Part 18

7.6K 709 3
                                    

မြလင်းသာ နိုးလာသည်။မြလင်းသာ လှုပ်လှုပ်ရှားရှားဖြစ်လာတော့ ကိုးလည်း နိုးလာ၏။ကားပေါ်တွင် သူတို့နှစ်‌ယောက်ကလွဲပြီး တခြားဘယ်သူမှ မရှိတော့။မြလင်းသာ ထကာ အကြောဆန့်လိုက်သည်။ကိုးလည်း ထပြီး ကားပေါ်က ဆင်းသည်။ကားပေါ်က  ဆင်းလိုက်သည်နှင့် သဲတွေကို နင်းမိသည်။ကိုး ဖိနပ်ချွတ်ကာ သဲသောင်ပြင်ပေါ် ခြေချသည်။ သဲမှုန်လေးတွေထဲ ခြေချောင်းလေးတွေနှစ်ဝင်သွားပုံမှာ စိတ်ကျေနပ်ဖွယ်ကောင်းသည်။‌ကိုး ခြေလှမ်းလိုက်တော့ သဲမှုန်လေးတွေက ခြေထောက်တွင် ကပ်ပါလာပြီး နေရောင်အောက်တွင် တလက်လက်တောက်ပနေသည်။

မြလင်းသာလည်း ကားပေါ်မှ ဆင်းလာသည်။မြလင်းသာ သဲတစ်ဆုပ်ကို ဆုပ်ကိုင်သည်။သဲမှုန်များက လက်ချောင်းတွေကြားထဲမှ အောက်ကို လျောကျနေသည်။မြလင်းသာ လက်သီးဆုပ်ကို ဖြန့်ချလိုက်တော့ သဲပွင့်လေးတွေက လေထဲသို့ တဖွားဖွား လွင့်စင်သွားသည်။

ဖူးခက်၏ Patong(ပါသောင်)ကမ်းခြေမှာ လှပလွန်းသည်။ပင်လယ်ပြင်ကြီးက စိမ်းလဲ့နေပြီး ပင်လယ်ပြင်‌ပေါ်မှ ဖြတ်ကာ တိုက်ခတ်လာသည့် လေပြေလေးက ခပ်နွေးနွေး။နွေဦး၏‌နေရောင်ကြောင့် ပင်လယ်ရေပြင်ပေါ်မှ နေပျောက်ကလေးများမှာ တလက်လက်။သဲသောင်ပြင်ဖြူလွလွက ကျယ်ပြန့်လှသည်။ကိုးနှင့်မြလင်းသာ ပင်လယ်ပြင်ကိုကြည့်ကာ နှလုံးသားလေးက လွတ်လပ်ပေါ့ပါးသွားသည်။

မြလင်းသာ ရှပ်အင်္ကျီကို ချွတ်လိုက်ပြီး ပင်လယ်ကြီးထံ ပြေးသွားသည်။ကိုးလည်း အင်္ကျီတွေ ချွတ်ပစ်ကာ မြလင်းနောက်သို့ ပြေးလိုက်သည်။သဲသောင်ခုံပေါ်တွင် ခြေရာများကျန်ရစ်သည်။

ပင်လယ်ထဲတွင် ခင်မောင်တို့က ရေကူးနေသည်။

"ဝူးးးဟူးးး"

ခင်မောင်က တင်မောင်လွင်ပခုံးပေါ်တက်ကာ  အကျယ်ကြီးအော်၍ ရေထဲ ဒိုင်ဗင်ထိုးချသည်။

ဝုန်း!!

မြလင်းသာ သောင်ပြင်အတိုင်း တစ်ဟုန်ထိုးပြေးပြီးရေထဲဆင်းကာ ရေကူးတော့သည်။အပေါ်ယံရေမျက်နှာပြင်က နွေးပူပူ အောက်ခြေရေထုက အေးစိမ့်စိမ့်။မြလင်းသာ ကားစီးလာသည့် ညောင်းညာမှုများက ချက်ချင်းပျောက်ကွယ်‌သွားပြီး လန်းဆန်းမှုများက နေရာယူဝင်ရောက်လာသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now