Part 2

15.5K 1K 17
                                    

ဝါကြင်ကြင်ရေနံဆီမီးရောင်အောက်တွင် ကိုးက နှစ်ခြိုက်စွာ အိပ်မောကျနေသည်။မြလင်းသာ ထိုင်ခုံပေါ်တွင် ထိုင်နေရင်း ကိုးကိုသာ ငေးကြည့်နေသည်။မြလင်းသာ လက်ကောက်ဝတ်က ဆစ်ခနဲ နာလာ၏။မြလင်းသာ လက်ကောက်ဝတ်ကို ကြည့်လိုက်တော့ သွေးစို့နေသည့်ဒဏ်ရာကို တွေ့ရသည်။မြလင်းသာ ဒဏ်ရာကို ကြည့်ရင်း အတွေးတွေက ရှုပ်ထွေးလာပြန်သည်။

မြလင်းသာ နီရဲသည့်ခေါင်ရမ်းပန်းပင်များကြားတွင် ဓားကိုင်ထားခဲ့သည်။နာကျင်မှု၊လွမ်းဆွတ်မှု၊လှစ်ဟာမှုများက နှလုံးသားကို တတိတိတိုက်စားနေတာကြောင့် မြလင်းသာ အသိစိတ်များက အမှောင်ထုထဲတွင်သာ ပြိုလဲနေခဲ့သည်။မြလင်းသာ အရာအားလုံးကို စွန့်လွှတ်ရန် အသင့်ဖြစ်နေခဲ့သည်။၂၁နှစ်အရွယ် မြလင်းသာက အဖန်ငါးရာ ငါးကမ္ဘာကို ရင်ဆိုင်ရန် ဆုံးဖြတ်ထားခဲ့သည်။

အဲ့ဒီအချိန်....။

ခွမ်း!!!

မှန်ကွဲသွားသည့်အသံနှင့်အတူ လျှပ်စီးရောင်ဟပ်နေသည့် မှန်စများအလယ်က ကလေးတစ်ယောက်။မှန်စများက ကြယ်များအလား လင်းလက်သွားခဲ့သည်။ထို့နောက် မြလင်းသာရှေ့သို့ ပြုတ်ကျလာခဲ့သည်။

ကလေးတစ်ယောက်.....'ကိုး'။

သေးကွေးညစ်ပေနေသည့် အမည်းတုံးလေးက တောက်ပသောမျက်ဝန်းများနှင့် မြလင်းသာကို စိုက်ကြည့်နေခဲ့ပြီး မြလင်းသာရဲ့မှောင်မိုက်နေသည့် စိတ်တွေက တစ်မဟုတ်ချင်း ရှင်းလင်းသွားသည်။ကိုးက ကြောက်ရွံ့သွားဟန် နောက်ကို ခြေတစ်လှမ်းဆုတ် လိုက်သည်။‌‌ကိုး အကြည့်က ဒဏ်ရာရနေသည့်သားရဲတစ်ကောင်လို စူးရဲနေသည်။မြလင်းသာ ဓားကို လွှတ်ချခဲ့သည်။

"အင်း ဟင်း ဟင်း"

ကိုးရဲ့အော်ညည်းသံကြောင့် မြလင်းသာ အတွေးစများ ပြတ်တောက်သွားသည်။မြလင်းသာ ကိုးနဖူးကို အသာအယာထိတွေ့လိုက်သည်။ကိုးနဖူးက မီးခဲအလား ပူလောင်နေသည်။မိုးရေထဲ ပြေးလွှားခဲ့ရသည့် ကိုးက ဖျားလေပြီ။ကိုး နဖူးတွင် ချွေးစေးတွေထွက်နေပြီး တစ်ကိုယ်လုံးကလည်း တုန်ယင်နေသည်။

"အမေ..အမေ..."

ကိုးက ခပ်ဖွဖွရေရွတ်နေ၏။မြလင်းသာ မီးဖိုချောင်သို့ပြေးကာ တဘက်နှင့်ရေဇလုံသွားယူသည်။ရေဇလုံကို စားပွဲပေါ်တင်ပြီး တဘက်ကို ရေစိမ်၍ညှစ်လိုက်သည်။တဘက်ကို ကိုးနဖူးပေါ်တင်ပေးကာ အဖျားကျသွားစေရန် ရေဘတ်တိုက်ပေးသည်။မနက်အာရုဏ်တက်ခါနီးအချိန်ထိ ရေတဘက်နှင့် ထပ်ခါထပ်ခါတိုက်ပေးမှ ကိုးက သက်သာလာသည်။မြလင်းသာ ပင်ပန်းသွားကာ ထိုင်ခုံပေါ်တွင်ပင် အိပ်ပျော်သွားသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now