လွန်းရန် ပျောက်ဆုံးပြီး သုံးရက်မြောက်နေ့သို့ ရောက်လာခဲ့သည်၊၊ သုံးရက်လုံးလုံး အစအန ရှာမရအောင် ပျောက်နေတာမို့ ဗာရစ် စိတ်လည်းအတော်ပူနေပြီဖြစ်၏၊၊ လူကိုဖမ်းခေါ်သွားပြီး ဗာရစ်ဆီ မဆက်သွယ်လာထဲက တစ်ဖက်လူလိုချင်တာက တစ်ခြားမဟုတ်ဘဲ လွန်းရန်ကိုသာဖြစ်သည်၊၊ထို့ကြောင့် ပို၍ပင်စိတ်ပူရသည်၊၊
နေ့ရော ညပါ စိတ်နဲ့ ခန္ဓာကိုယ်က အတော်ပင်ပန်းနေသည်၊၊ စားချိန်နဲ့ အိပ်ချိန်မမှန်တာကြောင့် ခေါင်းကလည်း ဒီရက်တွေမှာ ခဏခဏ ထိုးကိုက်နေ၏၊၊ ရွာရောက်လာပြီထဲက ဗာရစ် မြို့ကို မပြန်ဖြစ်တော့၊၊ ဒီရွာမှာဘဲနေကာ လွန်းရန် သတင်းကိုစောင့်ရန် ဆုံးဖြတ်ခဲ့တာမို့ဖြစ်၏၊၊
" အစ်ကိုရစ် မင်းသန့်က အစ်ကိုနဲ့စကားပြောချင်လို့တဲ့"
အလုပ်ခန်းထဲသို့ ဝင်လာသော ရွန်က ဗာရစ်ဆီကိုဖုန်း ထိုးပေးလာသည်၊၊ ထို့ကြောင့် စာရင်းစစ် နေသည်ကို ရပ်၍ ရွန် ကမ်းပေးလာသောဖုန်းကို ဗာရစ်လှမ်းယူလိုက်၏၊၊
"ဘာလဲ"
"အစ်ကို ကို အမြန်လာကယ်ပါ၊၊ အန္တရာယ်ရှိတယ် မင်း မြန်မြန်လာဖို့လိုတယ်"
"ဘယ်နေရာမှာလဲ!"
ဖုန်းကို စပီကာဖွင့်ထားသည့်ကြောင့် မင်းသန့်နဲ့ အစ်ကိုရစ်ပြောနေသည့်စကားတွေကို ရွန်ပါကြားနေရသည်၊၊ မင်းသန့်ဖုန်းကို ခြေရာခံရန် အစ်ကိုရစ်က လက်ဟန်အမူအရာနဲ့ ပြောလာတာမို့ MAC BOOK ကို ဖွင့်ပြီး ယခု မင်းသန့်ဖုန်းတည်နေရာကို ရှာရတော့သည်၊၊ အစ်ကိုရစ်ကလည်း ခြေမကိုင်မိလက်မကိုင်မိဖြစ် နေပုံရပြီး ထိုင်နေသောခုံမှာ ထရပ်လျက် ဖုန်းကို နားနဲ့ပုခုံးကြား ခေါင်းစောင်း၍ညှပ်ပြီး အလုပ်ခန်း၏ ကျွန်းဗီရိုထဲ ထည့်ထားသော လက်နက်အိတ်ကိုဆွဲထုတ်နေလေသည်၊၊
"ထိုင်းနယ်စပ် စွန့်ပစ်အိမ်"
ခဏတိတ်ဆိတ်သွား တဲ့ဖုန်းမှ ပြန်ထွက်လာတဲ့အသံက မင်းသန့်အသံမဟုတ်ဘဲ စေရာအသံဖြစ်နေလေသည်၊၊ ရွန် အနည်းငယ်တော့ အံ့သြသွားပေမဲ့ ကြာကြာလည်း အံသြနေလို့မရ၊၊ ထို့ပြင် အတွေးတစ်ခုကလည်း ရွန် ဦးနှောက်ထဲသို့ ရုတ်ချည်းဝင်ရောက်လာခဲ့သည်၊၊