မြူခိုးမှိုင်းဝေ
အပိုင်း (၁၉)
#မြူခိုးမှိုင်းဝေ"ဟလို…"
"………"
နေရှင်းသန့် ထမင်းကို ဇွန်းနဲ့ ခပ်စားရင်း မျက်နှာ ရှုံ့မဲ့သွားသည်..။
ငရုတ်သီးစိမ်း ကိုက်မိတာ က တကြောင်း ဒေါ်ပွစိရဲ့ ဟလို က မာကြောကြော ဖြစ်နေသည်က တကြောင်း..။
"ပီပီ….ဘာလုပ်နေလဲ…"
"စာရင်း လုပ်နေတာပေါ့.."
"ဘာလဲ…စာရင်းတွေ ကွာနေပြန်ပြီလား…"
"မဟုတ်ပါဘူး…အင်း…"
အဲလို အူကြောင်ကြောင် အဖြေတွေနဲ့ နေသားကျအောင် နေရှင်းသန့် မနည်းကြိုးစားခဲ့ရသည်..။
သူပြောတာ သဘောမပေါက်ရင်လည်း လူငယ်ဖြစ်ပြီး ဝေးလွန်းသည် လို့ ဝေဖန်တက်ပြန်သည်..။
သူ ကျတော့ စကားကို သေချာ ပြောတက်ရဲ့လား..။
"ဘာလုပ်နေလဲ…"
"ထမင်းစားတယ်…."
"သြော်…ခုမှ စားရတာလား…နောက်ကျလိုက်တာ…."
"ဟာ…ပီပီ ကလည်း…တစ်ခါလာလဲ ဒါပဲ…ငါပြောတာ ဆယ်ခြောက်ခါ ရှိနေပြီ.."
"အဟွင်း….ဆယ်ခုနှစ်ခါ ပြည့်အောင် ပြောပေါ့…"
"ဟွန့်…ခုမှ အလုပ်က ပြန်လာတာလို့….ဟိုကောင်တွေက အိပ်နေပြီ….အခန်းထဲ ကို ယူစားရတယ်….အဲဒါ နင့်ကြောင့်…"
"ဟမ်…"
နေရှင်းသန့် စိတ်တိုတို ဖြင့် ပြောလိုက်တော့ တစ်ဖက်က အံသြတဲ့ စကားသံ ထွက်လာသည်..။
ကိုယ့် အပြောကို ကိုယ့်ဟာကို ခပ်တိုးတိုး ရယ်ပြီး ရေခွက်ကို ကောက်သောက်လိုက်သည်..။
"ဟုတ်တယ်လေ…ငါ့ဟာငါ ဖြစ်သလိုနေ တက်တာကို နင်က စည်းကမ်းတွေ လုပ်ပေး…ခုကျတော့ ထမင်းကို အခန်းထဲ ယူစားရင်တောင် မစားတက်တော့ဘူးလေ…."
"စည်းကမ်းရှိသွားပြီပေါ့…ကောင်းတာပေါ့…"
"မကောင်းပါဘူး…သူငယ်ချင်းတွေကြားမှာ လူထူးလူဆန်းကြီး ဖြစ်နေတယ်….သြော်…ငါ အကအဖွဲ့ထဲ ဝင်ထားတယ်…"
"ဟမ်…ဘာအဖွဲ့…"
"အက အဖွဲ့လေ…"
"အိုး….နေရှင်းသန့်ရယ်….ဒီလောက် ယောက်ျားတွေနဲ့သက်ဆိုင်တဲ့ အဖွဲ့တွေ ရှိရဲ့သားနဲ့ ဘာလို့ အက လည်း…နင် သဘင်ထောင်မလို့လား…"
"ဟား…ဟား…ဝေးပြန်ပြီ…..နိုင်ငံတကာ အက အဖွဲ့ပါ…."
"ပြောတော့ဖြင့် တစ်နေ့ကုန် မအားဘူး…ကရာတေး လည်း ဝင်ထားသေးတယ်ဆို….သီချင်းလည်း ဆိုပြီး ခုက ရ ပြန်ပြီ…ပြီးတော့အဲလို တွေ လျှောက်လုပ်နေတော့ စာကျက်ချိန် လျော့မှာပေါ့…နင့်ရဲ့ ရည်ရွယ်ချက်က ဘွဲ့တစ်ခု ရဖို့ပဲ မဟုတ်ဘူးလား…ဘာဖြစ်လို့ အပိုတွေနဲ့ လျှောက်ရောထွေး ပစ်တာလဲ…အချိန်ကုန်…ငွေကုန်…အကျိုးလည်း မရှိ…."
"တော်ပြီ…ပီပီ နဲ့ စကားပြောလိုက်တိုင်း…ဘာမှ့ကို နားမလည်ပေးဘူး..ဟိုဟာလည်း ကန့်ကွက်…ဒီဟာလည်း ကန့်ကွက်..တော်ပြီဟာ….ဒါပဲ…"
"…………"
နေရှင်းသန့် ဖုန်းချလိုက်ပြီး အနားက ခေါင်းအုံးကို လက်သီးနဲ့ ပစ်ထိုးလိုက်သည်..။
တော်တေ်ာ နားမလည်တဲ့ အဘွားကြီး..။
ရန်ကုန်ရောက်ကတည်းက သူနဲ့ ကိုယ် ဘယ်လို မှကို အပေးအယူမမျှတာပဲ..။
အလုပ်လုပ်တယ်ဆိုပြီး တိုင်ပင်တော့ မလုပ်နဲ့ စာပဲ ကြိုးစားတဲ့..။
သူငယ်ချင်းတွေ စုပြီးအခွေ ထုတ်မယ်ဆိုတော့ လည်း အဆိုတော်ကြီး လုပ်မယ်ဆို ကျောင်းထွက်လိုက်တဲ့..။
စကောလားရှစ် တစ်ခု ရအောင်လုပ်မယ်ဆိုတော့ တစ်သက်လုံး ကျောင်းသားပဲ လုပ်နေတော့မှာလားတဲ့…။
ဘာမှ မလုပ်ပဲ စာချည်းပဲ လုပ်နေပြီလို့ ပြောတော့ လူငယ်ဘ၀ က ခဏလေးရယ် စာချည်းနဲ့ပဲ အချိန်မကုန်နဲ့တဲ့..။
ဟော…ခု ကလပ်ထဲ ဝင်လိုက်ပြန်တော့ ဖြစ်ပြန်ပြီ တစ်မျိုး.။
နေရှင်းသန့် ထမင်းလည်း ဆက်မစားတော့ပဲ ရေဘူးတစ်ဝက်ကို ကုန်အောင် မော့သောက်လိုက်သည်..။
ပိုက်ဆံ ကုန်တယ်ဆိုတာ သူ့ပိုက်ဆံ ကုန်တယ်လို့ ပြောချင်တာလား..။
အနားမှာ ချထားတဲ့ စာအုပ်အရှည်လေးကို ကောက်ယူပြီး စာရင်းကြည့်လိုက်သည်..။
တစ်လ ကို လုပ်ခ တစ်သိန်းကျော်လေး ရတော့ မလုံလောက်တဲ့ အခါမျိုးကျရင်တော့ ဒေါ်ပွစိရဲ့ ပိုက်ဆံကို ယူသုံးရသည်.။
ဒီလောက် ခြိုးခြံချွေတာ သုံးနေတဲ့ ကြားက တော်တော်များနေပြီ…။
ဒါတွေကို ဘယ်အချိန်မှ ဘယ်လို ပြန်ဆပ်နိုင်မှာလဲ..။
နေရှင်းသန့် သက်ပြင်းချပြီး ခေါင်းအုံးပေါ် လဲချလိုက်သည်..။
ပညာသင်ဖို့ လုံး၀ ထောက်ပံ့ပေးမယ် စာပဲကျက်လို့ မှာထားပေမဲ့ ကိုယ့်မာနနဲ့ကိုယ် အသုံးစရိတ်တွေကို စာနဲ့ပေနဲ့ ရေးမှတ်ထားမိတာ..။
ပြန်သာ မဆပ်နိုင်ရင်တော့ ကိုယ့်မာနနဲ့ ကိုယ့်သိက္ခာ့ ကိုယ့်အရှက် အားလုံး ကိုယ့်ဟာကို ဖျက်စီးလိုက်သလိုဖြစ်မှာပဲ..။
ဟူး…..စကြာဝဋ္ဌာရဲ့ အမှုန့်အမွှား ဆိုပေမဲ့ ပင်ပန်းလိုက်တာ..။
.
"ဟူး….ပြီးပြီ…"
"ဖြေနိုင်ရဲ့လား…"
"အင်း…ဖြေနိုင်ပါတယ်…"
"ကျောင်းလည်း ပိတ်လိုက်ပြီပေါ့…."
"အင်း.."
"ဘယ်တော့ ပြန်လာမလဲ…."
"မလာဖြစ်တော့ဘူး…..အလုပ်က ဆက်လုပ်နေရဦးမှာလေ…..ကျောင်းပိတ်ချိန် တက်ချင်တဲ့သင်တန်းတွေ တက်ဖို့ စီစဉ်ထားတယ်…."
