Part 10

8.6K 821 76
                                    

မြလင်းသာနှင့်ကိုးတို့ မြလင်းသာနေရမည့်အဆောင်ကို သွားကြသည်။မြလင်းသာ နေရမည့်အဆောင်က ဘရဏီလို့ ခေါ်ပြီး နှစ်ထပ်ဆောင်ဖြစ်ကာ မြလင်းသာက အပေါ်ထပ်တွင် နေရမှာဖြစ်သည်။ကိုး မြလင်းသာအိတ်ကို ဆွဲကာ မြလင်းသာ နောက်မှ ခပ်သွက်သွင်လေး လိုက်သည်။အဆောင်က သစ်သားကြမ်းခင်းထားပြီး ရေနံချေးဝ‌အောင် သုတ်ထားသည့် ပျဉ်ထောင်အိမ်ကြီးဖြစ်သည်။မြလင်းသာတို့ အပေါ်ထပ်တက်လာခဲ့သည်။မြလင်းသာက အဆောင်ကို ရင်းနှီးကျွမ်းဝင်ဟန်ဖြင့် အခန်းတံခါးဖွင့်လိုက်သည်။အခန်းက သိပ်မကျယ်ပေမဲ့ လူတစ်ယောက် နေနိုင်ရန်အတွက်တော့ လုံလောက်သည့် အကျယ်အဝန်းရှိသည်။

အခန်းထဲတွင် သစ်သားကုတင်တစ်လုံး၊သံသေတ္တာ‌တစ်လုံးနှင့် စားပွဲတစ်လုံးရှိသည်။အခန်းက လူမနေတာ ကြာပြီ ဖြစ်သည့်အတွက် ဖုန်အလိမ်းလိမ်း။ကိုး အိတ်ကို ကုတင်ပေါ်တင်သည်။ တံမြတ်စည်းကို ချက်ချင်းကောက်ကိုင်လိုက်ပြီး ကိုး မြလင်းသာကို အခန်းအပြင်တွန်းထုတ်သည်။

"မြလင်း အပြင်မှာ စောင့်နေဦး"

ကိုး ‌ပြောပြီးပြီးချင်း ပုဆိုးကို ခပ်တိုတိုပြင်ဝတ်သည်။ရှပ်အင်္ကျီကို တံတောင်အထိခေါက်တင်သည်။ကိုး အခန်းတွင်းကို အထပ်ထပ်လှည်းကျင်းသည်။အခန်းပြင်ထောင့်တွင် ရှိသည့် ရေပုံးကိုယူကာ ‌အောက်ထပ်အုတ်ကန်ကြီးဆီမှ ရေခပ်ပြီး အပေါ်တက်သည်။ခပ်နွမ်းနွမ်းပုဆိုးတစ်ထည်ကို ရေစွတ်ပြီး အခန်းတစ်ခုလုံးကို ကြမ်းတိုက်သည်။ကိုး တစ်ကိုယ်လုံးက ချွေးစို့လာသည်။အခန်းထောင့်ရှိ ပင့်ကူအိမ်များကိုလည်း ရှင်းလင်းသည်။

ကုတင်ပေါ်က ဖုန်တွေကို သုတ်ပြီး မြလင်းသာအတွက် အိပ်ယာပြင်ပေးသည်။မြလင်းသာရဲ့အဝတ်တွေကို သံသေတ္တာထဲ စီစီရီရီ သပ်သပ်ရပ်ရပ်ထည့်ပေးပြီး စားပွဲပေါ် နာရီအသေးလေးတင်လိုက်သည်။ကိုး အခန်းကို ပြင်ဆင်ပြီးသွားတော့ မြလင်းသာက အပြင်မှာ ရပ်နေသေးသည်။ကိုး မြလင်းသာကို သွားခေါ်ရန် အပြင်ထွက်လာသည်။

မြလင်းသာက ဝရံသာမှာရပ်နေပြီး အောက်ကို ငေးကြည့်နေသည်။ကိုး ဝရံသာထံသွားကာ မြလင်းသာဘေးတွင် ရပ်သည်။မြလင်းသာက အောက်ထပ်ရှိ ‌ခေါင်ရမ်းပန်းပင်များကို ငေးကြည့်နေသည်။ခေါင်ရမ်းပန်းပွင့်များက နီရဲစွာဖြင့် ငွားငွားစွင့်စွင့် ပွင့်နေပြီး လေအဝှေ့တွင် လှုပ်လှုပ်ရှားရှား။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now