Part 25

7.7K 744 34
                                    

ဦးကျော်ခိုင် ကိုးနှင့်သာကြည်ကို ကြည့်လိုက်သည်။ကိုး မျက်နှာတစ်ခုလုံး စုတ်ပြတ်ယောင်ကိုင်းနေပြီး သာကြည်မျက်နှာကတော့ ပိုဆိုးသည်။

"မိုက်ကိုး မင်း ပြေးလမ်းကို ၅၀ပတ်ပြေးရမယ် သွားပြေး မင်းအပြစ်မင်း သိတယ်နော် မင်းက အရင် စထိုးတဲ့သူပဲ"

ဦးကျော်ခိုင်က ခပ်တင်းတင်းပြောသည်။ကိုး အမူအယာကင်းမဲ့သည့် မျက်နှာနှင့် ထုံပေပေကြည့်သည်။ကိုးမျက်နှာက တွေ့လိုက်သူတိုင်းကို ထရိုက်ပစ်ချင်စိတ်ပေါက်စေသည်။ဦးကျော်ခိုင် ကိုးရဲ့ မျက်နှာထားကြောင့် ဒေါသထွက်လွန်း၍ မူးမေ့လဲမတတ်ဖြစ်သွားသည်။

"မိုက်ကိုး မင်းက ဘာတွေများတော်နေတတ်နေလို့ မျက်နှာ ရှစ်ခေါက်ချိုးထားနေရတာလဲ"

ကိုး ဘာမှပြန်မပြောဘဲ ပေကပ်ကပ်သာ ရပ်နေသည်။ဦးကျော်ခိုင် သက်ပျင်းချပြီး လက်ခါပြလိုက်သည်။

"သွား သွားပြေးတော့ သာကြည် မင်းဆေးရုံသွားလိုက်ဦး နောက်သုံးလနေရင် အာရှပွဲရှိတယ် ခန္ဓာကိုယ်ကို ဂရုစိုက်"

သာကြည်က ခေါင်းညိတ်သည်။ကိုးက ဦးကျော်ခိုင်နှင့်သာကြည်တို့ကို အေးစက်စက်ကြည့်ပြီး အပြင်ထွက်သည်။အခန်းအပြင်တွင် မြလင်းသာက သစ်သားလက်ရန်းမှီကာကိုရပ်နေပြီး  ကိုးကို စောင့်နေသည်။နေရောင်ခြည်လေးတွေက မြလင်းသာဘေးတွင် ပို၍လင်းလက်နေသလိုမျိုး မြလင်းသာက ကိုးမြင်ကွင်းတွင် တလက်လက်တောက်ပနေသည်။မြလင်းသာလည်တွင် ငွေရောင် stop watch လေး ချိတ်ဆွဲထားပြီး မြလင်းသာမျက်နှာကလေးက သိပ်ကို အေးချမ်းသည်။

ကိုး မြလင်းသာကိုမြင်တာနှင့် နှုတ်ခမ်းထောင့်တွေက ကော့တက်သွားပြီး ခြေလှမ်းကြဲကြီးဖြင့် မြလင်းသာထံ ခပ်မြန်မြန်သွားသည်။ကိုး မြလင်းသာကို  သိုင်းဖက်လိုက်သည်။မြလင်းသာ တစ်ကိုယ်လုံးပူထူသွားသည်။

"ကိုး အရမ်းမဖက်နဲ့လေ"

"ဟင့်အင်း ဖက်ချင်တာ"

ကိုးအသံ ဩရှရှလေးက လေးနက်ပြီး ကိုးအသက်ရှူငွေ့နွေးနွေးက မြလင်းသာ လည်တိုင်ကို လာရိုက်ခတ်တာကြောင့် မြလင်းသာ နားရွက်ကလေးတွေက နီရဲလာပြီး ကိုးလက်တွင်းမှ ရုန်းထွက်လိုက်သည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now