အပိုင်း ၃၈

885 38 2
                                    

လောကနိယာမများကို ဆန့်ကျင်၍ (သို့ ) ဧကနဒီ 

အပိုင်း ၃၈

“ကိုယ်တော် အရောက်လာနိုင်ခဲ့ပြီ ကိုယ်တော်ရဲ့ ဧကနဒီ  ”

ထိုစကားသံ အဆုံး ပြူးကျယ်ဝိုင်းစက်သွားသော မျက်ဝန်းတစ်စုံနှင့်အတူ မယုံနိုင်ဖွယ်အတိ ။ စိတ်ကူးယဉ်အိပ်မက်များစွာ မက်ခဲ့ပြီး ဖြစ်ရာ လက်တွေ့ကြုံလိုက်ရသည့်အချိန်တွင် သုန္ဒရ မယုံကြည်နိုင်ဆဲ ။

အိပ်မက်မက်နေသည်လား …

သို့သော် သူ့လက်ကောက်ဝတ်ကို  ဆုပ်ကိုင်ထားသည့် အထိအတွေ့က စစ်မှန်လွန်းလှသည် ။

တအံ့တဩ ကြည့်လာပြီးမှ အတွေးနစ်ဟန် မျက်လွှာချသွားသူ၏ လက်ကောက်ဝတ်ကို  မဏိ အားမလိုမရ ပိုတိုး၍ ဖျစ်ညှစ်လိုက်ရင်း

“ ကိုယ်တော်ပါ သုန္ဒရ …ကိုယ်တော်ပါ …မဟုတ်မှလွဲ ”

မဖြစ်နိုင်ပါ ။ သူ့ကို ကြည့်လာသည့် မျက်ဝန်းများက မှတ်မိနေမှန်း သေချာပါသည် ။ သို့ဆိုလျှင် ဘာ့ကြောင့် မတုန်မလှုပ် အေးစက်လွန်းနေရပါသနည်း ။

သူ ထပ်ပြောရန် ကြံဆဲ ရုတ်တရက် သုန္ဒရက သူ၏ လစ်လပ်နေသည့် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ဆွဲဖက်လာ၏ ။ အားအတော်ပါသာကြောင့် ခန္ဓာကိုယ်နှစ်ခု ပြင်းထန်းစွာ တိုက်ပြီးသွားပြီး မဏိ အင့်ခနဲပင် ဖြစ်သွားသည်။ 

သူ တစ်စုံတစ်ခု ပြောရန် ပါးစပ်ပြင်ဆဲ သူ့ပခုံးဆီ ‌ပူလောင်စိုစွတ်သည့် အထိအတွေ့တို့ ကျရောက်လာကြောင်း သိလိုက်ရချိန် မဏိ၏ မျက်ဝန်းထောင့်တွင်လည်း ငွေ့ရည်ဖွဲ့သီလာ၏။

“ ကိုယ်တော်မှားသွားပါတယ် တောင်းပန်ပါတယ် အကြာကြီးစောင့်ရအောင် လုပ်မိသွားတယ် ”

လူရှင်းသော်လည်း အမျိုးသားနှစ်ယောက် ဖက်တွယ်နေသည့် မြင်ကွင်းကို အချို့က ကွက်ကြည့်ကွက်ကြည့် ။ မဏိတို့ကမူ သတိမမူနိုင် ။ လွမ်းခဲ့ရသည့်ကာလကို အတိုးချ၍ ကြားလေမသွေးနိုင်အောင် ဖက်တွယ်ထားမိဆဲ ။

သားဖြစ်သူ မဏိက ရုတ်တရက် ပြေးထွက်သွားသဖြင့် နောက်မှ လိုက်လာကြသော ဒေါ်ခင်တော်ဝင်တို့ လူစုလည်း မျက်စိရှေ့မှ တွေ့ရသော မြင်ကွင်းကြောင့် အလိုက်တသိ ရှေ့ဆက်မတိုးခဲ့ ။ သားငယ်၏ နာကျင်မှုကို ဤရက်များအတွင်း ခန့်မှန်းနိုင်ခဲ့၍ပင် ။ 

ဧကနဒီ (Completed) Where stories live. Discover now