အပိုင်း ၁၅

801 50 0
                                    

ဧကနဒီ
အပိုင်း ၁၅

တောဂနိုင်ကြီးအလယ် သစ်ပင်ကြီးများ အုပ်ဆိုင်းမှိုင်းညှို့နေသည်မှာ အချို့နေရာများတွင် နေပြောက်ပင် မထိုးနိုင်။ တစ်ခါတစ်ရံ သစ်ပင်များပေါ် ရှဥ့်ငယ်လေးများ ပြေးလွှား ဆော့ကစားနေသည်ကို တွေ့ရသည့်နီးတူ ခပ်လှမ်းလှမ်းမှ မျောက်အော်သံသဲ့သဲ့လည်းကြားနေရ၏။ ကျေးငှက်တို့၏ မာဂဓတေး သီကြူး သံကလည်း ငြိမ့်ညောင်းစွာ။

တောဂနိုင်ကြီးအလယ် မြင်းနှစ်ကောင်သည် ခပ်မှန်မှန်အနေအထားနှင့် ဘေးချင်းယှဥ်လျက်ပြေးနေ၏။ကျောပေါ်စီးနင်းလိုက်ပါလာ လူနှစ်ယောက်၏ မျက်နှာထက် ခရီးပန်းသည့် အရိပ်အယောင်တို့အနည်းငယ် ထင်ဟပ်နေ၏။မဏိရဇ္ဇနှင့် သုန္ဒရပါပေ။

မဏိရဇ္ဇသည် မြင်းအရှိန်ကို နှေးလိုက်ရင်း ပြောလိုက်သည်။
''မွန့်တည့်ချိန်လောက်ရှိနေပြီ သုန္ဒရ၊ စမ်းချောင်းလေးဘာလေးတွေ့ရင် ခရီးတစ်ထောက်နားပြီး ဝမ်းဖြည့်ရအောင် ''

သုန္ဒရလည်း ကန့်ကွက်စရာမရှိ။သို့အတွက် ခေါင်းညိတ်လိုက်ရင်း
'' ကောင်းပြီ မဏိ၊ ခရီးတစ်ထောက်နားကြတာပေါ့ ''

မဏိလည်း ခေါင်းဆတ်လိုက်ရင်း ဘေးဘီကို အသာဝေ့ကြည့်ရင်း ပြောလိုက်သည်။
'' ဘာလိုလိုနဲ့ ဒီတောအလွန်ဆို ဧကနဒီပိုင်နက် ဆုံးပြီပါ့ သုန္ဒရ '' တဖန် သုန္ဒရမျက်နှာကိုစိုက်ကြည့်ရင်း ခပ်ပြောလိုက်သည်။
'' သင့်မျက်နှာလဲ နွမ်းလျနေပါပြီကော သုန္ဒရ ၊ဒီလိုတွေပင်ပန်းမှာစိုးလို့ မလိုက်ဖို့တားတဲ့ဟာကို ''

သူ့ကို အရိပ်တကြည့်ကြည့်နှင့် ပူပန်နေသော အရှင့်သားကြောင့် ကြည်နူးမိသည့်တိုင် အနည်းငယ်နေရခက်လှပါ၏။ ယောကျာ်းပီပီ မာနဓာတ်ခံလေးက ရှိပြီးသားမဟုတ်ပေလား။ အနုအရွလာဆက်ဆံသည့်အခါ အနည်းနှင့်အများတော့ နေရကျပ်လှပါသည်။သုန္ဒရ စကားလမ်းကြောင်လွှဲရန်ပြင်လိုက်စဥ် တိုက်တိုက်ဆိုင်ဆိုင် မနီးမဝေးမှ စမ်းချောင်းတစ်ခုကိုလှမ်းမြင်လိုက်ရ၍ ပြောလိုက်သည်။
''ဟော ရှေ့မှာ စမ်းချောင်းလေးပဲ ခေတ္တနားမယ် ဆို မဏိ''

သူ့အပြောကို မသိချင်ယောင်ဆောင်ကာ ပါးပါးနပ်နပ် စကားလမ်းကြောင်းလွှဲသွားသော သုန္ဒရ​ကြောင့် မဏိ မချိတင်ကဲ ရေရွတ်မိယုံမှ တစ်ပါး။
''သုန္ဒရဟာလေ... ''

ဧကနဒီ (Completed) Where stories live. Discover now