ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(47)
Chapter-1
(အထူးလေ့ကျင့်ရေး)
"အရှင်ရှန့်ကွမ်… သွေးနီအလင်းတန်းမြို့မှာ ဘာတွေဖြစ်နေတာလဲ… အနီးအနားမှာရှိတဲ့ သဘာဝစွမ်းအင်တွေက သွေးနီအလင်းတန်းမြို့ပေါ်မှာ မရပ်မနား စုဝေးနေကြတယ်… ကြည့်ရတာ တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းအဆင့်တက်နေတာနဲ့တူတယ်… ဒါပေမဲ့ ဒီလိုဧရာမ သဘာဝစွမ်းအင်အတက်အကျကြောင့် ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုဂ္ဂိုလ်တစ်ယောက် အဆင့်တက်နေတာတော့ မဖြစ်နိုင်ပါဘူးနော်….."
မြို့တွင်းမှ ပုံမှန်မဟုတ်သော အပြုအမူက ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး၏ စစ်တပ် အဓိကတဲကို အလွန်မြန်ဆန်စွာပင် သတိဝင်သွားစေခဲ့သည်။
စောစောလေးတွင် ယီယွမ်က မြို့ထဲမှ ရုတ်တရက် ထွက်လာခဲ့ပြီး အဆင့်(5) စိတ်ဝိညာဥ်ပင်လယ်နယ်ပယ် ဗိုလ်ချုပ်တစ်ယောက်ကို ဖမ်းဆီးသွားခဲ့ကြောင်း လက်အောက်ငယ်သားက သတင်းပို့လာခဲ့၏။ ဤအရာက ရှန့်ကွမ်လင်ယွင်ကို ပို၍ပင် မျက်မှောင်ကုတ်သွားစေခဲ့သည်။
"ဒီလိုအခြေအနေမျိုးက လူအများကြီး တစ်ချိန်တည်းမှာ အဆင့်တက်ရောက်သွားတာပဲ ဖြစ်လိမ့်မယ်… ဘာကြောင့်လဲဆိုတာ ငါမသိပေမဲ့ အဲဒါက ယီယွမ်နဲ့ မပတ်သက်ဘဲ မနေဘူးလို့ ငါထင်တယ်….." ရှန့်ကွမ်လင်ယွင်က လေးနက်သော အမူအရာတစ်ခုဖြင့် ပြောဆိုလိုက်ပေ၏။
"ဘယ်လို… ဒီလိုထူးခြားတဲ့အခြေအနေက လူတွေ ရာထောင်ချီပြီး အဆင့်တက်သွားတာ ဖြစ်နိုင်တယ်… သူက ဒီလောက်များပြားတဲ့ လူတွေကို တစ်ချိန်တည်းမှာ အဆင့်တက်ရောက်သွားစေနိုင်တာ ဘယ်လိုအစွမ်းမျိုးရှိနေတာလဲ….." တင်းရှန်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်ခဲ့သည်။
"ဟက်… မင်းက တစ်စုံတစ်ယောက်ရဲ့ အစွမ်းကိုပဲ သတိပြုမိထားပြီးတော့ အခြားသူတွေကို လျစ်လျူရှုထားတယ်… ယီယွမ်ရဲ့ သိုင်းပညာလမ်းက အလွန့်အလွန် အစွမ်းထက်နေရုံမကဘူး… သူ့ရဲ့ မှော်ဆေးပညာအစွမ်းကလည်း ပြိုင်ဖက်ကင်းပဲ… သူက ဧကရာဇ်ကြယ်တာရာချောက်ရဲ့ တန်ဖိုးထားရတဲ့ တပည့်ပဲ… ပြီးတော့ လက္ခဏာတွေအားလုံးအရ ယီယွမ်ရဲ့ မှော်ဆေးပညာအဆင့်က ဧကရာဇ်ကြယ်တာရာချောက်ရဲ့ အကြီးဆုံးတပည့် ရှစ်ဟောက်ရန်ထက်တောင် မြင့်မားလိမ့်မယ်….."ရှန့်ကွမ်လင်ယွင်က ပြောလိုက်၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...