နောက်ဆုံးတွင် သူမတို့သည် VIP အခန်းတစ်ခုကို ရခဲ့သဖြင့် လူအများ၏ အာရုံစိုက်မှုမှ ရုန်းထွက်နိုင်ခဲ့သည်။ စားသောက်နေစဉ် အတွင်း ချင်းပေသည် ဟင်းတိုင်းကို နှစ်ခု နှစ်ခု စားနေရသဖြင့် အလျင်အမြန်ပင် ဗိုက်ပြည့်သွားခဲ့သည် ။ လူနှစ်ယောက်၏ အကြည့်သည် အလွန်ရန်လိုနေပြီး မီးပွားများပင် ထွက်လာတော့မည် ဟု သူမက ခံစားရသဖြင့် တူကို ချလိုက်ကာ " တော်လောက်ပြီ !!!!! ပြော... ဘာဖြစ်နေကြတာလဲ .. လူကိုစိတ်ရှုပ်အောင် လုပ်မနေကြနဲ့ "
လီရှောင်းယန် နဲ့ ရှန်းချွန်းမင် သည် အချင်းချင်းကြည့်လိုက်မိသည် ။ လီရှောင်းယန် က ရှန်းချွန်းမင် အား ပါးစပ်လှုပ်ရုံသာ ပြောလိုက်သည် ။ " ငါ့အကြောင်း သူမကိုပြောလို့ကတော့ ငါ့အဆိုးမဆိုနဲ့ .. "
" ကျွန်တော့်ရဲ့ သဘောထားကလဲ အတူတူဘဲ " ရှန်းချွန်းမင် က လီရှောင်းယန် အား ပြန်ကြည့်ပေးလိုက်သည် ။ သူတို့နှစ်ယောက်သည် အလျင်အမြန်ပင် အပေးအယူတည့်သွားကာ ပြိုင်တူရယ်လိုက်ကြသည် ။
ရှန်းချွန်းမင် : " ဘာမှ မဖြစ်ပါဘူး.. ဘာမှ မဖြစ်ပါဘူး "
လီရှောင်းယန် : " ဘာဖြစ်ရမှာလဲ... ဘာမှ မဖြစ်ဘူး "
ချင်းပေ က နှစ်ယောက်သားအား သံသယအကြည့်ဖြင့် ကြည့်လိုက်ကာ စစ်မေးချင်သေးသော်လည်း စားပွဲထိုး သည် အခန်းတွင်းသို့ ဝင်လာခဲ့ သဖြင့် စကားကို ရပ်လိုက်သည် ။ စားပွဲထိုး၏ အနောက်တွင် အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ လူငယ်တစ်ယောက် ပါလာခဲ့သည် ။
" ဧည့်သည်တို့ ဒီလူက ခများတို့ကို ရှာနေတယ်ဆိုလို့ပါ " ထိုအရပ်ရှည်ရှည် အသားဖြူဖြူနဲ့ လူသည် ဟွမ်ကျန်းဖြစ်သည် ။ သူက ခပ်ဖျော့ဖျော့အပြုံးတစ်ခုကို ဆင်ထားရင်း စားပွဲထိုးအား ကျေးဇူးတင်ကြောင်းပြောကာ ဘောက်ဆူး အနည်းငယ်ပေးလိုက်သည် ။
တစ်ချိန်တည်းမှာပင် ချင်းပေ ၏ ဖုန်းက မြည်လာခဲ့သည် ။ ထိုဖုန်းနံပါတ် သည် အရေးကြီးမှသာ ခေါ်ခွင့်ပြုထားသည့် ဖုန်းဖြစ်သဖြင့် သူမက ဖုန်းပြောရန် အခန်းပြင်သို့ ထွက်လာခဲ့သည် ။ သူမ မသွားခင် လီရှောင်းယန် နဲ့ ရှန်းချွန်းမင် အား သတိပေးသည့် အကြည့်ဖြင့် ကြည့်ထားခဲ့သေးသည် ။ သူမ မရှိလျှင် အချင်းချင်း ထသတ်နိုင်သည့် ပုံပေါက်နေသောကြောင့်ပင် ။ သို့သော်လည်း လီရှောင်းယန် ထံမှ မသိချင်ယောင်ဆောင်နေသည့် အကြည့်ကို ရခဲ့ပြီး ရှန်းချွန်းမင် ထံမှ ထူးမခြားနား အမှုအရာ တစ်ခုကိုသာ မြင်ခဲ့ရသည် ။
