေတာ တော်တော်ကြာပြီ..."
"အိုး...ဆောရီးပါကွာ...ဘွားတော်နဲ့ မပြောရတာ ကြာပြီ..."
"ကဲ...ဒါက ဘာလုပ်မှာလဲ..."
"ဘာလုပ်ရမလဲ....ယူသွားမှာပေါ့..."
"ဟာကွာ...ရှက်စရာကြီး..."
"ဘာရှက်စရာ ရှိလဲ...အတုဆိုတာ ငါသိသားပဲ....အစစ်လို့ လူတွေထင်ပါစေ ဆိုပြီး ကိုင်သွားတာမှ မဟုတ်တာ...ငါ့ အဘွားကြီးရဲ့ စေတနာကို တန်ဖိုးထားတဲ့ အနေနဲ့ ကိုင်သွားမှာ...သဘောပေါက်..."
"ဟွန့်....မင်းဘွားတော် ကလည်း တုံးလွန်းပါတယ်....ဘယ်လောက်ကုန်သွားလဲ..."
"ဟူး...တစ်ဆယ်ကျော်..."
"သေပါရောကွာ..."
"ကျစ်..ထားလိုက်ပါတော့....သွားမယ်လေ..."
"မင်း က ဒီပုံစံလား.."
နေရှင်းရဲ့ အဝတ်အစားတွေကို လက်ညိုးထိုးပြတော့မှငုံ့ကြည့်လိုက်မိသည်..။
"ဟင်....သြော်..ဆောရီး...ဆောရီး...ခဏလေးပဲ..."
"လုပ်ကွာ..မြန်မြန်..."
အခန်းထဲကို ပြေးဝင်ပြီးချိတ်ထားတဲ့ တီရှပ်နဲ့ ဒူးကျဘောင်းဘီကို ကောက်လဲဝတ်ရသည်..။
ရန်ကုန်လာခါနီး အဝတ်အစားတွေ ထပ်ဝယ်ထည့်ပေးလိုက်တော့ အားလုံးထဲမှာ နေရှင်းသန့်ရဲ့ အဝတ်တွေက အများဆုံးဖြစ်နေသည်လေ...။
အထားအသိုသာ မတက်ရင် တစ်ခန်းလုံး ရှုပ်ပွနေမှာပါပဲ..။
ဟူး...။
ဒေါ်ပွစိ တစ်ယောက်ကလည်း ထူထူ အအ နဲ့ ဘာတွေမှန်းကို မသိဘူး..။
အလိမ်ခံရတဲ့ ဒေါ်ပွစိလေးကို သနားလို့ လိမ်သွားတဲ့ကောင်ကိုသာ ဖိ၍ ကျိန်ဆဲနေမိသည်..။
.
"ဟင့်အင်း...."
".........."
"မဟုတ်ဘူး..."
စိုးစိုး အနောက်ကနေ ဘကြီးက လိုက်လာသည်..။
စိုးစိုး ပြေးသည်...။
နောက် လယ်ကွင်းစပ်မှာ ခလုတ်တိုက်လဲသည်..။
ကောင်လေးသုံးကောင်လည်း အနားကို တဖြည်းဖြည်း တိုးလာသည်..။
စိုးစိုး ရုန်းကန်ရင်း ငုတ်တုတ်ထထိုင်လိုက်တော့ ညမီးရောင် အောက်မှာ ချွေးတွေ ရွဲနစ်နေပြီ.။
"ဟင်း..."
သက်ပြင်းရှည် တစ်ချက် ချပြီး ခုတင်ပေါ်က ဆင်းကာ ရေတစ်ခွက်သောက်လိုက်သည်..။
မီးဖွင့်ပြီး စားပွဲမှာ ထိုင်ကာစာအုပ်တစ်အုပ် ဖတ်ဖို့ ပြင်ဆင်မိသည်...။
မာချယ် နဲ့မာမေ က အဆောင်သစ်ကိစ္စ နဲ့ကျောင်းသားတွေ နေဖို့စားဖို့ ကိစ္စ အလုပ်များနေလို့ ကျောင်းမှာပဲ အိပ်ကြသည်..။
တစ်အိမ်လုံးမှာ စိုးစိုးတစ်ယောက်တည်းအိပ်ရပေမဲ့ မကြောက်ပါဘူး..။
လက်တွေ့မဟုတ်တဲ့ အိပ်မက်တွေကိုတော့ ကြောက်ရပါသည်..။
"တီ...တီ....တီ...."
"ဟင်..."
