" မင်းတို့ အဲ့ဆေးပင်ကို ယူသွားရင်တောင် သုံးလို့ရမှာမဟုတ်ဘူး .." ရှဲ့ယောင်၏ လက်ရှိစိတ်အခြေအနေသည် လုံးဝအဆင်ပြေမနေချေ။ ပထမတစ်ခေါက်ဆေးပင်သွားယူတုန်းကလည်း လုပ်ကြံခံရပြီး .. ဆေးပင်က ပျောက်သွားသည်။ ထိုအတွက် အပြစ်ချေရန် နောက်ထပ်ဆေးပင်တစ်ခုနဲ့ အစားထိုးကာ မိသားစုအား ပေးရန်ပြင်ထားကာမှ ထပ်ပြီး ဓားမြတိုက်ခံရပြန်သည်။ ' ဘာလို့ ငါ့ကံက အဲ့လောက်ထိဆိုးနေရတာလဲ ' သူက ယနေ့သည် ချင်းပေက သူ့အား ကုသပေးမည့်ရက် ဖြစ်ကြောင်းထပ်တွေးမိလိုက်ပြီး စိတ်အခြေအနေက ပိုဆိုးသွားသည်။
အနက်ရောင်ဝတ်စုံနဲ့ လူက ကျောက်စိမ်းဘူး ကို ဖွင့်ကြည့်ကာ ရှဲ့ယောင်အား ကြည့်လိုက်သည်။
" ကိုယ်က ဒီပစ္စည်းကို အလကား မယူပါဘူး .. မင်းဝယ်ခဲ့တဲ့အတိုင်း ပြန်ပေးမှာပါ .. ဒီဆေးပင်ကို ဈေးကွက်ထဲမှာ ရှာမတွေ့လို့..ဒီလိုလုပ်လိုက်ရတာပါ .. "
ရှဲ့ယောင်က တိတ်နေသည်။ အမှန်က သူက ဘာပြန်ပြောရမှန်းကို မသိချေ။
ထိုသူက မျက်ခုံးတို့ကိုတွန့်ချိုးလိုက်ကာ " ရှဲ့သခင်လေးကို ခေါ်လာခဲ့ .. " ပြီးနောက် သူ့ကားဆီသို့ ပြန်သွားလိုက်တော့သည်။
" ဟင်.. မဟုတ် .. အဲ့လို မဟုတ်ဘူးလေ.. ငါဒီနေ့အရေးကြီးတဲ့ ကိစ္စရှိတယ်.. ဆေးပင်ကို ရချင်ရင် ယူသွားတော့ .." ရှဲ့ယောင်က ရုန်းကန်လိုက်သည်။ အစောင့်က ရှဲ့ယောင်အား သတိမေ့သွားစေရန် ဂုတ်ကိုရိုက်လိုက်သည်။
ထိုအချိန်တွင် ရှဲ့ယောင်အား ချင်းပေ ပေးထားသည့် ဆွဲကြိုးသည်အရောင်တစ်ချက် လက်သွားကာ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အကာအကွယ်တစ်ခုပေါ်လာသည်။ အစောင့်နှစ်ယောက်သည် ချက်ချင်းပင် .. လွင့်ထွက်သွားကာ သတိမေ့သွားသည်။
ကားပေါ်တက်ရန်ပြင်နေသည့် လူက ရှဲ့ယောင်အား အံ့ဩတကြီး လှည့်ကြည့်လာသည်။ သူက ရှဲ့ယောင်ရှေ့သို့ လျင်မြန်သည့် အရှိန်ဖြင့် ရောက်လာကာ ရှဲ့ယောင်၏ လက်အား ဖမ်းဆုပ်လိုက်သည်။ အံ့အားသင့်နေသည့် ရှဲ့ယောင်က အခုမှသတိပြန်ဝင်လာကာ ထွက်ပြေးရန်ပြင်လိုက်သော်လည်း သူသည် အနက်ရောင်ဝတ်စုံနဲ့ လူ လက်ထဲတွင် ရောက်နေပြီ ဖြစ်သည်။ ထွက်ပြေးချင်လျင်ပင် မပြေးနိုင်တော့ပေ ။တင်းကြပ်သည့် လက်တစ်စုံက သူ့အား ချုပ်နှောင်ထားသကဲ့သို့ပင် ။ ထိုလက်များက ရှဲ့ယောင်အား ချုပ်နှောင်ထားရုံတင်သာ ဖြစ်ပြီး အန္တရယ် မဖြစ်စေသဖြင့် ဆွဲကြိုးသည် မတုံ့ပြန်ဘဲ အလင်းက ပြန်ပျောက်သွားသည်။ ရှဲ့ယောင်သည်လည်း ကားထဲသို့ ထိုးသွင်းခံလိုက်ရပြီး လိုက်ပါသွားရတော့သည်။