15(z/u)

908 200 20
                                    

လူတယောက်ကို  ဒုက္ခပေးချင်တဲ့သူဟာ……

အဲ့ဒီဒုက္ခကို အရင်ဆုံးထွေးပွေ့ထားရမယ့်သူဟာ သူပဲ ဆိုတာကို မေ့နေတတ်တယ် … ။

………………………

အောက်တိုဘာလ ကုန်ဆုံးခါနီး … ။

ကြက်ရိုးပြုတ်ရည်နဲ့ချက်ထားတဲ့ အာလူးစွတ်ပြုတ် ရဲ့ သွားရည်ယိုချင်စဖွယ်အနံ့က မီးဖိုချောင်ထဲမှာ သင်းပျံ့နေတယ်။

သခင်ကြီး နဲ့ ဟက်သာ ရဲ့ လူမြင်မခံတဲ့ အခြေအနေကို မြင်ပြီးတဲ့ နေ့ကနေ စတင်ရေတွက်ရင် နှစ်ပတ်ကျော်ခဲ့ပြီ ။ မွန်းကြပ်နေတဲ့စိတ်နှလုံးက ဘတ်ဟျွန်းကို အထိနာအောင် နှိပ်စက်နေတုန်းပဲ ။

ဘတ်ဟျွန်း သခင်ကြီးနေတဲ့ အခြမ်းဖက်ကို မသွားမိအောင် ရှောင်မိတယ် ။ အဲ့ဒီနေ့ သခင်ကြီးအခန်းထဲက ဘတ်ဟျွန်းထွက်ခဲ့ပြီးတဲ့နောက်မှာ ဟက်သာလျှူ ကလည်း ချက်ခြင်း အိမ်ပြန်သွားတယ် လို့ အားရီ ပြောပြတယ် ။
ဘယ်လောက်တောင် စိတ်ကောက်သွားလဲမသိပေမယ့် နှစ်ပတ်အတွင်းမှာ ဟက်သာလျှူ ရဲ့ ကားအနီလေးက ခြံဝင်းထဲပြန်ဝင်မလာသေး… ။

"အိုက်ယား…… ကြောက်စရာကြီးဗျားး… "

ခြေပစ်လက်ပစ်ထိုင်ချလိုက်တဲ့ အားရီရဲ့ တကိုယ်လုံးမှာ မိန်းမဆန်တဲ့နေရာဆိုတာ ရှာမတွေ့လောက်အောင်ပါပဲ ။ သိမ်မွေ့ပြီး ဣနြေ္ဒကြီးတဲ့ အဘွားဖြစ်သူ မဒမ်ယွီနဲ့ အားရီဟာ အမူအကျင့်ပိုင်းမှာ သိသိသာသာပဲ ကွဲပြားလှတယ် ။

"ဟဲ့… ညည်း ဘယ်လိုထိုင်နေတာလဲ…… "

တွေးနေတုန်းမှာပဲ အနားရောက်လာတဲ့ မဒမ်ယွီရဲ့လက်ဆစ်မာမာက အားရီရဲ့ နဖူးပေါ်ကို ခွပ်ကနဲကျလာတယ် ။

"ဟုတ်…… အားရီ ပြင်လိုက်ပါပြီ…… "

အပိုးကျိုးဟန်အပြည့်နဲ့ အားရီက ခွဲထားတဲ့ ခြေနှစ်ဖက်ကို ဆတ်ကနဲ စုကာ ခါးကို မတ်လိုက်တယ် ။ ဟင်းရွက်သင်နေတဲ့ ပါပါးအန်ဇိုရဲ့ ရယ်သံခပ်အုပ်အုပ်ကို ကြားလိုက်ရတယ်။

"ဘာကိုကြောက်တာတုန်း အားရီကျဲ …… "

"သခင်ကြီးကို ပေါ့ကွာ…… "

WISH (S - 1) [Completed]Where stories live. Discover now