စိုးစိုး ဖုန်းသံကြားရတော့ နာရီကို အရင်မော့ကြည့်မိသည်..။
ည ဆယ်နှစ်နာရီတောင် ကျော်နေပြီ...ဘယ်က ဖုန်းလဲ..။
မာချယ် တို့ဆီကများလားလို့ တွေးမိတော့ ဖုန်းဆီကို ကပျာကယာ ရောက်သွားသည်..။
"ဟလို..."
"..........."
"ဟလို.....မာချယ်လား..."
"မဟုတ်ဘူး..."
"အမလေး...."
"..........."
အသံနက်ကြီးကြားလိုက်ရတော့ စိုးစိုး လက်ထဲက ဖုန်းလွတ်ကျသွားသည်..။
ဖုန်းကို ကြည့်ရင်း မျက်လုံးတွေ ပြူးကာ လည်ချောင်းတွေတောင် ခြောက်လာသည်..။
ရှေ့လည်း မတိုးရဲ နောက်လည်း မဆုတ်ရဲဖြင့် ကြောင်၍ သာ ရပ်နေမိသည်..။
"တီ...တီ...တီ...."
".............."
"..........."
"..............."
ဖုန်းသံက မရပ်မနား ထွက်လာပြီးနောက် ခဏ ရပ်သွားသည်.။
"တီ....တီ....တီ...."
တစ်စုံတစ်ယောက် နောက်လိုက်တာ နေမှာပါ..။
စိုးစိုး သက်ပြင်းချပြီး ဖုန်းကို ကောက်ယူလိုက်မိသည်..။.
မာချယ် တို့ တစ်ခုခု လိုအပ်ရင်တောင် အိမ်ဖုန်းကိုပဲ ခေါ်မှာပေါ့..။
စိုးစိုးရဲ့ ဖုန်းကို ပါဝါပိတ်ပြီး အိမ်ရှေ့ခန်းမှာ တစ်ယောက်တည်း ထိုင်နေမိသည်..။
အိပ်မက် အကြောင်းတွေးမိတော့ သက်ပြင်းသာ ချနိုင်သည်..။
စိုးစိုးဒီလို အိပ်မက်ဆိုးတွေ မမက်တာ အတော်ကြာပြီ..။
ခုတလော ပြန်မက်ပြန်ပြီ...။
ဒါတွေက ဘယ်တော့များမှာ ပျောက်ကွယ်သွားမှာလဲ..။
ဆယ်စုနှစ် နှစ်ခုနီးပါးဖြတ်ကျော်လာပေမဲ့ အတိတ်ဆိုးတွေ ကပ်ပါလာဆဲပဲလား..။
ဘကြီး လာရင် လက်ဆောင် တစ်ခုခု ပါလာမယ်ဆိုပြီး မျှော်လင့်ရင်း ပျော်ရွှင်ခဲ့ဖူးသည့် ကောင်မလေးတစ်ယောက်ရဲ့ အရိပ်တွေ ပေါ်လာသည်..။
နောက်ပြီး..မထင်ထားတဲ့ စော်ကားမှုကို ကလေးပီပီ တုန့်ပြန်ခဲ့ပုံတွေ...။
ပတ်ဝန်းကျင်က လူတွေရဲ့ မေးခွန်းတွေ..။
စိုးစိုး ရဲ့ အတိတ်တွေကနေ ရုန်းမထွက်နိုင်တော့ ဒူးပိုက်ရင်း နာကျင်စွာဖြင့် ငိုနေမိသည်..။
"ကလင်...ကလင်...ကလင်..."
"..........."
အိမ်ဖုန်းက မြည်လာတော့ စိုးစိုး အနားက ဖုန်းကို ကောက်ယူကိုင်လိုက်သည်..။
"ဟလို..."
"ဟလို...ဟလို....ပီပီလား....ငါပါ..."
"..........."
စိုးစိုး မျက်ရည်တွေသုတ်လိုက်သည်..။
"အင်း..."
"ငါ...စောစောက စ လိုက်တာပါ...."
ဖုန်းထဲက အသံကိုသတိရတော့ ဒေါသ နည်းနည်းဖြစ်ပေမဲ့ ပြောချင်စိတ်လည်း မရှိပါ..။
"...မအိပ်သေးဘူးလား..."
"အင်း...နိုးလာတာ..."
"ဘာလုပ်နေလဲ..."
"စာအုပ်ဖတ်နေတယ်..."
ရှေ့မှာ ချထားတဲ့ စာအုပ်ကို ကြည့်ပြီး ပြောလိုက်ပေမဲ့ ကိုယ့်သမိုင်းစာမျက်နှာကို ကိုယ်ပြန်ဖတ်နေခြင်းသာ..။
"ဖုန်းပြန်ခေါ်တာ မကိုင်တော့ ငါက လန့်ပြီး တစ်ခုခု ဖြစ်နေပြီထင်တာ....အိမ်ဖုန်းကို ခေါ်လိုက်တာ...မာချယ်တို့ နိုးကုန်ပြီလား.."
"မရှိဘူး..ကျောင်းမှာ..."
"ဒါဆို..နင် တစ်ယောက်တည်းလား..."
"အမ်း..."
"ငါ မသိလို့ စ လိုက်တာ...ဆောရီး..."
စိုးစိုး နှုတ်ခမ်းက အလိုလို ပြုံးသွားသည်..။
လူရိုင်းလေးက အခုတော့ တောင်းပန်တက်လာပြီလေ..။
" ဂိမ်းဆော့နေပြန်ပြီလား..."
"မဟုတ်ဘူး...ငါတို့ ခုမှ ပြန်ရောက်တာလေ...သင်တန်းပြီးတော့ ညစာ စားရင်း နောက်ကျသွားတယ်..."
"သြော်...အင်း..."
"ဒီနေ့က စနေနေ့ဆိုတော့ စောင့်နေမှာစိုးလို့ ခေါ်လိုက်တာ...အိပ်မက်ပြီး တရေးနိုးလာတာလား...ညနက် နေပြီ....ပြန်အိပ်တော့လေ..."
"အမ်း..."
"............."
"ပီပီ..."
"ဟမ်..."
"ဘာမှ မဟုတ်ဘူး....Good Night.."
"အင်း.."
စိုးစိုး ဖုန်းချလိုက်ပြီး သက်ပြင်းလည်း တပါတည်း ချလိုက်သည်..။
ဒီကောင်လေးကိစ္စ တွေ ခေါင်းထဲ ထည့်ထားလို့ အိပ်မက်မက် ဖို့ မေ့နေတာများလား..။
ခုတလော အလုပ်တွေ များပြီး ဖုန်းဆက်ဖို့တောင် မေ့နေသည်..။
ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း အင်္ဂါ နေ့မှ သတိရတော့ စနေ့မှ ဆက်မယ်လို့ မှတ်ထားရသည်..။
ဒီနေ့လည်း မေ့နေပြန်ပြီ...။
တခြားနေ့တွေ ဖုန်းဆက်ရင် သူမအားမှာစိုးလို့ စနေနေ့ ညပဲ ဖုန်းဆက်မိတာပါ..။
ခုတော့ မေ့တာများလို့ ကပ်စေးနဲလေးက ဖုန်းဆက်ရပြီ..။
"တင်..."
စိုးစိုး မသုံးတက်ပေမဲ့ ဖွင့်ထားပါဆိုလို့ ဗိုက်ဗာ ဆော့ဝဲ ထည့်ထားရသည်..။
"အောင်ကျော်ဦး အတင်း ခေါ်လို့ လိုက်သွားတာ...ပျော်ဖို့ကောင်းတယ် "
မက်ဆေ့ကို ဖွင့်ကြည့်တော့ ဗီဒီယို တစ်ခု ဖြစ်နေသည်..။
မီးရောင်စုံတွေ အောက်မှာ ခုန်ပေါက်နေတဲ့ ကောင်လေးတစ်စု ကိုလည်း တွေ့ရသည်..။
ကောင်မလေးတွေ ကောင်လေးတွေ တိုးကြိတ်နေသည်..။
ရှိုးပွဲရောက်နေတာများလား..။
လူတွေထဲမှာ သူ့ကို တွေ့မလားလို့ မျှော်လင့်ရင်း နှစ်ခါ ပြန်ကြည့်မိသည်..။
စိုးစိုး သက်ပြင်းတစ်ချက် ချလိုက်သည်..။
ဘာလိုလို နဲ့ ခြောက်လတောင် ကျော်ခဲ့ပြီ..။
အခန်းထဲမှာ မွှေလွန်းသည့် သူ့ပုံရိပ်တွေကတော့ ထင်ရှားနေဆဲ...။
နေရှင်းသန့် ဆိုတဲ့ နာမည်ကို ခပ်တိုးတိုး ရေရွတ်ကြည့်ရင်း ဆိုဖာပေါ်မှာ လှဲချအိပ်လိုက်သည်..။
ဖတ်လက်စ စာမျက်နှာကို လှန်ပြီး စာအုပ်ဖတ်ခြင်းကို စတင်ရသည်..။
သေချာတာတော့ ဒီည ပြန်မအိပ်ရဲတော့ပြီ..။
0130-06-27
.
"နေကြီး..."
"ဟမ်..."
"ဟိုကောင်မလေး...မင်းကို ရှိုးနေတယ်..."
"ဟမ်...ဘယ်ကောင်မလေးလဲ..."
"သုံးဝိုင်းမြှောက် ထောင့်ဘက်ကကွာ.."
".........."
နေရှင်းသန့် သောက်လက်စ ပိုက်ကို ကိုက်လျက်သားဖြင့် မများတဲ့ စားပွဲဝိုင်းတွေကို တစ်ချက်လှည့်ကြည့်လိုက်သည်..။
အကြည့်ချင်းခဏဆုံပြီး ခေါင်းငုံ့သွားတော့ ပုလင်းကိုသာ ပြန်ကြည့်ရသည်.။
"တွေ့လား.."
"အင်း..."
"မင်းကို ခိုးကြည့်နေတာ တော်တော်ကြာပြီကွ..."
"ငါ့ သူငယ်ချင်းကို ရင်မခွဲချင်ဘူး.."
"ဟမ်."
"မင်းက သူ့ကို ခိုးကြည့်လို့ သူ ဘယ်ကိုကြည့်နေလဲ သိတာပေါ့ကွာ...ဟား..ဟား..."
"ဟာကွာ...တော်စမ်းပါ...သဲနုကြားရင် ကွိုင်ရှာလိမ့်ဦးမယ်....ငါက မင်းတစ်ယောက်တည်း ဘက်ပဲ့နေလို့ စေတနာနဲ့ ပြောပေးတာနော်..ဂျင်တွေဆော့ ဝက်ခြံတွေ ညစ် မျက်နှာတွေ ပေါင်းတင်နေတာ နဲ့ စာသင်နှစ်တောင် ကုန်တော့မယ်....မင်းမှာ တစ်ယောက်မှ မရသေးဘူး...သနားစရာကွာ..."
"စာသင်ဖို့လာတာပဲဟာ...ဘာရှာရမှာလဲဟ..."
"မင်း က လည်း မရရင် မရဘူးပေါ့....ဘာတွေ လျှောက်ရွီးနေတာလဲ....စီနီယာ ဖြစ်သွားရင် ပိုဝေးပြီနော်..ဟေ့ကောင်..."
"ဟား..ဟား...နေရှင်းသန့်ပါဟ....စူပါကင်း...ဒီကိစ္စတွေက စကြာဝဋ္ဌာရဲ့ အမှုန့်အမွှားတွေပါကွာ..."
"မွှားပြန်ပြီ..."
"........."
နေရှင်းသန့် မုန့်တစ်ခုဝါးရင်း နောက်လှည့်ကြည့်လိုက်တော့ မျက်နှာငုံ့သွားပြန်သည်..။
သူငယ်ချင်းတွေကို ပြောလိုက်ရင် တွန်းတော့မှာသိလို့ တိတ်ဆိတ်သာ နေလိုက်သည်..။
လွန်ခဲ့တဲ့ တစ်ပတ်လောက်က ပိုက်ဆံအိတ်ကျန် ခဲ့တဲ့ ကောင်မလေး..။
နာမည်က ရှည်ပေမဲ့ ဖြူတစ်လုံးပါတာတော့ မှတ်မိပါသည်..။
နေရှင်းသန့် ရိုးသားစွာဖြင့် ပိုက်ဆံအိတ်လိုက်ပေးခဲ့ပေမဲ့ သူ့ဘက်ကတော့ ဘယ်လို ထင်သွားသလဲ မသိ..။
နာရီ ကို တစ်ချက်ကြည့်ပြီး သူငယ်ချင်းတွေကို နှုတ်ဆက်လိုက်သည်..။
သင်တန်း ပြန်ရင် ဖုန်းဆားဗစ်မှာ ညပိုင်း အလုပ်လည်း လုပ်ရသေးသည်.။
ဒီလောက် မအားမလပ်တဲ့ ကြားကနေ ဘယ်လို လုပ်ပြီး ရည်းစားထားမလဲ..။
နောက်ပြီး ကိုယ် က လူလွတ် မဟုတ်..။
နေရှင်းသန့် ကိုယ့်အတွေးနဲ့ ကိုယ် ပြုံးရင်းကျောပေး၍
ထွက်လာခဲ့လိုက်သည်..။
မိန်းကလေး တစ်ယောက် ကိုယ့်နောက်ကျောကို ငေးကြည့်နေတယ်ဆိုတဲ့ အသိကြောင့် စိတ်ထဲ အတော်လေး ကျေနပ်ပါသည်။◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆
🙏💪❤📖
Love U All ❤
࿇Sקicค Liຖ࿇
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...