ဘဝနှစ်ခုကို ချည်နှောင်ကြမယ် တဲ့လေ…… ။
………………
သခင်ကြီး အမေရိကား သွားခဲ့တဲ့ ၁၅ရက်မြောက်နေ့… ။
" သကြားညို နဲ့ ဆား ရယ်… သံလွင်ဆီရယ်… နှပ်ပြီး မီးဖိုထဲမှာ ခဏပေါင်းထားမယ်… ပြီးရင် မီးခိုးရိုက်အောင်ကင်မယ်… "
ပါပါးအန်ဇိုဟာ အာဂစားဖိုမှူးပါပဲ ။ လက်က ဆယ်လ်မွန်ငါးရဲ့ လိမ္မော်နီရောင်အသားတွေကို ကျွမ်းကျွမ်းကျင်ကျင် တုံးတစ်ရင်း ပါးစပ်က ချက်နည်းကို အဆက်အပြတ်ပြောနေတယ် ။
ဘတ်ဟျွန်းရဲ့ စိတ်တွေကတော့ လိမ္မော်နီရောင်ဆယ်လ်မွန်ငါးတွေ ရေဆန်ကို ကူးတက်လာမယ့် ပုံရိပ်တွေကို မြင်ယောင်နေတယ် ။ ဘတ်ဟျွန်းဟာလည်း ဆယ်လ်မွန်ငါးတွေနဲ့ ဘဝတူနေမလား လို့ စဉ်းစားမိနေတယ်။ ဆန္ဒတစ်ခုအတွက်နဲ့ ဘဝရေစီးကြောင်းကို ရူးရူးမိုက်မိုက်ဆန်တက်တဲ့သူပေါ့ ။" ဟေ့ … ဗိုခ့်ဆွန်… စားပွဲမှာ ကူပါဦး… "
အန်တီဟာပါရဲ့ ခပ်စူးစူးအော်သံကြောင့် ဘတ်ဟျွန်း အပြင်ဖက်ကို ပြေးထွက်သွားတယ် ။ စားပွဲရှည်ကြီးကို အိမ်တော်ကြီးရဲ့အနောက်ဖက်ကွက်လပ်က ကွင်းပြင်ကြီးထဲမှာ ချလိုက်တယ် ။ ပါပါးအန်ဇိုရဲ့လက်ရာ နှစ်သစ်ကူးဟင်းပွဲတွေက စားပွဲပေါ်ကို အစီအရီနေရာယူလာတယ်။
ဆားလေးလေး ခပ်ငန်ငန် ငါးဥဆားနယ်(caviar)… ပင်စိမ်းနံ့မွှေးနေတဲ့ သိုးသား… Skyr လို့ခေါ်တဲ့ မလိုင်ပျစ်ပျစ် နို့ချဉ်… ။ မီးပုံကြီးရဲ့ဘေးမှာ ဟင်းပွဲတွေကိုအရသာခံ စားသောက်နေကြတုန်း ပါပါးအန်ဇိုက ဗရယ်နီဗီအန် (Brennivian) ဆိုတဲ့ မီးတောက်ဝိုင်(Burning Wine) ပုလင်းကို ယူလာပြီး ခွက်ပုပုလေးတွေထဲ ဖြည့်ပေးတယ် ။" ဗိုခ့်ဆွန် ဖယ်စမ်း… ဒါ ကလေးတွေနဲ့ မဆိုင်ဘူး… "
လှမ်းလိုက်တဲ့လက်ကို ဖြတ်ရိုက်ခံလိုက်ရတာမို့ ဘတ်ဟျွန်း မျက်နှာလေးက ရှုံ့မဲ့မဲ့… ။ ဂျာရယ် နဲ့ ဘတ်ဟျွန်း ကလွဲရင် လူတိုင်း ဝိုင်သောက်ခွင့်ရတယ် ။ အစားအစာတိုင်းကို နည်းနည်းစီစားရင်း ဝိုင်ပြင်းပြင်းကိုငုံရင်း နဲ့ နှစ်သစ်ကူးအရသာကို အပြည့်အဝခံစားနေကြတယ် ။
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel