အပိုင်း ၂၃

681 44 0
                                    

ဧကနဒီ (သို့) လောကနိယာမများကို ဆန့်ကျင်၍
အပိုင်း ၂၃

သုန္ဒရ လိုဏ်ဂူထဲ ရှေ့ဆက်၍ လျှောက်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည့်တိုင် လိုဏ်ဂူ၏ ထွက်ပေါက်ကို မမြင်ရသေး ။ အဆုံးမဲ့ စင်္ကြန်လမ်းကသာ စောင့်ကြိုနေ၏။
အဆုံးမဲ့ ဂူများလား ..

သူ့အတွေးပင် မဆုံးသေး ရုတ်တရက် အလင်းတန်းတစ်ချို့ တွေ့လိုက်ရပြီး မြင်ကွင်း ပြောင်းလဲသွားတော့သည် ။

လှပလွန်းသော ပန်းတောကြီးများက မျက်စိတဆုံး ပသာဒဖြစ်စွာ။ အုပ်ဆိုင်းနေသော သစ်ပင်ကြီးများထက်တွင်လည်း ရှားပါး ပန်းမျိုးတို့ စုံလင်စွာ ။  ကျောက်သား စားပွဲခုံတစ်ခုတွင် လုလင်ပျို တစ်ယောက်ဟာ စောင်းကို ပိုက်လျက် သံစဉ်တစ်ချို့ တီးခတ်နေ၏ ။ ဖြူလွလွန်းသော အထည်သားကို ရွှေချည်ရောယှက်၍ ရက်လုပ်ထားပေလော မသိ ။ ဝတ်ဆင်ထားသည့် အဝတ်အထည်တို့ဟာ ကျက်သရေရှိလွန်းသည်က အသေအချာ။  စားပွဲခုံပေါ်တွင် ရေတကောင်းတစ်ခု ၊ လှပသော ငွေသွန်းခွက်များနှင့် လတ်ဆတ်မှုအပြည့် သစ်သီးတို့ တည်ခင်းထားသည် ။

ထိုသူဟာ စောင်းကို ဘေးချလိုက်ပြီးနောက် သုန္ဒရကို မျက်လွှာပင့်ကြည့်လာပြီး သူ့ရှေ့ရှိ ခုံကို ညွှန်ပြလာသည် ။
“ သင် အရောက်လာနိုင်ခဲ့သားပဲ  ထိုင်ချေ ”

သုန္ဒရ မေးလိုက်မိသည်။
“ ဒီက ပုဂ္ဂိုလ်က ဘယ်သူများလဲ ”

ထိုလုလင်ပျိုဟာ အပြုံးရိပ်ဖျော့ဖျော့ဖြင့်
“ သင့် စိတ်ထဲ မှန်းမိပြီးသား ဖြစ်မှာပါ ၊ ကျွန်ုပ်က သည် ဂန္ဓမာလာရဲ့ တောင်စောင့်နတ်ပဲ ”

သုန္ဒရ လေးမြတ်စွာ ခေါ်ဝေါ်လိုက်သည် ။
” အရှင်... ”

ထိုသူဟာ အပြုံးရိပ်အချို့နှင့်အတူ ခေါင်းယမ်းလိုက်ရင်း
“ သင်တို့ရဲ့ ဒဏ္ဍာရီထဲမယ် ကျွန်ုပ်က သိမြင်သူ အရှင်တွေကို ပေါ်ပေါက်စေခဲ့တဲ့သူ ဆိုပေမယ့် ကျွန်ုပ်က တကယ်တမ်းတော့  ဂန္ဓဗ္ဗ နတ်တစ်ပါးရယ်သာ ၊ ထိုင်ပါလေ သင် သည်ကို အရောက်လာနိုင်ခဲ့တယ်ဆိုထဲက သင်နဲ့ ကျွန်ုပ်ကို လောကကြီးက တွေ့ခွင့်ပြုလိုက်လို့ပဲ ”

ဧကနဒီ (Completed) Where stories live. Discover now