Part 14

7.6K 760 22
                                    

ထိုင်း-မြန်မာချစ်ကြည်ရေး အားကစားပွဲက တဖြည်းဖြည်း နီးကပ်လာချေပြီ။ကိုးရဲ့အပြေးနှုန်းကလည်း သိသိသာသာမြန်လာသည်။ခင်မောင်နှင့်တင်မောင်လွင်တို့ကလည်း နောက်တွင် မကျန်ခဲ့။ကိုးတို့ ငါးယောက်လုံး ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေကြပြီ။မကြာခင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ကိုးတို့ထွက်ခွာရတော့မည်။

ကိုးတို့ ဟောခန်းရှည်ကြီးထဲတွင် ရပ်နေကြသည်။ထိုင်းနိုင်ငံသို့ သွားရန်အတွက် အဝတ်အစားချုပ်ရန် ကိုယ်တိုင်းကြရမည်။

တင်မာလွင်နှင့် မိန်းမပျိုတချို့က ကြိမ်ခြင်းလေးကိုင်ကာ ဟောခန်းထဲ ဝင်လာသည်။တင်မာလွင်က အတွင်းခံဇာဘော်လီကို အတိုင်းသား မြင်ရသည့် မှန်ဇာကိုယ်ကျပ် ရင်ဖုံးလေးဝတ်ထားပြီး ထဘီကို ခပ်တိုတိုဝတ်ထားသည်။တင်မာလွင့်မျက်နှာလှလှကလေးထက်တွင် ဖြူဖြူနုနု မျက်နှာချေလိမ်းထားပြီး နှုတ်ခမ်းဖူးဖူးလေးကို နီနီရဲရဲ ဆေးဆိုးထားသည်။တင်မာလွင်တစ်ကိုယ်လုံးကို ခြုံငုံကြည့်ရင်ဖြင့် ခေတ်ဆန်ပြီး ကျော့ကျော့မော့မော့ လှလှပပကလေး နေတတ်သည်မှာ သိသာထင်ရှားသည်။

ခင်မောင်က တင်မာလွင်ကို ကြည့်ပြီး လေချွန်လိုက်သည်။ဒီအားကစားကွင်းကြီးထဲ မိန်းမဆိုလို့ ထမင်းချက်သည့်မိန်းမကြီးများသာ ရှိတာကြောင့် အားကစားသမားများက မိန်းမပျိုများကို မြင်ရုံနှင့် ပါးစပ်က နားရွက်တက်ချိတ်မတက် ပြုံးဖြီးနေကြသည်။ကိုး တစ်ယောက်သာ ရေခဲတုံးအလား တည်တင်းနေသည်။

တင်မောင်လွင်က ခင်မောင်ကို မျက်နှာမည်းကြီးဖြင့် ကြည့်သည်။ခင်မောင် ဇက်ကလေး ပုဝင်သွားပြီး ကိုး လက်မောင်းကို ဆုပ်ကိုင်သည်။ကိုးကတော့ မလှုပ်မယှက်။

"ကိုယ်တိုင်းအတွက် တစ်ယောက်ချင်းစီ ရှေ့ထွက်လာပေးပါ"

ခင်မောင်က စပ်ဖြီးဖြီးမျက်နှာဖြင့် ရှေ့ထွက်လာသည်။တင်မာလွင်က မျက်မှန်‌လေးတပ်ပြီး စာအုပ်ကို ကိုင်လိုက်သည်။ခင်မောင့်အကြည့်များက တင်မာလွင့်မျက်နှာလှလှကလေးတွင်သာ စွဲမြဲနေသည်။တင်မာလွင်ရှေ့မှ မိန်းကလေးက ပေကြိုးကို ကိုင်ကာ ခင်မောင့်ကို စတင်တိုင်းသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now