Part 3

11.7K 1K 23
                                    

"ဘကြီးရွှေ"

မြလင်းသာ အော်လိုက်တော့ ဘကြီး‌ရွှေက ဧည့်ခန်းထဲဝင်လာသည်။

"ပြောပါ သခင်လေး"

မြလင်းသာ ထိုင်နေရာမှ ထကာ ကိုးကိုကြည့်လိုက်သည်။ကိုးက ထိုင်ခုံပေါ်တွင် ကျုံ့ကျုံ့လေး ထိုင်နေဆဲ။

"သူ့ကို ရေချိုးပေးလိုက်ပါဦး သူ့ခေါင်းမှာ သန်းတွေနဲ့ ကတုံးတုံးပေးလိုက်ပါ"

"ဟုတ်ကဲ့ပါ"

ကိုး အကြည့်များက မြလင်းသာထံတွင်သာ ရှိနေသည်။မြလင်းသာက ကိုးကို ပြုံးပြကာ မီးဖိုချောင်ထဲ ဝင်သွား၏။

"ကြီးမြ"

"ဘာများလဲ သခင်လေး"

"အောက်ထပ်က အဆင်ပြေတဲ့အခန်းမှာ ကိုး နေဖို့ အခန်းလေးပြင်ပါ ဘကြီးရွှေက ကိုးကို ရေချိုးပေးလိမ့်‌မယ် ပြီးရင် ပြင်ထားတဲ့ အခန်းထဲ ပို့လိုက်ပါ ကျွန်တော် ခဏ သွားအိပ်ချင်လို့"

ကြီးမြက ကိုးဆိုသည့် ကလေးကို မြင်ယောင်ရင်း နှာခေါင်းရှုံ့လိုက်သည်။ညစ်ပတ်ပြီး အဆင့်အတန်းနှိမ့်သည့် ကလေး။သို့သော် မြလင်းသာ အလိုကျ ခေါင်းညိတ်လိုက်၏။မြလင်းသာ၏ဖခင် ဝန်မင်းဦးမြဆွေက သခင်လေးမြလင်းသာကို စောက်ရှောက်ဖို့ အမိန့်ပေးထားသည် မဟုတ်ပါလော။

"ကြီးမြ နွားနို့သည်ကုလားကို နေ့တိုင်းနွားနို့ပို့ပေးဖို့ မှာထားလိုက်ပါ ပြီးတော့ မာလီဦးဝင်းကိုလည်း ပြောပေးပါဦး ညက မှန်လုံအိမ်ဘက်က မှန်တွေကွဲသွားတယ် အသစ်လဲလိုက်ဦးလို့"

"အလိုတော် မှန်တွေက ဘယ်နှယ့်ကြောင့် ကွဲကုန်ရတာတုန်း အထဲက ပန်းပင်တွေတော့ ပျက်စီးကုန်တော့မှာပဲ"

"ညက ကိုး ဝင်လာလို့ပါ"

ကြီးမြ၏မျက်လုံးများထဲ စိတ်အလိုမကျမှုများက ပို၍ထင်ရှားလာသည်။မြလင်းသာ ကြီးမြရဲ့မျက်လုံးများထဲမှ မနှစ်မြို့မှုများကို ဖမ်းမိသော်လည်း မီးဖိုချောင်ထဲမှ ထွက်ကာ အိမ်အပေါ်ထပ်သို့ တက်လာခဲ့သည်။မြလင်းသာ တစ်ညလုံးအိပ်ရေးပျက်ထား၍ ပင်ပန်းနေပြီ။မြလင်းသာ လှေကားပေါ် တစ်လှမ်းချင်းတက်ပြီး အပေါ်ထပ်ရှိ အိမ်ဦးခန်းထဲသို့ ဝင်ကာ ခုတင်ပေါ်တက်၍ လှဲလျောင်းအိပ်စက်လိုက်တော့သည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now