လက်အခြေအနေအပေါ် ချင်းပေ၏ အမြင်အရ ဒီနှစ်ယောက်သည် သူမ မဝင်လာခင်ကတည်းက စကားပြောနေကြပုံပင် ။ နောက်ပြီး အဆင်ပြေသည့် ပုံလည်း ပေါ်မနေချေ ။
လီရှောင်းယန် သည် ချင်းပေကို တွေ့ လိုက်သည့်အခါ သူ့အကြည့်က သိသိသာသာ နူးညံ့သွားသော်လည်း ရှန်းချွန်းမင် အပေါ်တွင် ခက်ထန်သည့် အရှိန်အဝါများ ဖြင့် လွှမ်းခြုံထားဆဲပင် ။ ရှန်းချွန်းမင် သည်လည်း ထိုနည်းတူပင် ။ ဒီ ခက်ထန်အေးစက်သည့် လူနှစ်ယောက်သည်က အချင်းချင်း ရန်လိုနေကြပုံပင် ။
လွန်ခဲ့သည့် နာရီဝက်ခန့်က ဤလူနှစ်ယောက်သည်အသီးသီး ပျော်ရွင်နေခဲ့ကြသေးသည်။ ထိုအချိန်က ရှန်းချွန်းမင် သည် ချင်းပေဘက်မှ စတင်လာသည့် အနမ်းကြောင့် ဖြစ်လာသည့်အပျော်သည် ပျောက်ကွယ်ခဲ့ခြင်းမရှိခဲ့သေးသလို လီရှောင်းယန် သည်လည်း မတွေ့ရသည်မှာ ကြာလှပြီ ဖြစ်သည့် သမီး ဖြစ်သူအား တွေ့ ဖို့စိတ်လှုပ်ရှားပျော်ရွင် နေခဲ့သေးသည်။
ချင်းပေ က ဖုန်းပြောရန် နေခဲ့ပြီးနောက် ရှန်းချွန်းမင် သည် အိမ်ထဲသို့ ဝင်လာခဲ့သည် ။ သို့သော် သူက အိမ်ထဲသို့ ခြေချလိုက်သည်နှင့် သူ့အမှုအရာ က ရှင်းပြရခက်သည့် ပုံစံဖြစ်သွားခဲ့သည် ။ သူက အိမ်ထဲတွင် ရှိနေသူ မှာ အားစစ် မဟုတ်ဘဲ အခြားတစ်ယောက် ဖြစ်နေခဲ့သည်ကို ခံစားမိခဲ့သည် ။ ထိုအပြင် အိမ်ထဲတွင် ရှိနေသူသည် သူ့ကဲ့သို့ အဆင့်အတန်းရှိသည့် သို့မဟုတ် ရှိခဲ့ဖူးသည့် လူတစ်ယောက်ပင် ။
ရှန်းချွန်းမင် သည် သူ့ရှေ့တွင် ထိုင်နေသည့် လူသည် လူသားတစ်ယောက် ဟု သေချာနေသော်လည်း လောကအရှင်သခင် တစ်ယောက် လည်း ဖြစ်ကြောင်း သိနေခဲ့သည် ။ ထိုလူထံတွင် ချင်းပေနဲ့ နီးစပ်သည့် သွေးမျိုးဆက် ရှိနေသဖြင့် တော်စပ်မှုကို မေးစရာမလိုခဲ့ပေ ။
လူနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် သေချာကြည့်ကာ စူးစမ်းနေခဲ့သည် ။ ရှန်းချွန်းမင်က သူတွေးမိလိုက်သည့် တစ်စုံတစ်ခုကြောင့် မျက်လုံးထဲတွင် အလင်းတန်းတချို့ ဖြတ်ပြေးသွားသည် ။
လီရှောင်းယန် က ရှန်းချွန်းမင် အား ကြည့်နေပြီးမှ အကြည့်လွဲလိုက်ကာ မျက်လုံးကို အသာမှိတ်လိုက်ရင်း ဆိုလာသည် ။ " ငါက မင်းနဲ့ ချင်းအာ ကို သဘောမတူဘူး "