"………."
စိုးစိုး နှုတ်ဆိတ်သွားသည်။
ဘယ်လိုပြောရင်ကောင်းမလဲ…။
"ပီပီ…အဲဒါ အပါးတို့ကိုလည်း ပြောလိုက်နော်…"
"ဟင်….အင်း…"
"အလုပ်မှာ မလား…ဒါပဲနော်…"
"အင်း…"
စိုးစိုး ဖုန်းချလိုက်ပြီး သက်ပြင်း တစ်ချက် ချလိုက်သည်..။
လမ်းမှာ ရောက်နေလို့ သူ့အဖိုး ဆီကို ဆက်သွားဖို့ အခြေအနေ ပြောင်း သွားသည်..။
"ဟော…."
"နေကောင်းလား အပါး နဲ့အမိုး…"
"အေ့ ကောင်းပါတယ်…ဟိုကောင် ကော ပြန်လာတော့မလား…"
"နေ့ခင်းက ဖုန်းဆက်တယ်….ပြန်မလာဖြစ်ဘူးတဲ့.."
"………."
"ဒီကောင်က သိပ်လူပါးဝတယ်…."
"………."
"ကျောင်းပိတ်ရက်တောင် ပြန်မလာဘူးဆိုတော့ ဘာလဲ…"
"…………."
"မဟုတ်ပါဘူး…သူ စာတွေကြိုလေ့လာလို့ရအောင် ပါတဲ့…စာတွေကလည်း ခက်တယ်လေ…အပါးရဲ့…"
"…………"
ရေနွေးကြမ်း ပန်းကန် ကို မှုတ်သောက်ရင်း စိတ်တိုနေတဲ့ သူ့အဘိုးကို ဖြေပြောရပေမဲ့ စိုးစိုးကိုယ်တိုင်ကလည်း စိတ်မကောင်းတော့ ဖြစ်မိသည်..။
ရန်ကုန်ရောက်သွားကတည်းက တစ်ခါမှ ပြန်မလာသေးသည့် သူ့ကို ကျောင်းပိတ်ရက်ရှည်မှာတော့ ပြန်လာမယ်လို့ မျှော်လင့်ထားခဲ့မိသည်..။
မာချယ် နဲ့ မာမေ လည်း မရှိတော့ ဒီတစ်ခေါက်တော့ အိမ်ပြန်လာရင် လွတ်လွတ်လပ်လပ် နေပါစေ..
နေရာတကာ လိုက်ကြည့်ပြီး မချုပ်ချယ်တော့ဘူးလို့လည်း ဆုံးဖြတ်ထားသည်…။
ဒါပေမဲ့…။
သူ့ အဘိုးနဲ့ အဘွားကို ဒေါသမထွက်အောင် ကာပြောရပေမဲ့ စိုးစိုး ကိုယ်တိုင်မှာတော့ နားမလည်.။
စနေ့ညပိုင်း ဖုန်းဆက်ရင် စကားများများ မပြောတော့ပဲ နေကောင်းလားအဆင်ပြေလားဖြင့်သာ ပြီးသွားသည်..။
သူ့ကို စေတနာထား စိတ်ပူပြီး ဆူပြောမိတာတွေကို စိတ်ရှုပ်တယ်ထင်ပါရဲ့..။
စိုးစိုး ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်..။
ယောက်ျားလေး…လူငယ်လေး..တစ်ယောက်ကို ပညာသင်စရိတ် ထောက်ပံ့ပေးရုံနဲ့ ပိုင်စိုးပိုင်နင်း အမိန့်ပေးမိတာကို နောင်တရသည်..။
တကယ်တော့လည်း သူစိမ်းတွေချည်းပါပဲ…။
စိုးစိုးကတော့သူစိမ်းကိုမှ အားထားပြီး စိတ်ကို ကုစားနေရတဲ့သနားစရာ မိန်းမ တစ်ယောက်ပေါ့လေ..။
သူနဲ့ ပတ်သက်ခဲ့တာ စိုးစိုး အတွက်တော့ အတော်လေး ကောင်းပါသည်..။
စိတ်ညစ်စရာတွေ ပင်ပန်းစရာ အတိတ်တွေကို သူနဲ့ ယှဉ်ရင် မေ့ထားနိုင်သည်လေ..။
စိတ်ကို ကုစားဖို့ ကလေး တစ်ယောက် မွေးစားမိသလိုပေါ့..။
နှလုံးသားကို ပြန်လည် ပြုစု ပျိုးထောင်နေရခြင်းပေါ့.။
"…..…"
"ဟုတ်ကဲ့…"
အဘွားဖြစ်သူက ပဲသုပ်လို့ပြောပြီး ရှေ့တိုးပေးတဲ့ ပန်းကန်ကို ကောက်ယူကာ တစ်ဇွန်းခပ်စားလိုက်သည်..။
ဆီပါရုံလေးသာ သုပ်ထားတဲ့ အသုပ်က လည်ချောင်းနာကျင်အောင် မြိုချရပါသည်..။
စိတ်မကောင်းဖြစ်မှာစိုးလို့ ကုန်အောင်စားပြီး နှုတ်ဆက်ကာ ပြန်ခဲ့ရသည်..။
သူတို့ လင်မယား နှစ်ယောက်စလုံးကို စိုးစိုးရဲ့ လိမ္မော်ခြံကို ခေါ်ပေ့မဲ့လည်း မလာကြပါ..။
အရင်ကတည်းကအလုပ်ပေးထားတဲ့ အလုပ်ရှင်အပေါ် သစ္စာ ရှိကြသည်..။
ကိုယ်လည်း တက်နိုင်တဲ့ဘက်ကနေ ပျက်စီးနေတဲ့ သူတို့အိမ်လေး ကို ပြင်ဆောက်ပေးလိုက်သည်..…။
စကားပြောရင်သာ ဘုစပ်စပ် ရှိပေမဲ့ စေတနာကောင်းတဲ့ သူတွေမို့ ကိုယ့်အဘိုးအဘွားလို ချစ်ခင်ပါသည်..။
စိုးစိုး အပြန်လမ်းမှာတော့ သက်ပြင်းတွေ ခဏခဏ ချခဲ့မိသည်..။
"အစ်မ….ပါဆယ်ရောက်နေတယ်…"
"ဟင်….ဘယ်ကလည်း…"
"မသိဘူး…ဒေါ်ချယ်ရီ နာမည်နဲ့ပဲ…"
စိုးစိုး စားပွဲပေါ်က ဘူးလှလှလေး ကို စိတ်ဝင်စားသွားသည်..။
ဘဝမှာ တစ်ခါမှ မရခဲ့ဘူးတဲ့ ပုံစံ မျိုးပါပဲ..။
ပို့စကတ်ပေါ်မှာ ကွန်ပျူတာ စာစီ ထားတဲ့ Mrs POPPY ဆိုတာ တွေ့တော့ မျက်ခုံးတွန့်သွားသည်..။
ပါဆယ် နာမည်က ဒေါ်ချယ်ရီ ဖြစ်ပြီး ပေါ့ပီက ဘယ်လို ဖြစ်လို့ ပါလာတာလဲ…။
စိုးစိုး ဒီတိုင်း ထားသင့်ပေမဲ့ မာချယ်လည်း မရှိတော့ ဘာတွေလဲဆိုတာ သိချင်လာသည်…။
ကိုယ့်နာမည်လည်း ပါနေသည်မို့ ဘူးလှလှလေးကို ဖွင့်ကြည့်မိသည်..။
ပုံပျက်သွားမှာစိုးလို့ တိတ်ရာလေးတွေပဲ သေချာဖြုတ်သည်..။
"ဟင်…"
အထဲက ဘူးကို တွေ့တော့ မှ စိုးစိုး ရယ်မိသည်..။
မာမေ ကတော့လေ..။
ချောကလက် ဝယ်ပို့တာပဲ အမျိုးမျိုး လုပ်ပေးရတယ်လို့…။
စိုးစိုး ရယ်ရင်း ချောကလက် တစ်ခု ယူ၍ ဖောက်စားလိုက်သည်..။
တစ်လ မှာ ချောကလက် စားရတဲ့ ရက်က သီးသန့်ရှိသေးသည်လေ.။
အသက်ကြီးလာလို့ မေ့နေပေမဲ့ မာမေ ကတော့ မေ့ပုံ မပေါ်.။
စိုးစိုး ဘ၀ မှာ မာမေ တို့ ရှိနေတာလည်း ကျေးဇူးတင်ရမည်..။
ချောကလက် ဘူးလေး ကို စားပွဲဘေး မှာ ထားလိုက်ပြီး ညနေ ကားတင်ရမဲ့ စာရင်း ကို ပြန်ကြည့်သည်…။
ချောကလက် စားလိုက်လို့လား မသိ..။
နေရှင်းသန့် ကြောင့် ရှုပ်ထွေးနေတဲ့ စိတ်က နည်းနည်း ပေါ့ပါး သွားသည်..။
.
