Part 30

7.4K 712 10
                                    

အားကစားသမားတွေနှင့် အမြဲလှုပ်ရှားတက်ကြွနေတတ်သည့် အဆောင်ကြီးက အခုအချိန်မှာတော့ တိတ်ဆိတ်ခြောက်သွေ့နေသည်။အဆောင်ထဲတွင် ခင်မောင်နှင့် တင်မောင်လွင်တို့၏ ငြင်းခုန်သံကိုလည်း မကြားရ။မြလင်းသာ၏အပြုံးချိုချိုလေးကိုလည်း မတွေ့ရ။လောကကြီးတစ်ခုလုံးက အေးစက်ခြောက်သွေ့သွားပြီထင်ရသည်။

ကိုး ချိုင်းထောက်လေးသုံးကာ ထမင်းစားဆောင်ဘက် ဖြည်းဖြည်းချင်းသွားသည်။အဆောင်မှ ထမင်းစားဆောင်သို့ သွားရာလမ်းတစ်လျှောက်တွင်လည်း လူသူကင်းမဲ့နေသည်။ကိုး ထမင်းစားဆောင်ထဲဝင်လိုက်သည်။ထမင်းချက်အမေကြီးတစ်ယောက်က ကိုးအတွက် ထမင်းပွဲပြင်ပေးသည်။ကျယ်ဝန်းသည့် ထမင်းစားဆောင်ထဲတွင် ကိုးနှင့် ထိုအမေကြီး နှစ်ယောက်ထဲသာ ရှိသည်။ထမင်းဝိုင်းတွင် ထိုင်သည်။ထမင်းကို တစ်လုတ်နှစ်လုတ်စားပြီးတော့ ကိုး ဆက်မစားနိုင်တော့ပေ။

ကိုး ထမင်းဝိုင်းမှ ထလိုက်သည်။

"လူကလေးမိုက်ကိုး မစားတော့ဘူးလားကွဲ့"

အမေကြီးက လှမ်းမေး၏။ကိုး ခေါင်းယမ်းလိုက်ပြီး ထမင်းစားဆောင်ထဲမှ ထွက်ခဲ့သည်။ကိုး လမ်းလျှောက်လာရင်း ခေါင်ရမ်းပန်းပင်တွေ အများအပြားစိုက်ပျိုးထားသည့် ပန်းခြံကြီးထဲ ဝင်ခဲ့သည်။နီရဲစွာငွားငွားစွင့်စွင့်ပွင့်နေသည့် ပန်းပွင့်တွေကို မြင်လိုက်ရမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ကံဆိုးစွာဖြင့် ပန်းပွင့်တွေ မရှိပါချေ။အရာအားလုံးက အရောင်အဆင်းကင်းမဲ့နေသည်။ကိုး စိတ်ဓာတ်ကျစွာဖြင့် အဆောင်ထဲ ပြန်ဝင်လာပြီး ဖိနပ်တွေကို ချွတ်ပစ်ကာ ကုတင်ပေါ်လှဲချလိုက်သည်။ကုတင်ခြေရင်းရှိ ခေါင်းအုံးလေးပေါ် ညာဘက်ခြေထောက်ကို တင်လိုက်တော့ ပတ်တီးဖြူဖြူလေးကို ထင်ရှားစွာ မြင်ရလေသည်။

ကိုး မျက်မှောင်ကြုတ်ပြီး မျက်လုံးမှိတ်လိုက်သည်။အဆောင်ထဲတွင် တိတ်ဆိတ်လွန်း၍ ကိုး ကိုယ့်ရဲ့အသက်ရှူသံကိုတောင် ကြားရသည်။ကိုး မျက်စိပြန်ဖွင့်ပြီး စားပွဲပေါ်ရှိ စာအုပ်လေးကို ဖွင့်ကြည့်လိုက်သည်။စာအုပ်ကြားတွင် ညှပ်ထားသည့် သတင်းစာမှ ဓာတ်ပုံလေးက ထွက်ပေါ်လာသည်။ကိုး ပုံထဲမှ မြလင်းသာနှင့်သူ့တို့ရဲ့ ပွေ့ဖက်နေသည့်ပုံလေးကို ကြည့်ရင်း ပြုံးလိုက်သည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now