" ချွန်းမင် ... မင်းက သူမကို ဝိညာဉ်လောက ကို ခေါ်သွားလို့ရတယ်လေ .. " ဟွမ်ကျန်းက ရုတ်တရက် ဝင်ပြောလိုက်တယ် ။ လီရှောင်းယန် ဟာ ဟွမ်ကျန်းရဲ့ စကားကြောင့် ရှန်းချွန်းမင် ကို သေချာကြည့်လိုက်မိတယ် ။
" ဝိညာဉ်လောက က အရှင်သခင် ပေါ်လာပြီလား ?? " သူ့အသံက တည်ငြိမ်လွန်းနေသော်လည်း ထိုထဲတွင် အံ့ဩမှု တုန်လှုပ်မှုတို့ ပါဝင်နေခဲ့သည် ။ စကြာဝဠာ အများစု ၏ အရှင်သခင်များသည် .. တိုက်ပွဲများစွာ ကို ဖြတ်ကျော်ပြီးမှ မသေနိုင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ စကြာဝဠာရဲ့ အရင်းအမြစ်နဲ့ ချည်နှောင် ခဲ့ရသည် ။ သူတို့က မတော်တဆ တစ်ခု မဖြစ်သရွေ့ ထာဝရအသက်ရှင်ခြင်းကို ပိုင်ဆိုင်ခဲ့ကြရသည် ။ သို့သော် အကျိုးဆက်အနေနဲ့ စကြာဝဠာသည် သူတို့ရဲ့ အသက်အရင်းအမြစ်ဖြစ်ကာ ထိုအသက်သွေးကြောကို တစ်ချိန်လုံး စောင့်ရှောက်နေရမည် ဖြစ်သည် ။
ချွင်းချက် အနေဖြင့် လောက အနည်းစု၏ အရှင်သခင်များသည် သဘာဝမှ ဖြစ်တည်လာကာ အများကြီး ပိုအစွမ်းထက် ကြသည် ။ သူတို့က ပြန်လည်မွေးဖွားခြင်း စက်ဝန်းနဲ့ ပတ်သက်မှုရှိကာ ဝိညာဉ်များ၏ ရှင်သန်မှုကို ထိန်းချုပ် နိုင်ကြသည် ။ လူတစ်ယောက်သည် ဝိညာဉ်အဖြစ်ဆက်လက်ရှိနေသေးသရွေ့  ထိုလူကို အသက်ပြန်သွင်းနိုင်ပေသည် ။
ရှန်းချွန်းမင် က ဟွမ်ကျန်း၏ စကားကြောင့် မျက်မှောင်ကြုတ်လိုက်သည် ။ ထိုစကား သည် သူက ချင်းပေအား သတ်ပြီး ဝိညာဉ်ကို ခေါ်သွားဖို့ ပြောနေခြင်းပင် ။ ရှန်းချွန်းမင် က ဟွမ်ကျန်း၏ခြေထောက်အား တစ်ချက်ကန်လိုက်ကာ " ငါက မင်းကိုသတ်လိုက်တာ ပိုမကောင်းဘူးလား .." စိတ်အခြေအနေ မကောင်းရသည့် ကြားထဲ ဒီအကောင်က တစ်မျိုး ။
ဟွမ်ကျန်းက ရှန်းချွန်းမင်၏ စကားကြောင့် ရှက်ရွံ့ ကာ ဂုတ်အား အသာ ပွတ်လိုက်သည် ။ ပြောပြီးကာခါမှ သူက တွေးမိလိုက်ကာ ကြောက်ရွံ့ မှုကြောင့် တစ်ကိုယ်လုံး ကြက်သီးထသွားသည် ။ အမှန်တကယ် ရှန်းချွန်းမင် သည် သူ့အား သတ်ကာ သူ့စကြာဝဠာအား အပိုင်သိမ်းလိုက် ပါက မဖြစ်နိုင်သည်တော့ မဟုတ်ပေ ။ တစ်ဖက်တွင် ချင်းပေသည် သူ့စကြာဝဠာ အတွင်းရှိကာ သူဒုက္ခရောက်သည်နှင့် သူမ ကို အချိန်မရွေး သတ်ဖြတ်နိုင်သောကြောင့် စိတ်အေးသွားသည် ။ ထိုသို့ဆိုလျှင် ရှန်းချွန်းမင်သည် သူ့အား သတ်ဖို့ အကြံကို တွေးတောင် တွေးမည်မဟုတ် ။