"တွေ့လား…ပီပီ…ကျောင်းပိတ်ရက်မှာ သင်တန်း ခြောက်ခုလောက် တစ်ခါတည်း တက်သွားပြီလေ…"
"ဟုတ်ပါပြီ….တော်ပါပေတယ်ရှင်.."
"အဟား….တော်ရမှာပေါ့…နေရှင်းသန့်ပဲလေ…"
"………."
နေရှင်းသန့် တစ်ယောက်တည်း ဖုန်းပြောနေချိန် တံခါးဝကနေရပ်ကြည့်နေတဲ့ ကောင်မလေးကြောင့် မျက်ခုံးတွန့်သွားရသည်..။
ဖုန်းကိုလက်နဲ့ ဖိပြီး မေးငေါ့ပြလိုက်တော့ ရယ်ကြဲကြဲဖြင့် ခေါင်းရမ်းသည်..။
လက်နဲ့ သွားဖို့ ပြောလိုက်ပေမဲ့ ခေါင်းရမ်းပြန်သည်..။
"ပီပီ…ခဏ.."
"အင်း…မအားဘူးမလား…ဒါပဲလေ…."
"အားတယ်….မချနဲ့ဦး…"
နေရှင်းသန့် ဖုန်းကို ချထားခဲ့ပြီး စားပွဲကနေ ခပ်မြန်မြန် ထသွားလိုက်သည်..။
တံခါးကို ဆွဲဖွင့်လိုက်တော့ မျက်နှာငယ်ဖြင့် မော့ကြည့်သည်…။
"ဘာလဲ….ဘာဘီမ.."
"ဟီး…ဘာမှ မဟုတ်ပါဘူး….ဆရာ့ကို သင်တန်းမှာ မတွေ့လို့ပါ…."
"မတွေ့ရအောင် ငါ့ အချိန်မှ မဟုတ်တာဟ….နင် လစ်လာပြန်ပြီလား…မြန်မြန်သွားစမ်း…"
"ဆရာ့အချိန်က ဘယ်အချိန်လည်းဟင်…"
"ဘာလုပ်မလို့လဲ…"
"သမီးလာတက်မလို့လေ…"
"ငါ့သင်တန်းကို မျက်မှန်နဲ့ကလေးတွေ မတက်ရဘူး…."
"ဟွန့်…..သမီး မျက်ကပ်မှန် ကပ်ခဲ့မှာပေါ့.."
"ကျစ်….သွားတော့ ဘာဘီမ…လူက ရှစ်တန်းပဲ ရှိသေးတယ်…မျက်နှာကိုပြင်ထားတာ သရဲမ ဖြစ်နေပြီ…."
"ဟီး…ကျေးဇူး…"
ပါးကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး သွားကြဲရယ်ပြတော့ နေရှင်းသန့် မျက်ခုံးတွန့်သွားသည်.။
ကိုယ်က တစ်ခါတည်း မှတ်သွားအောင် ပြောလိုက်တာလေ…။
ကလေးတွေ မလွယ်လိုက်တာ…။
"သမီးကို ဆရာသတိထားမိအောင် သေချာ ပြင်လာခဲ့တာ…"
"အေး…ခုသိပြီ…သွား..မြန်မြန်…မဟုတ်ရင် တီချယ်လှိုင် နဲ့ တိုင်လိုက်မယ်…."
"အာ…ဆရာနော်….."
"ဟိုမှာ လာပြီ…"
"ဟင်…"
နေရှင်းသန့် ကို လှည့်မကြည့်ပဲ ပြေးသည့် အူကြောင်ကြား ကောင်မလေး ကြောင့် ရယ်မိသည်..။
တစ်နေ့တမျိုး ဘာတွ မှန်းကို မသိဘူး..။
ပီပီ့ ကို သတိရတော့ ဖုန်းဆီကို အပြေးသွားရသည်..။
"ဟလို…."
"အင်း."
"တော်သေးတယ်…လိမ်မာတယ်…ဖုန်းမချဘူး…."
"ဖုန်းဘေ ကုန်မှာ အဲလောက်ကြောက်လား…"
"ကြောက်တာပေါ့…."
နေရှင်းသန့် ဖုန်းဘေ ကုန်မှာ ကြောက်လို့ ထင်နေတာလည်းကောင်းတာပဲ.။
ကိုယ့်ဘက်က အတွေးက သပ်သပ်…။
နေရှင်းသန့် ပြုံးမိသွားသည်..။
"အလုပ်မှာလား…"
"ကွန်ပျူတာ သင်တန်းမှာ….ပီပီ့ကို ပြောတယ်လေ….အငယ်တန်းလေးတွေကို သင်တန်းဆရာ လုပ်နေရတယ်ဆိုတာလေ….."
"အင်း…"
'ခုနားနေတယ်…အဲဒါ လိုက်လာလို့…..ကလေးတွေ တော်တော်ဆိုးတာ….ကောင်မလေးတွေ ပိုဆိုး…"
"နေရှင်းသန့် အတိုင်းပေါ့…."
"အိုး….ငါ ငယ်ငယ်က အဲလောက်မဆိုးပါဘူး…."
"အဟွင်း…..သိပ်မဆိုးရှာပါဘူး…."
"ဟီး….ပီပီ့ကို ပဲ ဆိုးလို့ရတာကိုး….သြော်….ဒီမှာ မိုးအရမ်းရွာတယ် ပီပီ..အဲ့မှာကော…."
"သိပ်မရွာပါဘူး…"
"မရွာလည်း ဂရုစိုက်…..မာမေ တို့ ရှိတယ်မလား…..ညအိပ်ရင် ပြတင်းပေါက် ပိတ်နော်….အပြင်သွားရင် ထီး…ထီး…ဟတ်ချူး..ဟတ်ချူး…."
"အိုး…..သူများကို ပြောပြီး…ဘယ်လို ဖြစ်တာလဲ နေရှင်းသန့်….မိုးစိုပြီး အဝတ်မလဲ ပြန်ဘူးလား…"
"ဟီး..ဟုတ်တယ်….နည်းနည်းစိုနေတာ ခြောက်သွားပြီ….လဲစရာ မပါဘူး…."
"အခန်းပြန်ရောက်ရင် ဆေးသောက်ဦး….နောက်နေ့ အကျီၤ ဘောင်းဘီ အပို အိတ်ထဲ ထည့်ထားနော်…."
"အင်း…."
နေရှင်းသန့် ပြုံးရင်း ခေါင်းပါ ညိတ်ပြမိသွားသည်..။
"ထီးလည်း မရှိဘူးမလား…"
"မိုးကာ ရှိတယ်…."
"ရှိရင် ဝတ်လေ…စတိုင်ပျက်မှာစိုးလို့လား…"
"ဟုတ်ပါဘူး…မနက်က မိုးများလို့ပါ…ပီပီ ထမင်းမစားရသေးဘူးမလား..စားလိုက်ဦး…"
"အင်း..နင်လည်း စားတော့လေ….သြော်…သင်တန်းမှာဆိုတော့ မစားရသေးဘူးပေါ့.."
"ရတယ်…..ဆိုင်ပိုင်ရှင် အစ်မက ညစာလည်း ကျွေးတယ်….အားနာလို့ မစားတာပါ…ဒီနေ့တော့ စားလိုက်တော့မယ်…."
"သြော်….အင်း…စားလိုက်လေ…..ဒါဆို ဒါပဲ…"
"အင်း….တာ့တာ…"
နေရှင်းသန့် ဖုန်းချလိုက်ပြီးမှ သုံးလေးခါလောက် နှာချေရသည်..။
ပီပီ နဲ့ စကားပြောနေချိန် အတော်လေး မြိုသိပ်ထားရသည်လေ…။
ဒါတောင် ဆူသွားတာမှ အများကြီး…။
ဒါပေမဲ့ ပျော်ပါသည်…။
နေရှင်းသန့် ဖုန်းကို အိတ်ထဲ ထည့်လိုက်ပြီး အခန်းထဲက ထွက်လာခဲ့လိုက်သည်..။
နောက်တစ်ချိန် မစ ခင် ဆယ့်ငါးမိနစ်ပဲ အချိန်ရတော့မည်..။
အစ်မတို့ဆီ မှာ စားဖို့ ငြင်းထားပြီးမှ အားနာလို့ ခေါက်ဆွဲ တစ်ဘူးပဲ ပြုတ်စားလိုက်ရတော့သည်..။
ခေါက်ဆွဲစားပြီး နှာစေးလာလို့ ဆေးသောက်လိုက်ရသည်..။
ပီပီ သာ သိရင် ပွစိပွစိနဲ့ ဆူဦးမည်…။
.
"ဆောရီး…နည်းနည်း နောက်ကျသွားတယ်…"
"အေး…ရော့…."
နေရှင်းသန့် သင်တန်းက ပြန်လာချိန်မှ အောင်ကျော်ဦး က ဖုန်းဆက်ခေါ်သည်..။
ဆရာတွေရဲ့ ရှေ့မှာ အခမ်းအနားမှူးအဖြစ် လေ့ကျင့် ပြောရမှာ ဆိုတော့ စိတ်ထဲမှာ နည်းနည်းတော့ ရှိန်နေသည်..။
လက်ထဲ ရောက်လာတဲ့ စာရွက်ကို ကြည့်ပြီး ဆံပင်ကို တစ်ချက် သပ်လိုက်သည်..။
ပုဆိုးကို ခါးပေါ် ဆွဲချပြီး ဖိနပ်မှာ ပေနေတဲ့ ဖုန်ကိုလည်း တစ်ရှူးနဲ့ ကပျာကယာ သုတ်ရသည်..။
"အဲ…"
"…………"
နေရှင်းသန့် ဘေးကို ရောက်လာတဲ့ ကောင်မလေး က စာရွက်လေး ကိုင်ရင်း မျက်လုံးအပြူးသား ဖြစ်သွားသည်..။
သူ့လက်ထဲကစာရွက်နဲ့ ပခုံးပေါ်တင်ထားသည့် ပုဝါကို ကြည့်ကာ သဘောပေါက်သွားသည်..။
"ဆောရီး…ကျွန်တော် နောက်ကျသွားတယ်…"
"ဟင်…အင်း…ရ…ရပါတယ်….သော်တာလည်း ရောက်တာ မကြာသေးဘူး.."
နေရှင်းသန့် ခေါင်းညိတ်ရင်း သူ့နာမည် သော်တာဖြူစင် ဆိုတာ ကို သတိရသွားသည်..။
ထူးခြားတဲ့ တိုက်ဆိုင်မှု လား အောင်ကျော်ဦးဖန်တီးတဲ့ ကံကြမ္မာလားတော့ မသိ..။
နှစ်ယောက်တွဲ၍ စင်မြင့်ပေါ် ကို ရောက်သွားသည်..။
ဆရာ ဆရာမ တွေ အပြင် နာမည် ကျော် စာရေးဆရာတွေလည်း ပါသေးသည်..။
"……….."
သော်တာ က အရင် သူ့လက်ထဲက စာရွက်ကို ဖတ်နေချိန် နေရှင်းသန့်ကတော့ နည်းနည်း ရင်ခုန်နေသည်..။
တစ်စုံတစ်ခု လွဲချော်သွားမှာ စိုးရိမ်လို့ စာလုံးတွေကို အာရုံစိုက် နားထောင်မိသည်..။
"ဒေါက်တာ…ဟန်ထူး…ဟန်…ဟန်…"
နေရှင်းသန့် ဘေးနားက ကောင်မလေး ရွတ်လိုက်တဲ့ နာမည်ကြောင့် ရယ်သံတွေ ဆူသံမသွားပေမဲ့ ပြုံးစေ့စေ့ တွေ ဖြစ်ကုန်သည်..။
ကိုယ်ဖတ်ရမဲ့ အပိုဒ်ကို မရောက်သေးပေမဲ့ ဘေးနားက ကောင်မလေး တုန်တုန်ယင်ယင် ဖြစ်ရင်း ရှေ့မဆက်နိုင်တာ ကို သနားမိသည်..။
"ဟုတ်ကဲ့…ကြွရောက် ဂုဏ်ပြု ပေးကြသော ဒေါက်တာ ဟန်ထွဋ်…ဒေါက်တာ စိုးကျော်သူ …ဒေါက်တာ မိုးမိုးေ၀ တို့ကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ် ခင်ဗျာ….ပွဲ ဖြစ်မြောက်အောင် အဖက်ဖက် မှ ကူညီဝိုင်းဝန်းပံပိုး ပေးကြသော ဆရာ ဆရာမ များနဲ့ ကျောင်းသား ကျောင်းသူ များကိုလည်း ကျေးဇူးတင်ရှိပါတယ်..ခင်ဗျာ….အခုဆိုရင် ကျွန်တော်တို့ရဲ့ ကျောင်းဂုဏ်ဆောင် star lady အဖွဲ့မှ ဖျော်ဖြေတင်ဆက်မှာ ဖြစ်ပါတယ်…"
နေရှင်းသန့် ကြောက်စိတ်ကို ချိုးပြီး နောက်တန်းက သူငယ်ချင်းတွေကို ကြည့်ရင်း ခပ်မြူးမြူးလေး ပြောလိုက်သည်..။
လက်ခုတ်သံတွေ ဆူညံသွားပြီး သီချင်းအဖွဲ့ စင်ပေါ်ရောက်လာတော့မှာ စင်နောက်ကို ဝင်ပြီး သက်ပြင်းချရတော့သည်..။
"ကျေး..ကျေးဇူးတင်ပါတယ်နော်…"
"ရပါတယ်…."
"သော်တာ…ကြောက်လို့ မလုပ်ပါဘူးဆို…အတင်းထည့်တာပဲ…တစ်ခါမှ မလုပ်ဖူးဘူး…အရေးထဲ စာလုံးတွေက ပျက်နေတော့ ဘာဆက်ဖတ်ရမှန်း မသိတော့ဘူး…"
"ဟုတ်တယ်….ကျွန်တော့်ဆီမှာလည်း ပျက်နေတယ်လေ….ကိုယ့်ဟာကို ဆက်စဉ်းစားပြီး ပြောလိုက်တာပါ…အဟွင်း…ကျွန်တော်လည်း ကြောက်တယ်….တော်သေးတာပေါ့..အဆင်ပြေသွားလို့…"
"တော်သေးတာပေါ့..ဒီက တွေးတက်လို့…မဟုတ်ရင် စင်ပေါ်မှာ ကိုးရိုးကားယား ဖြစ်နေပြီ…"
နေရှင်းသန့် စာရွက်ကိုင်ရင်း ခေါင်းညိတ်လိုက်ပေမဲ့ အဆုံးသတ် သူမ အပြုံးကို ငေးကြည့်နေမိသည်..။
အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်း နဲ့ နှာခေါင်းလုံးလုံးလေးတွေကို ခဏခဏ တွေ့ဖူးခဲ့ပါသည်..။
ဒါပေမဲ့ သူမရဲ့ သားတက်လေးကတော့ သူမ အပြုံးအောက်မှာ ပုန်းခိုနေသည်လေ..။
"………."
နေရှင်းသန့် သတိဝင်ပြီး အကြည့်လွဲလိုက်ကာ သူမ ပခုံးကို ကျော်ပြီး နောက်က အောင်ကျော်ဦး ကို လက်ထောင် ပြလိုက်သည်..။
သူမ ကလည်း ကြောင်တောင်တောင် ပုံစံလေး ဖြင့် လှည့်ကြည့်သည်..။
"နောက်တစ်ခါ ထွက်ရင်လည်း ဒီက ကူညီဦးနော်…"
"ကျွန်တော့် နာမည် နေရှင်းသန့်ပါ .."
"သြော်..ဟုတ်ကဲ့…..သော်တာ က သော်တာဖြူစင်ပါ..ကိုနေရှင်းသန့်…"
"အတန်းတူနေတာပဲ…နေရှင်းပဲ ခေါ်ပါ…ရပါတယ်…."
"အင်း…."
"ဒါနဲ့….ခုကတည်းက စာရွက်တွေ သွားလဲ ထားရင် ကောင်းမယ်….မှင်ကုန်နေလို့ ဖြစ်မယ်…တော်တော်များများက စာလုံးပျက်နေတယ်….သေ်ာတာ့ စာရွက်လည်း ပေးလိုက်လေ…ကျွန်တော် သွားလဲပေးမယ်…"
"ဟုတ်သားပဲ…ကျေးဇူးနော်…"
"………."
နေရှင်းသန့် ခေါင်းညိတ် ပြီး အသိအမှတ်ပြုကာ စာရွက်တွေယူ၍ အောင်ကျော်ဦး ဆီကို ထွက်လာခဲ့လိုက်သည်..။
သော်တာ့ သူငယ်ချင်းတွေက သော်တာ့ အနားကို ဝိုင်းအုံသွားသလို နေရှင်းသန့်လည်း အနားက သူငယ်ချင်းတွေကို ခပ်တိုးတိုး ဆဲရေးလိုက်သည်..။
ဒါ တမင်ဇာတ်တိုက်ပြီး ဖူးစာရေးချင်တဲ့ လုပ်ကွက်တွေလေ..။
3101-03-52-0206-1131
.
