Part 7

9K 832 19
                                    

၁၉၅၉ခု၊တန်ဆောင်မုန်းလပြည့်ကျော် ၁၃ရက်။
နံနက် ၅နာရီအချိန်။

ကိုး ဖိနပ်ကြိုးကို သေချာချည်ပြီး ခြေချင်းဝတ်များ‌‌ ခြေသလုံးများကို အကြောဖြေလျော့သည်။ကိုး ဘေးတွင်လည်း ပြိုင်ပွဲဝင်မည့် ယောကျာ်းသားများ မနည်း။ကိုး ရင်ဘတ်မှ နံပါတ်ပင် တစ်ရာကျော်။

ပြေးလမ်းကို ထုံးဖြူမှုန့်ဖြင့် စည်းတားထားပြီး စည်ပင်သာသာမှ တာဝန်ရှိလူကြီးတွေက လမ်းရှင်းထားသည်။ပြေးလမ်းဘေးမှ လူအုပ်ကြီးကြောင့် ကိုး အာရုံနောက်လာသည်။ ပရိသတ်တွေက ဟိုတစ်စု ဒီတစ်စုမဟုတ်ဘဲ အပြည့်အသိပ်။နံနက်ခင်း ရောင်နီပျို့စအချိန်တွင်ပင် လူအုပ်ကြောင့် လေထုက ပူနွေးနေပြီ။ကိုး လူအုပ်ကို ဝေ့ကာကြည့်လိုက်သည်။လူအုပ်ထဲတွင် မြလင်းသာကို မတွေ့။ကိုး အလိုမကျစွာ မျက်မှောင်ကြုံ့လိုက်သည်။

ဝီစီသံတစ်ချက် ကြားရသည်။ဆူညံ‌နေသော လူအုပ်က တိတ်ဆိတ်သွားသည်။လူကြီးတွေက ပြိုင်ပွဲဝင်များကို အသင့်နေရာယူရန်ပြောသည်။ကိုး လေပူတစ်ချက်မှုတ်ထုတ်ကာ အာရုံစိုက်လိုက်သည်။ဒိုင်လူကြီးက သေနတ်ကိုကိုင်ကာ မိုးပေါ်ထောင်လိုက်သည်။

ဒိုင်း။

ကိုး စတင်ပြေးသည်။ကိုး ဖိနပ်ခွာမှာ မြေမှုန်များလွှင့်စင်သွားသည်။တခြား ပြိုင်ပွဲဝင်များလည်း ပြေးသည်။ဘေးမှ လူအုပ်ကြီး၏ သောင်းသောင်းဖြဖြအားပေးသံကို တစ်ချက်တစ်ချက် ကြားရသည်။တဟေးဟေး တဟားဟား အော်သံတွေကို ကိုး ကြားရသည်။ကိုး တစ်ကိုယ်လုံးပူနွေးလာသည်။ကိုး နဖူးတွင် ချွေးစက်ကလေးတွေ တွဲခိုလာသည်။

ကိုး အရှိန်တင်၍ပြေးကာ ပြိုင်ပွဲဝင်တစ်ယောက်ပြီး တစ်ယောက်ကို ကျော်ပြေးသည်။ကိုး ရှေ့တွင် မဏ္ဍာပ်ငယ်လေးကို တွေ့သည်။လူအုပ်က အော်ဟစ်အားပေးသည်။ပြေးတာ တစ်မိုင်ပြည့်ပြီ။မဏ္ဍာပ်ငယ်လေးထံ ရောက်တော့ လူကြီးတစ်ယောက်က ကိုး နံပါတ်ကပ်ပြားတွင် ဆေးနီလေး တို့ပေးသည်။ကိုး ဆက်ပြေးသည်။

မဏ္ဍာပ်တစ်ခုပြီး တစ်ခုကျော်ဖြတ် ပြေးလာခဲ့ပြီး ကိုး နံပါတ်ကပ်ပြားတွင် အနီ၊အပြာ၊အဝါ၊အစိမ်းစသည့် အရောင်လေးများလည်း စုံလင်လာပြီ။နေရောင်ကလည်း နွေးရာမှ ပူလာပြီ။ဘေးမှ ပြိုင်ပွဲဝင်များလည်း ဆက်ပြေးနေသေးသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now