အပိုင်း ၂၁

667 43 0
                                    


လောကနိယာမများကို ဆန့်ကျင်၍ (သို့) ဧကနဒီ
အပိုင်း ၂၁

မဏိရဇ္ဇသည်  ကိုယ်လက် သန့်စင်ပြီး တည်ခင်းပေးသော နံနက်စာစားပြီးနောက် သုန္ဒရကို သူ၏ အဆောင်တွင် သွားရောက် ရှာဖွေသော်လည်း မရှိသည့်အတွက်  ရှာပုံတော် ဖွင့်တော့သည်။ ဧည့်နန်းဆောင်မှ ပင်မနန်းဆောင်ဆီ ခြေလှမ်းပြင်သည်တွင် သူ့ဆီလာဟန်တူသော ဂန္ဓမာလာ မင်းသမီး ကန္တသီရိဒေဝီကို တွေ့လိုက်ရသည်။ မင်းသမီးသည် ရံရွေတော်မပါဘဲ မလှမ်းမကမ်းတွင် အထိန်းတော် တစ်ဦးသာ အဖော်အဖြစ်ပါ၏။

မဏိ တွေ့တွေ့ချင်း သိလိုနေသည့် အရာကို တည့်တည့်သာ မေးလိုက်သည်။  နှစ်ဝမ်းကွဲဆိုသည့် တော်စပ်ပုံကို သဘောမကျသော်လည်း (ဂန္ဓမာလာတွင် ထိုဓလေ့မရှိ၍ နည်းနည်းတော့ ဖြေသာနေခဲ့) ဤမင်းသမီးဟာလည်း သုန္ဒရနှင့် ဆွေမျိုးတော်စပ်သည် မဟုတ်ပါလား ။

“  မင်းသမီး သုန္ဒရကို  တွေ့မိသေးလား ”

ကန္တသီရိသည် သူ့ကို ဖော်ရွေစွာ ပြုံးပြလျက် ပြန်ဖြေလာ၏။
“ ဟရိဏီရှိရာ နန်းဆောင်ဘက် သွားတာ တွေ့မိရဲ့ ”

ဟရိဏီ... ဟရိဏီ ဆိုတာ ဂန္ဓမာလာရဲ့ သိမြင်သူ အရှင်မ မဟုတ်လား ။ ဘာအကြောင်းကိစ္စရှိလို့ သွားတွေ့တာပါလိမ့် ။ အတွေးနှင့်အတူ မဏိမေးလိုက်သည်။
“ သိမြင်သူ အရှင်မ ဆီလား ”

ကန္တသီရိက ခေါင်းညိတ်ပြလာရင်း
“ မှန်ပေတယ် ”

မဏိရဇ္ဇသည် မင်းသမီးကို ကြည့်ရင်း မေးလိုက်မိသည်။
“ ဒါနဲ့ မင်းသမီးက ကျုပ်ဆီ လာတာလား  ”

မဟုတ်လျှင် မင်းသမီးတစ်ပါးက ရံရွေတော်မပါဘဲ ဧည့်နန်းဆောင်ဆီ လာမည့် အခြားအကြောင်းရင်းကို တွေးကြည့်၍မရ ။ သုန္ဒရဆီ လာခြင်း မဟုတ်မှန်း ခုနက စကားက သက်သေပြပြီးသားဖြစ်နေ၍ ဖြစ်သည်။
ကန္တသီရိက ပွင့်လင်းစွာ ခေါင်းညိတ်ပြလာပြီး
“ အစ်ကိုတော်က အသင့်ကို နန်းတော်တစ်ခွင် လိုက်ပြလိုက်ဆိုလို့ ”

ထိုစဉ် ရဲမက်တစ်စုသည် ဘေးမှ ဖြတ်သွား၏။ စစ်ရေးလေ့ကျင့်ဖို့ ဖြစ်ဟန်တူသည် ။ ကန္တသီရိဒေဝီသည် သူနှင့် စကားပြောနေရာမှ ချာခနဲ လှည့်ကာ ထိုရဲမက်တို့ဆီ ခပ်သွက်သွက် လျှောက်သွား၏။ မလှမ်းမကမ်းမှ အထိန်တော်ကြီးက အလျင်စလို လှမ်းခေါ်လိုက်သော်လည်း မင်းသမီးက သတိမပြုမိ ။
“ ထိပ်ထားလေး ”

ဧကနဒီ (Completed) Where stories live. Discover now