အပိုင်း ၁၄

820 52 0
                                    

ဧကနဒီ
အပိုင်း ၁၄

ဖုန်တလုံးလုံးတွင် ဘေးချင်းယှဥ်လျက် အသော့နှင်နေသောမြင်းနှစ်စီး။ ဧကနဒီမှတစ်ဆင့် ဂန္ဓမာလာသို့ခြေဆန့်ကြမည့် မဏိရဇ္ဇနှင့်သုန္ဒရပါပေ။သာမန်အရပ်သားတို့ ဝတ်သလို အကွက်ပုဆိုး၊ ရင်စေ့ချည်ထည်သာ ဝတ်ထားသည်ဖြစ်သော်လည်း ထည်ဝါသော အငွေ့အသက်တို့က ဖုံးဖိ၍မရစွာ ထင်းလင်းနေဆဲသာ။

မဏိရဇ္ဇနှင့်သုန္ဒရတို့ မြင်းပန်းလျှင် ခေတ္တအနားပေး၊ရေတိုက်၊အစာကျွေးနှင့် ခရီးဆက်လာကြသည်မှာ ညီအစ်ကို မသိတသိအချိန်ပင် ရောက်လာလေပြီ။ဧကနဒီရွှေမြို့တော်နှင့်လည်း ဝေသည်ထက်ဝေး၍ လာချေပြီ။

မဏိရဇ္ဇသည် မြင်းဇက်ကြိုးကို အသာတုံ့လိုက်ရင်းပြောလိုက်သည်။
''ရှေ့နားဆို ရွာရှိတယ် သုန္ဒရ၊ အဲ့မှာ ညအိပ်ညနေ ခရီးတစ်ထောက်နားကြတာပေါ့''

သုန္ဒရတွင် ငြင်းဆိုစရာ အကြောင်းမရှိ ။ သို့အတွက်ခေါင်းညိတ်ပြလိုက်ရင်း
''မှန်ပါ့အရှင့်သား''

အကျင့်ပါစွာ လွှတ်ကနဲထွက်သွားသည့် စကားအဆုံးမဏိရဇ္ဇသည် မျက်မှောင်ကြုံ့လိုက်ရင်း
''ကျစ် အခေါ်အဝေါ်ကို အသားကျနေမှ ဖြစ်မယ်လေ သုန္ဒရ''

သုန္ဒရလည်း နားလည်စွာ တစ်ချက်ပြုံးပြလိုက်ရင်း
''ဟုတ်ပြီ မဏိ''

''ဒီလိုမှပေါ့''

ရွာတန်းရှိ အိမ်ခြေများကို လှမ်းမြင်နေရပြီ ဖြစ်သည့်အတွက် သုန္ဒရနှင့် မဏိတို့ မြင်းကို အရှိန်လျှော့လိုက်ကြသည်။ အိမ်ဝိုင်းတစ်ခု၏ရှေ့ မြင်းကို ရပ်လိုက်ကာ မြင်းပေါ်မှ ဆင်းလိုက်ပြီးနောက် မဏိရဇ္ဇ အသံပြုလိုက်သည်။
''ဗျို့အိမ်ရှင်တို့''

သူ့အသံအဆုံး သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး၏အသံနှင့်အတူ လူပါ အိမ်ဝဘက် ရောက်လာ၏။
''အမောင်တို့က ဘယ်သူများလဲကွဲ့''

သုန္ဒရသည် ယဥ်ကျေးစွာ ပြုံးပြလိုက်ရင်း
''ခရီးသွားတွေပါ အရီး၊ ညရေးညတာ တည်းခိုချင်တာမို့လို့ ရွာသူကြီးအိမ်ကို လမ်းပြပေးနိုင်မလား''

ထိုအခါ အမျိုးသမီးက ဖော်ရွေစွာ ပြုံးပြလာပြီး
''အို အမောင်တို့နှစ်ယောက်ဆို ကျုပ်အိမ်မှာတည်းလဲ ရသပါ့တော်''

ဧကနဒီ (Completed) Where stories live. Discover now