အပိုင်း ၁၉

707 42 0
                                    

လောကနိယာမများကိုဆန့်ကျင်၍ (သို့)  ဧကနဒီ
အပိုင်း ၁၉

ဈေးတန်းထဲ လျှောက်ဝင်လိုက်သည်တွင် ဈေးသည်များ၏ ဖိတ်‌ေခါ်သံ ကျယ်ကျယ်လောင်လောင်တို့က နားစည်ကို လာထိခတ်၏ ။ ဤသို့ အသက်ဝင်လွန်းသည့် ပတ်ဝန်းကျင်ကြောင့် မဏိရဇ္ဇ အနည်ငယ်တော့ နေသာမကျ ဖြစ်သွားသည်။

လတ်ဆတ်သည့် အသီးအရွက်များကို ရောင်းချနေသူများ ။ အသားတို့ကို ရောင်းချနေသည့် အမဲလိုက်မုဆိုး ဖြစ်ဟန်တူသူများကလည်း ပလိုင်းလွယ်လျက်  ။ ဝါးရွက် ၊ ငှက်ပျောဖတ်တို့ဖြင့် ထုပ်ထားသည့် ကောက်ညှင်းထုပ် ၊ မုန့်ဖတ်ထုပ် အစရှိသည့် မုန့်ရောင်းချနေသူများကလည်း ဝါးခြင်းတောင်းများဖြင့်  ။ အကြော်အလှော် မုန့်ဗန်းများ ရွက်ဟာ ဟိုမှသည် သွားလာရောင်းချနေသည့် ခေါင်းရွက်ဗျက်ထိုး ဈေးသည်များကလည်း ခြေကျင်းလိမ်စွာ ။

သုန္ဒရသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ပြုံးလျက်သား ရှင်းပြလိုက်သည်။
“ ငါးရက်တစ်ခါ ဒီလိုစည်ကားတတ်တယ် အရှင့်သား ကျေးတောရွာက လူတွေပါ လာရောက် ရောင်းချတာမို့လို့လေ ၊ ဈေးမှာ  အခြေစိုက်ပြီး ခန့်ခန့်ထည်ထည် တည်ထားတဲ့ ဆိုင်တွေက ဟိုဘက်မှာ ၊ သူတို့ကတော့ နေ့တိုင်းဖွင့်လှစ်ကြတယ် ၊ လက်ဝတ်ရတနာဆိုင် ၊ ပန်းထိမ်ဆိုင် ၊ အထည်ဆိုင် ၊ အမွှေးနံ့သာဆိုင်တွေအဆုံးပဲ ၊ အနယ်နယ်အရပ်ရပ်က ကုန်သည်တွေကလည်း အဲ့ဘက်အတန်းမှာ ဆိုင်တစ်နေရာစာ အခြေချ ယူထားကြတတ်ကြတယ်  ”

မဏိရဇ္ဇသည် သုန္ဒရ၏ စုံလင်လှသော ရှင်းပြချက်ကြောင့် မျက်ခုံးပင့်လိုက်မိရင်း မေးလိုက်မိသည်။
“ သုန္ဒရက သိလှချည်လား ၊သင်လည်း ယနေ့မှ ဒီကို ရောက်တာ မဟုတ်ဘူးလား ”

သုန္ဒရသည် ပြုံးပြလိုက်ရင်း ပြန်ဖြေလိုက်သည်။
“ မယ်မယ့်ဆီမှာ ဂန္ဓမာလာအကြောင်း မေးမြန်းလာခဲ့သေးလို့ပါ အရှင့်သား ”

မဏိလည်း ခေါင်းညိတ်ပြလိုက်ရင်း ဘေးဘီကို ဝေ့ကြည့်ပြီး ပြောလိုက်သည် ။
“ ကောင်းပြီ ထားပါ ဒါနဲ  အမွှေးနံ့သာဆိုင်တွေက အတော်ပေါလှချည်လား သည်ဘက်မှာလည်း အများကြီးတွေ့ရတယ် ”

ဧကနဒီ (Completed) Where stories live. Discover now