ချင်းပေသည် ထရပ်လိုက်ချင်သော်လည်း အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် ခံစားရသည့် နာကျင်မှုတို့ကြောင့် အံကြိတ်လိုက်သည် ။ သူမ ဝိညာဉ်သည်လည်း ပြင်းထန်သည့် ဒဏ်ရာ ရထားခဲ့သည် ။ ' ငါ့ရဲ့ ကံဆိုးမှုက ဘေးလူတွေကိုပါ သက်ရောက်စေခဲ့တာလား ' သူမထံတွင် အလွန်နက်မှောင်သည့် ဆိုးရွားသော ကံတရားရှိနေသည်ကို သိသော်လည်း လစ်လျုရှုထားခဲ့သည် ။ သူမ ချစ်သည့်အရာများကို ကယ်တင်နိုင်သရွေ့  သူမသေသွားခဲ့လျှင်တောင် အဆင်ပြေသည် ။ သို့သော် ဒါကပင် သူမ မြတ်နိုးသည့်အရာ တစ်ခုကို သူမ ဘဝထဲကနေ ထုတ်ယူသွားခဲ့ပြန်သည် ။
' ငါက တန်ဖိုးထားရတဲ့ အရာတွေကို ကာကွယ်ချင်ခဲ့ရုံတင်လေးပါ... ဘာလို့ အဲ့လောက် ခက်ခဲနေရတာလဲ .. ငါနဲ့ မထိုက်တန်ခဲ့လို့လား ' မှိတ်ကျသွားခဲ့သည့် နာကျင်နေသည့် မျက်ဝန်းများသည် မျက်ရည်များပြည့်နှက်လျက် ။ သတိမမေ့သွားခင်အထိ ရေရွတ်နေခဲ့သည့် စကားခွန်းသည် " တောင်းပန်ပါတယ်... ငါ မတတ်နိုင်ခဲ့ဘူး " ဆိုသည့် တောင်းပန်စကားတစ်ခွန်းသာ ။
__________________
ယပ်တောင်၏ အကာအကွယ်အောက်တွင် လီမိသားစု ဝင်များသည် လှုပ်လှုပ်ရှားရှား ဖြစ်နေသည် ။ သူတို့က တိုက်ပွဲ ပြီးသွားသည်ကို သိသော်လည်း ရလဒ်ကို မသိသေးပေ။ စနိုက်ပါများသည် မရှိတော့သော်လည်း သူတို့သည် အပြင်ကိုလည်း မထွက်ရဲသေးသဖြင့် စိုးရိမ်သည့် အမှုအရာဖြင့်သာ ရပ်နေကြရသည် ။ တစ်ဖက်တွင်တော့ မိသားစုဆယ်ခုမှ ကိုယ်စားလှယ်များသည် ဆက်တိုက်လာနေသည့် ဖုန်းများကြောင့် မျက်နှာများသည် သွေးမရှိတော့သကဲ့သို့ ဖြူဆုတ်နေသည် ။ ယနေ့မှစ၍ သူတို့သည် စီးပွားရေး လောကတွင်သာမက နယ်ပယ်တိုင်းတွင် အခြေချလို့ မရတော့ကြောင်း သိလိုက်ရသည် ။ လက်ရှိတွင် နည်းပညာသည် အဆင့်တစ်ခုထိ တိုးတက်နေဆဲဖြစ်ကာ နယ်ပယ်တိုင်းလိုလို လွှမ်းမိုးထားသည် ။ ထိုနည်းပညာများ၏ တီထွင်ဆန်းသစ်သူမှာ ရှင်းရိ ဖြစ်ကာ ထို ကုမဏ္ဍီ သည် သူတို့အား တိုက်ခိုက်ရုံသာမက ရှင်းရိအား မျက်နှာသာပေးသည့်အနေဖြင့် အခြား နယ်ပယ်မှ နာမည်ကြီး ကုမဏ္ဍီများပင် ပါဝင်ခဲ့သည် ။
သူတို့သည် ချင်းပေက ချိန်ရန့်၏ နောက်ကွယ်က သူဌေးမှန်း ခန့်မှန်းမိသွားကြသည်။ သူတို့မျက်နှာသည် ပြင်းပြင်းထန်ထန် ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူတို့သည် မျက်လုံးပါသော်လည်း ကန်းနေခဲ့သည် ။ ချင်းပေအား လှောင်ပင်လှောင်ပြောင်ခဲ့ကြသေးသည် ။ လက်ရှိ သူတို့ကိုယ်သူတို့ ပြန်အဖတ်ဆယ်ချင်လျှင် တစ်ခုတည်းသော အခွင့်အရေးမှာ လီမိသားစု ထံမှ ခွင့်လွှတ်မှုရရှိဖို့ပင် ။
