[Unicode]
မဖြစ်လာသေးတဲ့အနာဂတ်ကိုတွေးနေမယ့်အစား ပစ္စုပ္ပန်အချိန်မှာ ဘတ်ဟျွန်း ဒီလူကြီးကို ယုံပြီး အရာရာကိုပုံအောအပ်နှပ်ထားလိုက်ချင်ပါတယ် ။
……………
Heaven အိမ်တော်ရဲ့ အလယ်မှာ ပွဲတစ်ခုခုကျင်းပနိုင်လောက်အောင် ကျယ်တဲ့ ခန်းမကြီး ရှိတယ် ။ အိမ်ရဲ့ အရှေ့ဖက် တံခါးမကြီးကနေ ဝင်လာခဲ့ရင် စရောက်မယ့်နေရာက ခန်းမကြီးပဲ ဖြစ်တယ် ။
အတွင်းရေးမှူးဟက်သာလျူ … အိမ်တော်ထိန်းမဒမ်ယွီ … စားဖိုမှူးပါပါးအန်ဇို… သန့်ရှင်းရေး အန်တီဟာပါ… အားရီ နဲ့ ဂျာရယ်… သက်တော်စောင့်စင်းန် အပါအဝင် ဆင်တူဝတ်စုံနဲ့ သက်တော်စောင့်တွေ… တိတ်ဆိတ်နေတဲ့ ခန်းမကြီးထဲမှာ လူအားလုံးစုဝေးနေတယ် ။
သူတို့ရှေ့က ဘတ်ဟျွန်းဟာ အံကိုတင်းတင်းကျိတ်ကာ ခေါင်းကိုငုံ့ထားတယ် ။ အိမ်အကူဘီဘို့ဆွန်း အဖြစ်ကနေ သခင်ကြီးရဲ့ဇနီး သခင်လေး Billie Byun အဖြစ်ကို ရုတ်တရက်ပြောင်းလဲသွားတာကို သူတို့မပြောနဲ့… ဘတ်ဟျွန်းကိုယ်တိုင်တောင် မယုံနိုင်ပါဘူး ။
" ဘယ်သူကများ ဘာပြောချင်တာ ရှိသေးလဲ…"
ဘတ်ဟျွန်းရဲ့ ပခုံးကို ဖက်ထားတဲ့ သခင်ကြီးရဲ့အသံက တိတ်ဆိတ်နေတဲ့ ဟောခန်းထဲမှာ ပဲ့တင်ထပ်သွားတယ် ။ လူအားလုံးဟာ ခက်ထန်မာကြောနေတဲ့ သခင်ကြီးရဲ့ပုံစံကို မမြင်ဖူးသလိုပဲ စိုက်ကြည့်နေတယ် ။
" ဒီအတိုင်းတော့ ဘယ်ရမလဲ… "
အတွင်းရေးမှူး ဟက်သာလျှူရဲ့ အသံကျယ်ကျယ်က ဟောခန်းကျယ်ရဲ့ ကသိကအောက်ဖြစ်မှုကို ဖြိုခွင်းလိုက်တယ် ။ အားလုံးရဲ့ အကြည့်တွေက ဟက်သာဆီကို ရောက်သွားတယ် ။ ဟက်သာက မျက်မှောင်ကျုံ့ထားတဲ့ သခင်ကြီးကိုကြည့်ပြီး ပြုံးတယ် ။
" အိုက်စလန်မှာနေမှတော့ အိုက်စလန်ထုံးစံအတိုင်း လက်ထပ်ရမှာပေါ့… ဟုတ်တယ်မလား မဒမ်ဟာပါ…… "
" သေချာတာပေါ့…… "
အန်တီဟာပါက ဖြောင်းကနဲ လက်ခုပ်တီးလိုက်တယ် ။ မဒမ်ယွီကလည်း စိတ်သက်သာရာရသွားဟန်နဲ့ ခပ်တိုးတိုးရယ်နေတယ် ။
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel