ဧကနဒီ သို့ လောကနိယာမ များကို ဆန့်ကျင်၍
အပိုင်း၂၀“ အရှင့်သား ကျွန်ုပ်တို့ နောက်ကျသွားတယ် ”
အချိန်းအချက်ပြုထားသည့် နေ့ထက် တစ်ရက်နောက်ကျပြီးမှ ရောက်သဖြင့် သင်္ခ ဒူးထောက်တောင်းပန်လိုက်သည်။ မဏိသည် သင်္ခ၏ လက်ကိုဆွဲကာ ဒူးမထောက်ရန် တားလိုက်ပြီး ပြောလိုက်သည်။ အချိန်အချက်ပြုထားသည့် နေရာကား ဂန္ဓမာလာ မြို့တံတိုင်းသို့ မဝင်ခင် မနီးမဝေးတွင် ဖြစ်သည်။
“ သင်တို့နောက်ကျလောက်မယ်ဆိုတာ အစထဲက ခန့်မှန်းထားခဲ့ပြီးသား အရေးမဟုတ်တာတွေ အရေးလုပ်မနေနဲ့တော့ ၊ ဘုရင်ဆီကိုသာ သွားကြရအောင် ”မဏိရဇ္ဇသည် သာမန်အဝတ်တို့မှ အိမ်ရှေ့စံအဆောင်အယောင်တို့ကို ပြောင်းလဲဝတ်ဆင်လိုက်သည် ။ ဧကနဒီတိုင်းပြည်မှ သံတမန် အဖွဲ့ ရောက်ရှိပြီဖြစ်ကြောင်း ရှေ့ပြေးသတင်းရယူသူက ဂန္ဓမာလာ ပြည့်ရှင်ထံ ကြို၍ အကြောင်းကြားထားသဖြင့် နန်းတော်သို့အဝင်တွင် သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ ဘုရင် သုဒိဗ္ဗ ၊ ညီမတော် တစ်ပင်တိုင်မင်းသမီး ကန္တသီရိဒေဝီ နှင့် သိမြင်သူအရှင်မ ဟရိဏီတို့အပြင် မှူးမတ်တို့ကပါ ကြိုဆိုကြသည်။ နန်းတော်သို့မရောက်ရှိခင် မင်းလမ်းမတစ်လျှောက်တွင်လည်း ပြည်သူတို့က တစ်ချက်တော့ ငေးမောကြည့်ရှုခဲ့ကြ၏ ။
ဘုရင် သုဒိဗ္ဗသည် သိမ်းငှက်မျက်ဝန်းတို့လို စူးရဲသည့်မျက်လုံး ၊ ထူထဲသည့် မျက်ခုံးတန်းတို့ ရှိပါသော်လည်း အပြုံးရိပ်ပေါ်လွင်နေသည့် နှုတ်ခမ်းတို့က စိတ်ရင်းဟာ တည်ကြည်အေးချမ်းမှန်း ထင်ရှားလှ၏ ။ ဂန္ဓမာလာသား ပီသစွာ ဧကနဒီသားတို့နှင့် ယှဉ်လျှင် ဝင်းဝါသည်ဟု ဆိုနိုင်သည့် အသားအရေ ၊ ရှည်လျားသော အရပ်အမောင်း ကလည်း ကျက်သရေကို ထပ်ဖြည့်ပေးနေ၏ ။
ကန္တသီရိဒေဝီသည်လည်း နှစ်သက်အပ်သော ကျက်သရေ ဟူသော နာမည်နှင့်လိုက်ဖက်စွာ ဝင်းဝါသော အသားအရေ ၊ နီထွေးသော နှုတ်ခမ်းလွှာတို့မှ ချိုမြ ကြည်လင်သော အပြုံး ၊ ပြစ်မျိုးမှဲ့မထင် မျက်နှာလေးက မြင်ရသူ၏ စိတ်အစဉ်ကို အေးချမ်းသွားစေ၏ ။
ဟရိဏီသည်ကား အမျိုးသမီး တစ်ယောက်အနေဖြင့်ဆိုလျှင် ရှည်သွယ်သည့် ကိုယ်လုံးကိုယ်ထည် ၊ သမင်မျက်ဝန်းလို လှပသည့် မျက်ဝန်းညိုများ ပိုင်ဆိုင်ထားသည့်တိုင် နုနယ်သည့်အလှတရား ဖြစ်မသွားဘဲ လေးနက်သည့် မျက်ဝန်းအကြည့်တို့က လျှို့ဝှက်နက်နဲလွန်းသည့် သိမြင်သူတို့၏ အရှိန်အဝါကို လှစ်ဟပြနေ၏ ။
YOU ARE READING
ဧကနဒီ (Completed)
Storie d'amore''မောင်မင်းဟာ ကိုယ်တော်ရဲ့ ဧကနဒီပါပဲ သုန္ဒရ'' ဧကနဒီ ပြည်ဆီ အလည်တစ်ခေါက်သွားကြရအောင်လား💜 ကိုယ့်ရဲ့Ficထဲမှာ ပါဝင်သမျှ အကြောင်းအရာတွေက ကိုယ့်ရဲ့ စိတ်ကူးယဥ်မှု သက်သက်သာ ဖြစ်ပါတယ်..ဒီတော့ အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးကြပါနော်။ End Date - 17.9.2023(SUN)