" နင်ဘာလာလုပ်တာလဲ အခုချက်ချင်း အပြင်ထွက်နေစမ်း .. ဒါက နင်ရှိရမဲ့ နေရာမဟုတ်ဘူး " ဝမ်မင်ယွဲ့က ဦးစွာ တုန့်ပြန်လိုက်သည်။ သူမက လီရှောင်းယန်အား စိုးရိမ်တကြီး ကြည့်လိုက်သေးသည်။ လီရှောင်းယန်၏ စိတ်မဝင်စားသည့် မျက်နှာကို မြင်မှ သူမက စိတ်သက်သာရာရသွားပြီး ချင်းပေအား အော်ဟစ်လိုက်သည်။
ချင်းပေက အမူအရာမဲ့စွာရှိနေသည်။ သူမအတွက် အရင်ကဆိုလျှင် ထိုစကားလုံးများနှင့်ပင် အလွန်ကို နာကျင်ခံစားသွားရအောင်လုပ်နိုင်ပေသည်။ သူမကလည်း အလွန်ကို နာခံစွာ သူမ ( ဝမ်မင်ယွဲ့ ) ပြောသည့်အတိုင်း ချက်ချင်းပြုမှုလိမ့်မည်။ သို့သော် အခုချိန်တွင်တော့ သူမသည် မည်သည့် ခံစားချက်မှ မရှိသည့်အတိုင်းလျှောက်ဝင်လာသည်။ ဖြစ်နိုင်တာ သူမက ထိုလူများကြောင့် နာကျင်ရလွန်းလို့ ထုံသွားတာဖြစ်လောက်သည်။
" လာကြစမ်း သူမကို အပြင်ကို ခေါ်ထုတ်သွားပြီး အခန်းထဲမှာ ပိတ်ထားလိုက် ... " ကျန်းချန်း ၏ တုန့်ပြန်မှုက ပိုလိုပင် ဆိုးရွားသေးသည်။
ချင်းပေက ထိုလူများ ပြာယာခတ်နေသည်ကို ကြည့်ရင်း နူတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။ သူတို့ ဒုက္ခရောက်နေတာကို ကြည့်ရတာ တကယ် ပျော်စရာကောင်းတာဘဲ ။ သူမ ဆုံးဖြတ်ချက်ချလိုက်ကတည်းက ကျန်းမိသားစုအပေါ်တွင် ဘာသံယောဇဉ်မှ မထားတော့ပေ။ သူမရဲ့ အမူအရာက ပြန်တည်ငြိမ်သွားသည်။ ခုနက ဒေါသတကြီး ဝင်လာတာ သူမ မဟုတ်သည့် အတိုင်းပင် ။
" အဖေ နဲ့ အမေ က ဒီသမီး ကို ဘာလို့ အတင်းထွက်သွားစေချင်နေရတာလည်း .. " ချင်းပေက ပြောနေရင်း လွတ်နေသည့် ခုံတွင် ဝင်ထိုင်လိုက်သည်။ " ဒီနေ့က ဒီမိသားစု အတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲကြီး တစ်ခု ဖြစ်နေတာ ဘယ်လိုလုပ် အပြင်ထွက်နေရမှာလဲ မဟုတ်မှ ..." ချင်းပေက ပြောရင်း သူမ ပါးစပ်ကိုအုပ်လိုက်ပြီး တီးတိုးပြောလိုက်သည်။ " ချင်းအာ ကလည်း ဒီမိသားစုဝင် မဟုတ်ဘူးလား ၊.."
ဝမ်မင်ယွဲ့နဲ့ ကျန်းမိသားစုဝင် များသည် အလွန်ထိတ်လန့်သွားကြသည်။ သူတို့က ချင်းပေအား နုတ်နုတ်စင်းချင်နေသည့် အကြည့်ဖြင့် ကြည့်နေကြပြီး အံကြိတ်ထားရသဖြင့် သွားများပင် နာလာသည်။ သို့သော် ချင်းပေ၏ အမူအရာကို ကြည့်ရင်း ထိုအကြောင်းများ သူမ မသိသေးကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားကြသည်။ ' ခုနက တိုက်ဆိုင်သွားတာ ဖြစ်မှာပါ .. သူမက ဒီတိုင်းစလိုက်တာဘဲ '