"စိုးစိုး..စိုးစိုးမလား…"
"…………"
စိုးစိုး မျက်လုံးပြူးဖြင့် လှည့်ကြည့်လိုက်သည်.။
မသိသော အမျိုးသမီး တစ်ယောက် ဖြစ်နေသည်..။
အို…ဘာလို့ လှည့်ကြည့်မိတာလည်း….ငါ့နာမည် စိုးစိုး မှမဟုတ်တာပဲ…။
"လူမှားနေတယ်ရှင့်…"
"သြော်….အင်း…တူသလိုလို ရှိသား..အရင်က စစ်ကိုင်းဘက်မှာ နေသလားဟင်…"
"………"
စိုးစိုး ပြုံး၍ ခေါင်းရမ်းပြလိုက်သည်…။
အမျိုးသမီးက သေချာ အကဲခတ် ကြည့်ပြီးမှ လူမှားသွားလို့နော် စိတ်မရှိပါနဲ့ လို့ တောင်းပန်သွားသည်..။
စိုးစိုး ကားပေါ် ရောက်ချိန် အရုပ်ကြိုးပျက် ဖြစ်ရသည်..။
ကားနောက်မှီကို ခေါင်းကပ်ပြီး မျက်လုံးတွေ မှိတ်ထားလိုက်သည်..။
ဘယ်သူလဲ…။
ဘယ်သူ ဖြစ်ဖြစ် အရေး မကြီးပါဘူး..။
ဘယ်သူလဲ ဆိုတာလည်း မသိချင်ပါဘူး..။
ဘာဖြစ်လို့များ လာနှုတ်ဆက်တာလဲ…။
စိုးစိုး က အတိတ်တွေကနေ အမြဲတမ်း ပြေးလွှား ပုန်းကွယ်နေရသူလေ..။
အတိတ်ကို မရင်ဆိုင်ရဲလို့ ရှောင်ပုန်းနေရတဲ့သူပါပဲ…။
ဘယ်တော့မှ မပြောင်းလဲဘူး ထင်ပါရဲ့..။
"စိုးစိုး…"
"ပေါ့ပီ…"
"ဘိန်းပန်းလေး လို နာမည်ပေးထားတာပဲ…ဟုတ်လား…"
"………….."
ပန်းနာမည် လှလှလေးတွေ အများကြီး ရှိရဲ့သားနဲ့ ဘာလို့များ ဒီနာမည်ကြီး ပေးထားတာလဲ..။
စိုးစိုး နာမလည်ပေမဲ့ စိုးစိုး ဆိုတဲ့ နာမည်ထက် စာရင် သဘောကျပါသည်..။
ဖုန်းသံမြည်လာတော့မှ မျက်လုံးတွေ ဖွင့်ကာ ဖုန်းကိုင်လိုက်သည်..။
"ဟလို…"
"ပီပီ…"
"အင်း…"
စိုးစိုး နာရီကို ကြည့်လိုက်သည်..။
စနေနေ့လည်း မဟုတ်သလို ညပိုင်းလည်း မဟုတ်ပါဘူး..။
စိတ်ထဲ နည်းနည်း ပူသွားသည်..။
"ငါ တို့ သူငယ်ချင်းတွေနဲ့ ချောင်းသာ သွားမလို့သိလား.."
"သြော်…အင်း…"
"ငါ ပင်လယ် မရောက်ဖူးဘူးလေ…ဟိုကျရင် နင့်ကို ပင်လယ်ပုံပို့လိုက်မယ်…"
"ရေမကူးတက်ပဲ ပင်လယ်ထဲ မဆင်းနဲ့နော်….နေရှင်းသန့်…"
"ဟာ…ပင်လယ်သွားတာ ရေကူးချင်လို့ လေ…"
"အိုး….ရေကူးတက်တာလည်း မဟုတ်ပဲ ဘာလို့ကူးမှာလဲ….အန္တရယ်လည်း များတယ်…"
"သူငယ်ချင်းတွေကို သင်ခိုင်းမှာပေါ့….ရေထဲတော့ ဆင်းရမှာပဲလေ…ဘာမှ မဖြစ်ပါဘူး…ငါက အတက်မြန်ပါတယ်…"
"မတူဘူး…သေချာသင်ပြီးမှ ကူးစမ်းပါဟယ်…နင့်အကြောင်း ငါသိတယ်….ရေမြင်ရင် စပ်စပ်လူးထပြီး ဆင်းပြေးမှာပဲ…ပြီးမှ ယက်ကန်ယက်ကန် ဖြစ်နေမယ်…"
"ဟာ…ပီပီး….ကျစ်…တော်ပြီဟာ…မပြောတော့ဘူး…"
"လုံး၀ မကူးနဲ့နော်…"
"ကူးမယ်…"
စိုးစိုး လက်ထဲက ဖုန်းကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်..။
အလုပ်ကို ရောက်ခဲ့ပေမဲ့ စိတ်ပူရပါသည်..။
သူ့ဘက်က ကြည့်တော့ လူငယ် တစ်ယောက်မို့ လွတ်လပ်စွာ စွန့်စားချင်သည်..။
စိုးစိုး ဘက်က ကြည့်တော့လည်း လူကြီးတစ်ယောက် အတွေးဖြင့် အန္တရယ်တွေ များလွန်းပါသည်..။
တစ်နေ့ကုန် အလုပ်ထဲစိတ်မရှိပဲ ပင်လယ်ကိုသာ ရောက်ရောက်သွားနေတာ ခက်သည်..။
ညအိပ်ချိန်ထိ နေရှင်းသန့် ရေကူးနေမှာ စိုးရိမ်နေဆဲ..။
ဖုန်းကို ကောက်ယူပြီး ခေါ်လိုက်တော့လည်း ဖုန်းပိတ်ထားသည်တဲ့လေ..။
စိုးစိုး စာအုပ်ဖတ်ရင်း သက်ပြင်းတွေ ခဏခဏ ချမိသည်.။
ထို့နောက် တစ်စုံတစ်ခုကို သတိရပြီးရယ်မိပြန်သည်..။
အို…နေရှင်းသန့်ရယ်….။
တစ်ခါတလေ ကျပြန်တော့ နင်က က ငါ့အတွက် နတ်သားလေးပဲ..။
မနက်က တွေ့ခဲ့တဲ့ စိုးစိုး အတိတ်က သိခဲ့သူ..။
အတိတ်တွေကို အမြဲကြောက်ရွံခဲ့ရသူပါ..။
အခုတော့…။
စိုးစိုးရဲ့ အတိတ်တွေ အားလုံး ကို မေ့ပျောက်ပြီး နေရှင်းသန့်ကိုသာ စိတ်ပူနေမိတာလေ..။
ဒီကောင်လေး ကို မွေးစားရတာ ပင်ပန်းပေမဲ့ အတိတ်ရဲ့ အကြောင်းအရာတွေကိုတော့ မေ့ထားနိုင်သည်..။
သူ မကြိုက်မှန်း သိရဲ့နဲ့ ဘာဖြစ်လို့ များ နားပူအောင် ဆူမိလည်း မသိပါဘူး..။
ငါတော့ နင့်ကြေင့် အဘွားအရွယ်ရောက်နေပြီ ထင်ပါရဲ့ နေရှင်းသန့်ရယ်..။
သူ့ အမြင်မှာ အဘွားကြီးလို ဖြစ်နေမှာတော့ မလိုလားပါဘူး..။
စိုးစိုး ခေါင်းရမ်းရင်း စာမဖတ်ပဲ ပြုံးနေမိသည်..။
.
"ဟာ….နေရှင်းတို့…ရောက်နေတာလား…"
"အင်း…သော်တာကော သူငယ်ချင်းတွေနဲ့ လား.."
"မဟုတ်ဘူး…မာမီတို့နဲ့ လာတာပါ…"
"သြော်…."
"လာပါလား…ဟိုမှာ….အုန်းရေသောက်နေကြတာလေ…..နည်းနည်းသောက်လေ……လာ…"
တော်ပါသေးရဲ့ ဘောင်းဘီပေါ် ပုဆိုး တစ်ထည် ထပ်ဝတ်ခဲ့ပေလို့…။
တကယ်တော့ နေရှင်းသန့် ရေကူးပြီး ပြန်တက်လာခြင်းဖြစ်သည်..။
ကမ်းခြေဘက် ဟိုတယ်တွေက လူပြည့်နေတော့ တစ်ဖက်ပိုင်းက တည်းခိုခန်းမှာ တည်းရသည်..။
အခုကတည်းက ပြန်သွားရင်တောင် လူများလို့ ရေချိုးဖို့က တန်းစီရင် စီရဦးမှာလေ..။
ငြင်းလိုက်မယ် လို့ တွေးထားပေမဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ တောက်ပ စွာဖြင့်ခေါ်နေတော့ အားနာသည်..။
"ရေတွေ စိုနေလို့…နောက်မှပဲ..."
"ဟာ…ဘာဖြစ်လဲ…လာပါ….ဒက်ဒီလည်း ခုမှ တက်လာတာ…လာ…"
ကမ်းခြေ ခပ်လှမ်းလှမ်းမှာ ကျန်ခဲ့တဲ့ ကိုယ့်အဖွဲ့ကို လည်း စောင့်ရဦးမှာမို့ ခေါင်းညိတ်ကာ လိုက်သွားမိသည်..။
သော်တာ့ရဲ့ အမေကတော့ အပြုံးနဲ့ ဆီးကြိုပေမဲ့ အဖေကတော့ ခေါင်းသာညိတ်ပြသည်..။
မိသားစုနဲ့ ဆိုပြီး ခုကျတော့ သုံးယောက်တည်း….။
သေလိုက်ပါတော့လို့ အနေရခက်စွာဖြင့် စိတ်ထဲမှ ကျိန်ဆဲနေမိသည်..။
"အင့်….ဒါ…သော်တာ့ သူငယ်ချင်း..နေရှင်းသန့်တဲ့..မာမီရဲ့…မာမီ သိတယ်မလား."
