Part 21

7.4K 692 10
                                    

ကိုး မြလင်းသာအခန်းတံခါးကို ချက်ထိုးလိုက်သည်။မြလင်းသာက ဆေးသေတ္တာလေးကို ထုတ်ပြီး ကုတင်ပေါ်တွင် ထိုင်နေသည်။ကိုး မြလင်းသာရှေ့တွင် ထိုင်လိုက်သည်။မြလင်းသာက ဂွမ်းကို အရက်ပြန်နှင့်တို့ပြီး ကိုး မျက်နှာပေါ်က ဒဏ်ရာတွေကို ဖြည်းဖြည်းချင်း သန့်စင်ပေးသည်။ကိုး မျက်နှာတစ်ခုလုံးက ဖူးယောင်နေပြီး ညိုပုတ်နေသည့် ခရမ်းသီးတစ်လုံးနှင့်ပင် တူနေတော့သည်။ကိုးက မြလင်းသာကို ထုံပေပေကြည့်နေသည်။အရက်ပြန်တို့လိုက်တာတောင်မှ ကိုးက တစ်ချက်တွန့်မသွား။ကိုးက နှုတ်ခမ်းတစ်စုံကိုသာ တင်းတင်းစေ့ထားပြီး မြလင်းသာ တစ်ကိုယ်လုံးကို ထိုးဖောက်သွားတော့မတတ် လေးနက်စွာကြည့်နေသည်။

မြလင်းသာကတော့ ကိုးရဲ့ဒဏ်ရာတွေကြောင့် အချိန်များစွာယူပြီး အတတ်နိုင်ဆုံး ဂရုတစိုက်နှင့် ညင်သာစွာ ဆေးထည့်သည်။မြလင်းသာ မျက်တောင်လေးတွေက တုန်ယင်နေပြီး ကိုးရဲ့မျက်လုံးတွေကို မကြည့်ဘဲ ဒဏ်ရာတွေကိုသာ အာရုံစိုက်ကြည့်နေသည်။နှစ်ဦးသား စကားတစ်ခွန်းမှ မဆိုမိကြ။လေထုက အေးစက်စွာ တိတ်ဆိတ်နေသည်။

မြလင်းသာ ကိုးသူ့ကို ကြည့်နေတာသိသည်။မြလင်းသာ မော့မကြည့်ရဲ။ ကိုးက သူ့ကို ရွံမုန်းသည့်အကြည့်မျိုးနှင့် ကြည့်မှာ စိုးရိမ်သည်။ကိုးက သာကြည်ပြောသည့် အဖြစ်အပျက်များ မေးလာမှာလည်း ကြောက်သည်။ ကိုး မေးလာရင် မြလင်းသာ ဖြေနိုင်ပါ့မလား။ရင်ထဲမှ အထုအထည်က ကြီးမားလွန်းလို့ မြလင်းသာ ပြောနိုင်ပါ့မလား။မြလင်းသာ ကိုးကိုကြည့်ရဲဖို့ရာအတွက် သတ္တိကလေးလိုအပ်သည်။

မြလင်းသာ ရင်ထဲ လေးလံမှုန်မှိုင်းနေသည်။မြလင်းသာ ကိုးသူ့ကို အထင်သေးရွံမုန်းသွားမှာ စိုးရိမ်သည်။သွေးအလိမ်းလိမ်းနှင့်ကိုးကို တွေ့လိုက်ရတော့မှ မြလင်းသာ ကိုးကို ဆုံးရှုံးရမှာ သိပ်ကြောက်မှန်း နားလည်သွားသည်။မြလင်းသာ အတွေးစတွေက ရှုပ်ထွေးနေပြီး ဆုံးရှုံးရမှာ ကြောက်သည့်စိတ်နှင့် ကိုးသူ့ကို ရွံသွားမှာ ကြောက်သည့်စိတ် စသည့် အကြောက်တရားများက မြလင်းသာ နှလုံးသားကို အေးခဲနာကျင်စေသည်။မြလင်းသာ ကိုးကို အနည်းငယ်လေးမှ မထိခိုက် မနာကျင်စေလိုပါပေ။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now