အပိုင်း(၁၇၁)

360 22 0
                                    

အပိုင်း(၁၇၁)ဝက်သားစားပွဲ

"ဖေဖေ သမီးတို့ ညစာဘာစားကြမလဲဟင်" လေးနာရီထိုးခန့်တွင် မုန့်မုန့်သည် ကစားနေရင်း မောပန်းလာပြီဖြစ်၏။ သူမလေးသည် ကျန်းဟန်ဆီသို့ပြေးလာပြီး ကလေးသံလေးဖြင့် မေးသည်။

"မုန့်မုန့်က ဘာစားချင်လဲ" ကျန်းဟန်က မေးသည်။

"အမ်...ဘာစားရင်ကောင်းမလဲ..." မုန့်မုန့်သည် အတန်ကြာစဉ်းစားနေခဲ့သော်လည်း ဘာစားချင်မှန်းမသိချေ။

"ဟင့် မုန့်မုန့် ဘာစားရမှန်းမသိဘူး"

"ဟားဟား..." ကျန်းဟန်က ခေါင်းကိုယမ်းကာ ရယ်မောလိုက်သည်။ သူသည် မွေးမြူရေးဧရိယာဘက်သို့ ကြည့်ရှုပြီး နောက်ဆုံးတွင် တိုင်လိခ်ဝက်သားဘက်တွင် ရပ်တန့်သွား၏။

"ဖေဖေတို့ ဒီညဝက်သားစားကြမယ်။ ကျောက်ဖုန်း ဝက်တစ်ကောင်ယူခဲ့လိုက်"

"ဟုတ်ကဲ့" ကျောက်ဖုန်းက ခေါင်းညိတ်ကာ တိရစ္ဆာန်များရှိရာသို့ လျှောက်သွားသည်။ ဝက်အား သတိလစ်သွားစေရန် အနည်းငယ် ကန်ကျောက်လိုက်ပြီး တောင်ခြေသို့ သယ်သွားခဲ့၏။

ကျန်းဟန်သည် မုန့်မုန့်ကို ပွေ့ချီကာ နောက်မှလိုက်သွားခဲ့သည်။

တိုင်လိခ်ဝက်သည် ပထမဆုံးဝယ်ယူလာခဲ့စဉ်က ကီလိုတစ်ရာခန့်ရှိ၏။ ပုံမှန်အားဖြင့် မွေးမြူရေးခြံများတွင် ကီလိုတစ်ရာကျော်သည့်အချိန်တွင် ပေါ်လေ့ရှိသည်။

သို့သော် တစ်လဆိုသည့်ကာလအတွင်းမှာပင် လဆန်းတောင်ပေါ်ရှိ တိုင်လိခ်ဝက်များသည် အလေးချိန် ကီလိုတစ်ရာ့ငါးဆယ်ကျော်ရှိသွားခဲ့သည်။

တောင်ပေါ်မှဆင်းလာပြီး ကျန်းဟန်နှင့် မုန့်မုန့်သည် မာစီရာတီဆီသို့ လျှောက်သွားသည်။ ကျောက်ဖုန်းသည် ဝက်ကို ပန်ဒါကား နောက်ခန်းထဲတွင် ထည့်ထားလိုက်သည်။ ကားပေါ်တက်ခါနီးတွင် ကျောက်ဖုန်းသည် ခဏလောက် စဉ်းစားလိုက်ပြီး မာစီရာတီဆီသို့ လျှောက်သွားကာ ကျန်းဟန်၏ဖုန်းကို တောင်းလိုက်ပြီး အားဟူ၏နံပါတ်ကို ခေါ်လိုက်သည်။

"အားဟူ"

"အစ်ကိုဖုန်းလား။ နောက်ဆုံးတော့ အစ်ကိုကျွန်တော့်ကို ဆက်သွယ်ပြီပေါ့။ ဟားဟား အစ်ကိုအဆင်ပြေတယ်ဆိုတော့ အရမ်းကောင်းတယ်။ ကျွန်တော်တို့က အစ်ကို့ကို အရမ်းစိတ်ပူနေကြတာ.." တစ်ဖက်မှ အားဟူသည် ဝမ်းသာအားရဖြင့် အော်ပြောသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now