Part 23

7.4K 754 99
                                    


မြလင်းသာ ခေါင်းတွေ တဆစ်ဆစ်ကိုက်နေသည်။ညကတစ်ညလုံး ပူလောင်နေရပြီး မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားသည်။ခေါင်းရင်းပြတင်းပေါက်မှ နေခြည်လေးတွေ တိုးဝင်လာသည့်အခါ မောင် ညက အဆောင်ထဲ ဝင်မလာကြောင်း သိသွားသည်။မြလင်းသာ ဒေါသတကြီး မောင့်ကုတင်ကို ကြည့်လိုက်သည်။‌မောင့်ကုတင်က သပ်သပ်ရပ်ရပ်။‌မောင် နိုးမှသာ အိပ်ယာထတတ်သည့် မြလင်းသာက မျက်လုံးနှစ်လုံးဖွင့်တာနှင့် မောင့်ကို သတိရသည်။မြလင်းသာ အိပ်ယာမှ ထကာ အဆောင်ပြင်ထွက်ခဲ့သည်။စိတ်တွေရှုပ်ထွေးနေ၍ ခေါင်းက နောက်ကျိနေသည်။

အဆောင်ရှေ့တွင် လူတွေရှူပ်နေသည်။မြလင်းသာ နဖူးကို လက်နဲ့ဖိလိုက်ပြီး လူတွေကြားတိုးဝင်သွားသည်။တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် မြလင်းသာ တစ်ကိုယ်လုံး လှုပ်မရတော့ပေ။

ခေါင်ရမ်းပန်းပင်နီများက လေအဝှေ့တွင် လှုပ်ခါနေသည်။ခေါင်ရမ်းပန်းပင်များနှင့် မလှမ်းမကမ်းရှိ စိန်ပန်းပင်ကြီး‌အောက်တွင် မောင့်ကို ကြိုးတန်းလန်းနှင့် တွေ့လိုက်ရသည်။စိန်ပန်းပွင့်နီနီများက တစ်ပင်လုံးကိုဖုံးအုပ်ထားသည်။ပန်းပွင့်နီနီများက အစွမ်းကုန် ဖူးပွင့်နေကြပြီး လောကကြီးတစ်ခုလုံး နီရဲနေသည် ထင်ရသည်။

မြလင်းသာ မူးနောက်နောက်ဖြစ်လာသည်။မောင်က  ပထမဆုံးတွေ့သည့်နေ့မှာဝတ်ခဲ့သည့် အဖြူရောင်ရှပ်အင်္ကျီလေးဝတ်ထားသည်။မြလင်းသာ မျက်လုံးတွေ ပြာဝေလာသည်။မြလင်းသာ အားတင်းကာ ခြေလှမ်းလိုက်သည်။မမြင်ရသည့်စွမ်းအင်တစ်ခုက မြလင်းသာ ခြေထောက်တွေကို ဆွဲထားသလိုမျိုး လေးလံနေသည်။

ပြင်းထန်သည့်လက်တစ်စုံ အူအသည်းတွေကို ဆုတ်ဖြဲသွားသလိုမျိုး မြလင်းသာ နှလုံးသားက  ပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရသည်။နာကျင်ရလွန်း၍ ဦးနှောက်တွေပါ ထုံထိုင်းလာသည်။မြလင်းသာ အင်အားချည့်နဲ့စွာ တစ်လှမ်းချင်းလှမ်းနေသည်။

မြလင်းသာ မောင့်ထံရောက်ရန် တစ်ကမ္ဘာလောက်ကြာတယ် ထင်ရသည်။မြလင်းသာ မောင့်ခြေထောက်တွေကို ဖက်လိုက်သည်။မောင့်တစ်ကိုယ်လုံးက အေးစက်တောင့်တင်းနေသည်။မြလင်းသာ ပါးစပ်ဖွင့်လိုက်ပေမဲ့ အသံက လည်ချောင်းဝတွင် ပျောက်ကွယ်သွားသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now