"အင်း…အင်းသိတာပေါ့…သမီးကို စတိတ်ပေါ်မှာ ကူညီလိုက်တယ် ဆိုတဲ့ တစ်ယောက်…"
"အဟွင်း..ဟုတ်တယ်…"
နေရှင်းသန့်ကို အုန်းသီး တစ်လုံး လှမ်းပေးတော့ ယူလိုက်သည်..။
မသောက်ချင်သော်လည်း မြန်မြန်ကုန် မြန်မြန် အေးဆိုပြီး ပိုက်နဲ့ တစ်ချက် သောက်လိုက်သည်..။
ဒေါ်ပွစိကို သတိရတော့မှ ဖြည်းဖြည်း တစ်ငုံ့သောက်ကာ ပြန်ချထားလိုက်မိသည်..။
"ဟွန့်…အန်တီကြီးကလည်းဘယ်သွားလဲ မသိဘူး…"
"……….."
"ဧည့်သည်တွေ များလို့ ဖြစ်မယ်…"
".ဒီမှာ အုန်းသီး စားချင်လို့ကို…"
"သြော်…ခွဲဖို့လား….ကျွန်တော် ခွဲပေးမယ်လေ…"
နေရှင်းသန့် နောက်မှာ ရှိတဲ့ အုန်းသီးဆိုင်ထဲ ဝင်ပြီး ကလေးလေး ဆီက ဓားငှားလိုက်သည်..။
အုန်းသီး ခွဲပြီး ဇွန်းတပ်ကာ ချပေးတော့ သော်တာ့ အမေက အရင်ခပ်စားသည်..။
"နုနုလေး ကိုရဲ့….စားလေ…ကိုနဲ့ တည့်တယ်…"
"………."
အုန်းသီး တစ်လုံးနဲ့ အဆင်မပြေတော့လို့ သူတို့ ချထားတဲ့ အုးန်သီး လေးလုံးကို ခွဲပြီး ပေးလိုက်သည်..။
"ဟို…ပြန်လိုက်ပါဦးမယ်….အန်တီ…နဲ့ အန်ကယ်…"
"သားတို့ ဘယ်မှာနေလဲ…"
"ဒီဘက်ပိုင်းမှာ မရလို့ ဟိုးဘက်မှာ နေပါတယ်…"
"ညကျရင်လာခဲ့လေ…ဒင်နာ အတူတူ စားကြတာပေါ့…"
"ဟို….ကျွန်တော့်သူငယ်ချင်းတွေလည်း ပါတော့လေ…"
"သမီး သူငယ်ချင်းတွေပဲပေါ့…သမီးကလေ…တစ်ယောက်တည်း မို့ ပျင်းနေတာ…ခေါ်ခဲ့ပေါ့…လာခဲ့နော်…အန်တီတို့ စောင့်နေမယ်…"
"ဟုတ်ကဲ့…ဒါဆို….ခွင့်ပြုပါဦး.."
"………….."
ကမ်းခြေကို တက်လာတဲ့ အောင်ကျော်ဦးတို့ ဆီကို ပြန်သွားရသည်..။
"ဟီး..ဟီး…ယောက်ခမကြီး ကို ချုပ်လိုက်ပြီကွ…."
"ဒီဗလ တွေက ဒီတစ်ခါတော့ အားကိုးရတယ်ကွာ…"
နေရှင်းသန့်ရဲ့ လက်မောင်းကို ဖျစ်ပြီး တဟီးဟီး နဲ့ ဖြစ်နေသည့် အော်ကျော်ဦးနဲ့ ထွဋ်နိုင် တို့ကို လက်သီးနဲ့ ဖွဖွ ထိုးပစ်လိုက်သည်..။
အဲလို သဘော ရောက်သွားမယ်လို့ မထင်ပါဘူး..။
တကယ်တော့ ဒေါ်ပွစိ ပြောခဲ့တာကိုသတိရလို့ လုပ်ပေးလိုက်ခြင်း ဖြစ်သည်..။
"ခိုင်းမှ လုပ်တာ မကောင်းဘူး…အဲဒါ..အလုပ်သမားစိတ်ပဲ..ဘာပဲ ဖြစ်ဖြစ် အမြင်မတော်ရင်…တက်နိုင်တဲ့ ဟာကို ကူညီလိုက်….သူစိမ်းဖြစ်ဖြစ် မိတ်ဆွေ ဖြစ်ဖြစ် ပေါ့….တစ်ဖက်က ကျေးဇူးတင်တင်….မတင်တင်….ကူညီတယ်ဆိုတာ ကောင်းတဲ့ အလုပ်ပဲလေ…"
"…………"
နေရှင်းသန့် ပြန်ကြားယောင်ရင်း ပြုံးမိသွားသည်..။
သူ့အိမ်မှာ နေတုန်းက မာချယ်တို့ မာမေတို့ ခိုင်းမှ ပြေးလုပ်ပေးလို့ အမြင်မကြည် ခံခဲ့ရသည်..။
နေရှင်းသန့် ကလည်း သူနဲ့ပတ်သက်တာကိုပဲ အပြေးအလွှား ကူညီ လုပ်ပေးချင်သည်..။
တခြားသူဆိုရင် ဖားတယ်လို့အထင်မခံနိုင်တာကြောင့် တစ်ခါမှ အလိုက်တသိ မလုပ်ပေးခဲ့ဘူးပါ..။
သူ ပြောလွန်းတော့ အမြင်မတော်တာ အားလုံး လုပ်မိသည်..။
အခုတော့ အကျင့်ကြီးက ပါနေပြီ.။
ရေကူးနေတာသာသိရင် ဘာတွေ ဆူဦးမလဲ မသိ..။
နေရှင်းသန့် ဓာတ်ပုံတွေ ရိုက်ထားပေမဲ့ မပို့ဖြစ်သေးပါ..။
ဒေါ်ပွစိရဲ့ စကားလုံးတွေက စကြာဝဋ္ဌာရဲ့ အမှုန့်အမွှားပေမဲ့ နားမခံနိုင်ပါ..။
.
"ဟေ့ကောင်….ငထွဋ်…အဝတ်လဲလေကွာ.."
"လဲထားတယ်လေ.."
"ဘောင်းဘီတိုကြီး သွားလဲစမ်းပါ….စမာစမတ် မရှိလိုက်တာ…"
"မလိုပါဘူးကွာ…"
နေရှင်းသန့် ဘာမှ မပြောတော့ပဲ ဆံပင်ကို အကျအန ဘေးခွဲ လိုက်သည်..။
အလယ်ထောင်လိုက်ရင် ဘေးနှစ်ဘက်မှာ ကော်ဖီဖောက်ဆိုးထားတဲ့ ဆံပင်တွေက ကြောင့် ဘေးခွဲရခြင်းဖြစ်သည်..။
စပို့ရှပ် မိုးပြာရောင် နဲ့ ဂျင်းချည်သား အနက်ရောင်ဘောင်းဘီ တွဲဝတ်ကာ မှန်ထဲမှာ တစ်ချက် ကြည့်ရသည်..။
"………"
"နေကြီး…ငါလိုက်လို့ ဖြစ်ပါ့မလား.."
"ဖြစ်ပါတယ်ကွာ….လာစမ်းပါ…"
"………"
နေရှင်းသန့် ခေါ်သာ ခေါ်ခဲ့ရပေမဲ့ ကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားနေပါသည်..။
သော်တာနဲ့တောင် သေချာ ရင်းနီးသေးတာ မဟုတ်ပဲ သူ့မိဘတွေနဲ့ ထမင်းတူတူ စားရမယ်ဆိုတော့ စိတ်ထဲ အဆင်မပြေသလို ခံစားရသည်..။
လူကြီး တစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကိုပျက်ကွက်လို့လည်း မဖြစ်တော့ ထွက်လာခဲ့ကြသည်..။
"ဟော…လာကြပြီ…"
"ထွဋ်နိုင် လည်း ပါလာတာပဲ…လာ..လာ…သော်တာ က စောင့်နေတာ…ကျန်တဲ့သူတွေကော…"
"ဟိုကောင်တွေက ကမ်းခြေဆင်းသွားလို့…"
"သြော်…လူက နည်းနေတယ်…အဟွင်း…"
မိုးပြာရောင်မှာ အပွင့်အခက်တွေပါတဲ့ ဂါဝန်ဝဲလေးဖြင့် သော်တာ က ရှေ့မှ ဦးဆောင် လျှောက်သွားတော့ နေရှင်းသန့် နဲ့ အကျီ ၤ ဆင်တူဖြစ်နေတာကို အားနာရင်း နောက်ကလိုက်သွားရသည်..။
သေကရော..။
ထမင်းစားပွဲမှာ နိုင်ငံခြား ပုံစံ အပြင်အဆင်တွေနဲ့ ပြည့်နေတာမို့ စိတ်မောရပြန်သည်..။
မီးရောင် ဝါဝါ အောက်မှာ ဟင်းပွဲ အစုံအလင် ဖြင့်စောင့်ကြိုနေသည်..။
တကယ်ဆို လူငယ်ဝိုင်း သပ်သပ် လူကြီးဝိုင်း သပ်သပ် ဆို အဆင်ပြေဦးမည်..။
အခုတော့ ကုလားထိုင် ရှစ်လုံးလောက် နဲ့ စားပွဲဝိုင်းကြီးမှာ ဝင်ထိုင်လိုက်ရတာ စိတ်က မသက်သာ.။
"ဆောရီး အန်တီ နောက်ကျသွားလား.."
