Part 17

7.6K 723 19
                                    


၁၉၆၀ခု ဖေဖော်ဝါရီလ ၁၂ရက်။
ထိုင်း-မြန်မာချစ်ကြည်ရေးအားကစားပြိုင်ပွဲ။
မီတာ ၂၀၀၊ အမျိုးသားအပြေးပြိုင်ပွဲ။

ကိုးတို့ အားကစားကွင်းထဲဝင်လာသည်။အားကစားကွင်းထဲတွင် လူများအပြည့်။ထိုင်းအလံများ ကိုင်ဆွဲကာ အားပေးနေကြသူများက အများအပြား။လူတစ်စုက မြန်မာအလံကို ကိုင်ဆောင်ထားပြီး ဝှေ့ယမ်းနေသည်။ထိုလူတစ်စုက ဗုံများကို တီးကာ အော်ဟစ်အားပေးနေသည်။တစ်ကွင်းလုံး အော်ဟစ်အားပေးသံများနှင့် ပွက်ပွက်ညံနေသည်။

ဒုန်းဒုန်း ဒုန်းဒုန်း!!!

"မြန်မာ!!!"

ဒုန်းဒုန်း ဒုန်းဒုန်း!!!

"မြန်မာ!!!"

မြန်မာဟူသော ကြွေးကြော်သံများမှာ အားမာန်အပြည့်။ကိုး ထိုအားပေးသူများကို ကြည့်ကာ ကြက်သီးများထလာသလိုပင် ခံစားရသည်။လူအုပ်ကြီးက တဝေါဝေါအားပေးနေသည်။ကိုး နှလုံးသားက တဒုတ်ဒုတ်။

ပွဲတင်ဆက်သူက ထိုင်းစကားဖြင့် တစ်ကွင်းလုံးကို တင်ဆက်သည်။ကင်မရာမီးများကလည်း တဖျပ်ဖျပ်။

မြလင်းသာ ကိုးလက်မောင်းကို ဆုပ်ကိုင်သည်။ကိုးက မြလင်းသာကို လေးလေးနက်နက်ကြည့်ပြီး ခေါင်းညိတ်သည်။ကိုး အင်္ကျီလက်ရှည်ကို ချွတ်ကာ မြလင်းသာကို ပေးလိုက်သည်။မြလင်းသာ ကိုးအင်္ကျီကို တင်းတင်းကြပ်ကြပ်ပွေ့ထားသည်။

ကိုး လေပူတစ်ချက်မှုတ်ထုတ်ကာ စိတ်လှုပ်ရှားမှုကို လျှော့ချလိုက်သည်။ကိုး ပြေးလမ်းပေါ်တက်သည်။အပြာရင့်ရင့် အင်္ကျီလက်ပြတ်ဝတ်ထားသည့်ကိုးက ကွင်းထဲတွင် ထင်ရှားနေသည်။ကိုး ရင်ဘတ်တွင် မြန်မာ့အလံရှိသည်။ဘောင်းဘီတိုဝတ်ထားတာကြောင့် ကိုး ခြေတံရှည်များက ပေါ်လွင်‌နေပြီး တောင့်တင်းသည့် ခြေသလုံးကြွက်သားများမှာ အထင်းသား။လက်မောင်းတွေက သန်မာကြံ့ခိုင်ပြီး လက်ဖျံများပေါ်ရှိအကြောများက ထင်းထွက်နေသည်။ညိုညိုစိုစိုအသားအရည်က ထင်ရှားနေပြီး နှုတ်ခမ်းမွေးခပ်ပါးပါးနှင့်ကိုးက သိပ်ကိုကြည့်ကောင်းသည်။ကိုး ခြေချင်းဝတ်တွေကို လှည့်ကာ အကြောဖြေလျှော့သည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now