"မကျပါဘူး…သားရဲ့…အန်တီတို့လည်း ခုမှ တက်လာခဲ့တာလေ…."
"……….."
ညစာ ဆိုပေမဲ့ ထမင်းပန်းကန်လည်း မတွေ့..။
"စားနော်…."
နေရှင်းသန့် ရှေ့က ရေခွက်ကို ယူပြီး ရင်ပူ သက်သာအောင် နည်းနည်း သောက်လိုက်ရသည်..။
"စားကြနော်…အားမနာနဲ့…"
"ဟုတ်ကဲ့…"
ဟုတ်ကဲ့ ဆိုပြီး ဇွန်း ခက်ရင်း ကောက်ကိုင်လိုက်ရပေမဲ့ ရောက်လာတာက ပန်းကန်အပြည့်စာ ရှိနေတဲ့ ဂဏန်းဟင်း..။
ဘဝတူ ထွဋ်နိုင် က မျက်စိမျက်နှာပျက်ကာ နေရှင်းသန့်ဘက်ကို တစ်ချက်လှည့်ကြည့်သည်..။
စာမေးပွဲခန်းထဲမှာ အခက်အခဲ တွေ့နေလို့ ကူညီခိုင်းသည့် မျက်လုံးမျိုး..။
သော်တာ့ရဲ့ အဖေ နဲ့ အမေကတော့ ပုစွန်ကို ဓားနဲ့ ပါးပါးလှီးပြီး စ စားနေပြီ..။
"စားကြလေကွာ….အားမနာနဲ့…"
"ဟုတ်ကဲ့…"
"………"
ပတ်ဝန်းကျင် စားပွဲကို တစ်ချက် အကဲခတ်လိုက်တော့ လက်အိတ်တွေနဲ့ ကိုင်စားကြသည်..။
လက်အိတ်လည်း မရှိပဲနဲ့ ဘာဖြစ်လို့များ ဂဏန်း ငါးပွဲလောက်မှာထားပါလိမ့်…။
အစတုန်းကတော့ ဂဏာန်းမစားတက်ဘူးလို့ ရိုးရိုးသားသား ဝန်ခံလိုက်မိတော့မလိုပါပဲ..။
"ခွင့်ပြုပါဦး..ခင်ဗျ…"
ဘေးက မျက်နာ မသာမယာ ဖြစ်နေတဲ့ ထွဋ်နိုင်ကို တစ်ချက်ကြည့်ပြီးနောက်တော့ နေရှင်းသန့် စားပွဲက ထ လာခဲ့လိုက်သည်.။
ကောင်တာ ကို သွားပြီး လက်အိတ်တောင်းတော့ချပေးဖို့ မေ့သွားလို့ တောင်းပန်သည်..။
"……."
"ကျွန်တော် လုပ်ပေးပါရစေ…အန်ကယ်…"
"အင်း…"
သော်တာ အဖေ က ခေါင်းညိတ်တော့မှ ရှေ့က ပန်းကန် ကို ယူပြီး ဂဏာန်းကို ခွဲကာ အသားတွေ သပ်သပ် ထုတ်လိုက်သည်..။
ပန်းကန် တစ်ခုထဲ ထည့်ပေးပြီး သပ်သပ်ရပ်ရပ် ဖြစ်အောင် အချည်ရည်လည်း စမ်းထည့်ပေးရသည်..။
သော်တာ အမေ နဲ့ အဖေ ပြီးတော့မှ ထွဋ်နိုင် ပန်းကန်ကို ယူကာ အသားထုတ်ပေးတော့ ကယ်တင်ရှင်ကြီးဆိုတဲ့ မျက်နှာပေးဖြင့် ပြုံးပြသည်..။
"ဟယ်….နေရှင်း လုပ်လိုက်တာလား…သော်တာ က လက်အိတ်သွားယူရင်း အခန်း ခဏ ပြန်လိုက်တာ…ဟီး.."
"………"
"………."
နေရှင်းသန့် ပြုံးပြလိုက်ပြီး လက်အိတ် အဟောင်းကို အနားက အမှိုက်တောင်းထဲ ထည့် ၍ လက်အိတ်အသစ်စွပ်လိုက်သည်..။
သော်တာ့ ပန်းကန် ကို လှမ်းယူပြီး ပုဇွန် ကော ဂဏာန်းပါ အခွံနွှာပေးတော့ သော်တာ က မျက်ဝန်းလဲ့လဲ့လေးဖြင့် ကျေးဇူးလို့ ပြောပြန်သည်..။
"နေရှင်းသန့် က ပင်လယ်ဘက်ကလား….."
"မဟုတ်ပါဘူးခင်ဗျ…"
သော်တာ့အဖေက ပထမဆုံး စကားပြောတာမို့ ရိုရိုသေသေ ပြန်ပြောလိုက်သည်..။
ဇွန်းနဲ့ ပုစွန် ပိုင်းယူကာ ခပ်ပြီး သူ့ဇနီးကို ခွံကျွေးတော့ ပြုံးချင်သွားသည်..။
"မဖြေချင်လို့ မဖြေတာတို့ မမေးလို့ မဖြေတာတို့ က ယဉ်ကျေးမှု မရှိတာပဲ….လူကြီးတစ်ယောက်က မေးခွန်းတစ်ခုကို မေးတဲ့အခါ ကိုယ့်အတွက်အခက်အခဲ မရှိရင် နားလည်သဘောပေါက်လောက်အောင်တော့ ပြောပြရတယ်…"
"………."
နေရှင်းသန့် ပုစွန်ကို ခက်ရင်းနဲ့ ထိုးနေရင်း ဒေါ်ပွစိ ပြောခဲ့တာ သတိရပြန်သည်..။
အနားမှာ မရှိတာတောင် မလွတ်ပါလားနော်..။
သိပ်လွန်တာပဲ….အဘွားကြီးရယ်…။
"ကျွန်တော်ရဲ့ မွေးဇာတိ ကတော့ ကရင်ပြည်က ရွာတစ်ရွာပါ ခင်ဗျ….နောက်မိဘတွေ ဆုံးသွားတော့ အဘိုးက ခေါ်မွေးထားတယ်…..အဘိုးနဲ့အတူ ပြင်ဦးလွင် အကျော် နားက ရွာ တစ်ရွာမှာ နေပါတယ်ခင်ဗျာ…"
"ဒါဆို..ရန်ကုန်မှာ ကျောင်းလာတက်တာပေါ့…ဘယ်မှာနေလဲ…"
"ဟို….ကျွန်တော့်သူငယ်ချင်းတွေနဲ့ တိုက်ခန်းငှားနေပါတယ်…"
"အင်း…အင်း….အဘိုးတွေ ကကော ဘာလုပ်လဲ…"
"တောင်သူပါ…"
နေရှင်းသန့် လွယ်လွယ်ပြောလိုက်ပေမဲ့ ကိုယ့်ကိုယ်ကို မလုံမလဲ ဖြစ်သွားသည်..။
တောင်သူ ပါပဲလို့ ဖြေသိမ့်ရသည်..။
"သြော်….ကောင်းပါတယ်…."
"အန်တီက မေမြို့တို့ကလောတို့ ကြိုက်လို့ ခဏခဏ ရောက်ဖြစ်တယ်…."
"ဟုတ်ကဲ့….ရောက်ရင် ဝင်ခဲ့ပါခင်ဗျာ…"
"ရန်ကုန်မှာကော အသိမိတ်ဆွေ မရှိဘူးလား.."
ရှေ့မှာ ချထားတဲ့ ဝိုင်ခွက် နီနီကို မြှောက်ရင်း မေးတော့ နေရှင်းသန့် ခေါင်းညိတ်၍ ခွက်ကို ကိုင်လိုက်သည်..။
ဝိုင်သောက်ပြီး ခွက်ကို ချလိုက်တော့မှ
"ကျွန်တော့်အလုပ်ရှင်နဲ့တော့ ရင်းနှီးပါတယ်…သူတို့က မိတ်ဆွေတွေလိုပါပဲ…"
"အလုပ်ရှင်….ကျောင်းတက်ရင်း အလုပ်လုပ်နေတာလား…"
"ဟုတ်ပါတယ်…ခင်ဗျ…"
"ဘာ အလုပ်လဲ…"
"မိုဘိုင်းဆားဗစ်ပါ…."
"သြော်…..နေပါဦး….မင်း ဘယ်အချိန်လုပ်တုန်း…ကျောင်းလည်း တက်တယ်ဆို…"
"သင်တန်းဆင်းချိန်..ညပိုင်းပါ ခင်ဗျာ…"
နေရှင်းသန့် အဖြေကြောင့် မျက်ခုံးတစ်ချက် တွန့်ပြီးမှ ခက်ရင်းကို ကောက်ကိုင်လိုက်ကာ…။
"ညပိုင်းလည်း လုပ်လို့ရတာပဲလား…"
"ဟုတ်ကဲ့….ကျွန်တော် ကျောင်းမတက်ခင်ကတည်းက သင်တန်းတွေတက်ပြီး အဲဒီမှာ စ လုပ်တာပါ…..ခုတော့ လုပ်သက်လည်း ရလာပြီး နည်းနည်းကျွမ်းကျင်နေပြီမို့ အိမ်ကို ယူခွင့်ပေးပါတယ်….ကျွန်တေ်ာ့အခန်းထဲမှာပဲ အလုပ်လုပ်လို့ရနေပါပြီ.."
"သြော်…ဟား..ဟား…အဆင်ပြေသားပဲကွ…"
"……….."
နေရှင်းသန့် ခေါင်းညိတ်ပြီး ပန်းကန်နဲ့ ဇွန်းကို အသံမထွက် ထိန်းရင်း စားလက်စ ပုစွန်ကို ပိုင်းဖြတ်လိုက်သည်..။
ထွဋ်နိုင် ကို တစ်ချက်လှည့်ကြည့်တော့ ပိုင်းဖြတ်ပေးထားတဲ့ ဂဏန်းသားတွေကိုပဲ ချွေွတာ စားနေသည်..။
"အန်ကယ်ကတော့ ကျောင်းတက်ရင်း အလုပ်လုပ်တာကို ကြိုက်တယ်…အန်ကယ့်တုန်းကလည်ဒီလိုပဲ…ဒါကြောင့် အားပေးတယ်…လိုအပ်တာဆို အချိန်မရွေးပြောပါ….သြော…ဒါနဲ့….အကူအညီ တစ်ခုလည်း တောင်းချင်သေးတယ်ကွ.."
"ဟုတ်ကဲ့…ပြောပါ ခင်ဗျာ…"
"ရှေ့လကျရင် အန်ကယ်တို့ ကုမ္ပဏီနဲ့ တခြား ကုမ္ပဏီ တွေ ပူးပေါင်းပြီး ပစ္စည်းသစ် မိတ်ဆက်ပွဲ နဲ့ ပြပွဲ တစ်ခု လုပ်စရာ ရှိတယ်…"
"ဟုတ်ကဲ့…"
"MC လုပ်ပေးချင်လား…"
"……….."
"ဒက်ဒီကလည်း…"
"နေရှင်း လုပ်လို့ အဆင်ပြေသွားတာ ဒက်ဒီတွေ့လို့ ကမ်းလှမ်းတာပါကွာ…"
"…….."
နေရှင်းသန့် ဖြေရခက် သွားပေမဲ့ တစ်ဖက်က လူကြီး တစ်ယောက် စောင့်နားထောင် နေတာကြောင့် အားနာသည်..။
"ကျွန်တော် မကျွမ်းကျင်တဲ့ အလုပ်တစ်ခုပါ အန်ကယ်…ဒါပေမဲ့အတွေ့အကြုံသစ်တွေ ရမယ်လို့ မျှော်လင့်ပါတယ်….ကျွန်တော် တက်နိုင်သလောက် ကြိုးစားပေးပါ့မယ်…"
"အိုကေ…သင့်ခ်ယူ…မင်း လုပ်နိုင်မှာပါ…"
"……….."
"နေရှင်းသန့် …ကျောင်းမှာလည်း စာတော်တယ်နော်…သမီးကိုလည်း ပြပေးဦး…"
"လိုက်နိုင်ရုံပါပဲ..အန်တီ….သော်တာကလည်း စာကြိုးစားပါတယ်…."
"အဟွင်း…ကြိုးစားတယ်…နေရှင်းကို လိုက်မမှီဘူး…"
"………."
"အန်တီက ကမ်းခြေကို ပိုကြိုက်တယ်….သမီးက မလိုက်ချင်ဘူးလေ….အတင်းခေါ်ခဲ့ရတယ်…"
"ကျွန်တော်လည်း ပထမဆုံး ရောက်ဖူးတာပါ…"
"အို….မထင်ရဘူး.."
"ခင်ဗျာ…"
နေရှင်းသန့် မလုံမလဲဖြင့် ကြောင်တောင်တောင် ဖြစ်သွားတော့ သော်တာ အမေ့က နှုတ်ခမ်းကို လက်နဲ့ကွယ်၍ ရယ်သည်..။
"ဆောရီး…အန်တီက သားကို beach ခဏခဏ ရောက်တယ် ထင်နေတာ…"
သူ့ရှေ့က ဂဏန်းပန်းကန်ကို မေးငေါ့ ပြတော့မှ သဘောပေါက်တော့သည်..။
"သြော်….အဟွင်း…မဟုတ်ပါဘူး..အန်တီ….ကျွန်တော် ခုမှ ပထမဆုံးရောက်ဖူးတာပါ…အမှန်အတိုင်း ဝန်ခံရရင် ဂဏာန်းလည်း ခုမှ စားဖူတာပါ…..အခုလို တန်ဖိုးကြီး ဟင်းအမယ်တွေ စားခွင့်ရလို့ သော်တာတို့ မိသားစုကို ကျေးဇူးတင်ပါတယ်နော်…"
"အို…အဟွင်း….သားကိုတော့ မာမီ မွေးစားချင်သွားပြီ….ပထမဆုံး ရောက်ဖူးတာဆိုတော့ ဘယ်လိုလဲ…"
"နည်းနည်းပူသလိုပဲ.. ပတ်ဝန်းကျင်မတူလို့ ဖြစ်မယ်….ကမ်းခြေကို ကြိုက်ပါတယ်…"
"ဟုတ်ပါရဲ့…ဟိုဘက်ပိုင်းတွေကျတော့ ရေတံခွန်တွေနော်…."
"ဟုတ်ကဲ့……"
"…………."
"…………."
"……………"
"……….."
နေရှင်းသန့် နဲ့ ထွဋ်နိုင် တစ်နာရီခွဲလောက် အချိန်ပေးပြီးနောက်မှ လက်စသတ်ခါ ပြန်ခွင့်ရတော့သည်..။
လမ်းမှာတော့ ထွဋ်နိုင် က အတော်လေး စိတ်ညစ်နေပြီ..။
"မင်းချည်းပဲ ပြောနေတော့ ငါက ဘာလုပ်ရမှန်းတောင် မသိဘူး.."
"တကယ်တော့ ထမင်းကျွေးပြီး ချုပ်ချင်တာပါကွာ….ငါ့ကိုသုံးချင်လို့..မင်းကို အသုံးမချပဲ ထမင်းကျွေးလိုက်တာ မင်းက မြတ်တာပေါ့ကွ…"
"နေစမ်းပါဦး…နေကြီး…မင်း က သင်တန်းတွေ ဘာတွေ တက်ထားတာလား.."
"ဘာလဲ…"
"ဂျန်နရယ် ဆန်ဆန်တွေ လေ….အလကားရတဲ့ သင်တန်းမှန် သမျှ အကုန်လိုက်တက်ထားတဲ့ကောင်ဆိုတော့ ဒါကြောင့် ကျွမ်းနေတာလားလို့…"
"မဟုတ်ပါဘူးကွာ…."
"မသိဘူးလေကွာ….တို့နဲ့ နေတော့ ပေါက်လို့ပဲစား…ဂျလေဘီ…ဂျပ်ပစီလိုကောင်….လူကြီးတွေရှေ့ကျမှာ စမာစမတ်တွေ ရှိနေတော့ ငါတောင် ရှိန်နေရတယ်…သင်တန်း ရှိရင်သွားတက်မလို့…."
"ဟား…ဟား…အခြေအနေနဲ့ အချိန်အခါအရပေါ့….စမာစမတ် သင်တန်းတက်ထားတာ မဟုတ်ဘူးဟ…ငါ့ဘွားတော် သင်တန်းတက်ထားတာပါကွ….ဟားဟား…"
"……….."
ကမ်းခြေ မှာ လမ်းလျှောက်ရင်း ရယ်နေတဲ့ နေရှင်းသန့်တို့ နှစ်ယောက်ကို ကောင်မလေး အုပ်စု တစ်စုက အကြည့်လှလှလေးတွေ ဝဲသွားသည်…။
ရုပ်ပိုင်းဆိုင်ရာလည်း တော်တော် ပြောင်းလဲသွားလို့ ထင်ပါရဲ့..။
ဒေါ်ပွစိကို ပြောပြချင်ပေမဲ့ ရန်ကုန်ရောက်မှပဲ ဖုန်းခေါ်ပါတော့မည်…။
နားပူအောင် ဆူပြီး သင်ပြပေးတုန်းက မုန်းဖို့ကောင်းပေမဲ့ ခုတော့ ကျေးဇူးတင်ပါတယ်…ပီပီ…။
နားပူခံခဲ့ရပေမဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာတော့ အတော်လေး အသုံးဝင်ပါသည်..။
3101-03-52◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆
📖💪❤
😢✍🙏Love U All ❤
࿇Sקicค Liຖ࿇
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...