မျက်နှာပေါ်သို့ကျရောက်လာသော အလင်းတန်းခပ်စူးစူးကြောင့် ဗာရစ် မျက်ခုံးတွေကို အလိုလိုတွန့်ကြုတ်ထားလိုက်မိသည်၊၊ မျက်လုံးတို့ကို တော့မဖွင့်သေးဘဲ ဘေးဘက်အနှံ့ကို လက်ဖြင့် လျှောက်စမ်းလိုက်မိသည်၊၊ ဟိုစမ်း ဒီစမ်း လုပ်နေပေမဲ့ အေးစက်စက် အိပ်ယာခင်းကိုသာ စမ်းမိသည်မို့ လွန်းရန်က အိပ်ယာထသွားတာဖြစ်လိမ့်မည်၊၊ ပုံမှန်ဆို ဗာရစ်နိုးတာတောင် လွန်းရန်က မထတတ်သေးပေ၊၊နေ့လယ်လောက်မှသာ နိုးလေ့ရှိတာဖြစ်သည်၊၊ အခုတော့ လွန်းရန်က အိပ်ယာအစောကြီးထသွားသည်လား
ဟိုလှည့်ဒီလှည့်နဲ့ ဗာရစ်ဆက်အိပ်လို့မရတော့သည်မို့ ကုတင်ပေါ်၌ ထထိုင်လိုက်သည်၊၊မျက်လုံး တို့ကို အသာဖွင့်ကြည့်တော့ အခန်းထဲတော်တော်တောင် လင်းထိန်းနေ၏၊၊ ကုတင်ဘေးစားပွဲက နာရီအသေးစီ အကြည့်ရောက်မိတော့ နေ့လယ်1 နာရီတောင်ဖြစ်နေလေပြီ၊၊ တစ်ခါမှ ဒီအချိန်ထိ ဗာရစ် အိပ်ဖူးတယ်ဆိုတာမရှိချေ၊၊ မနေ့ညကလည်း အစောကြီးအိပ်သွားသည့်အပြင် ဒီနေ့လည်း တော်တော်နောက်ကျမှ နိုးသည်က ဗာရစ်အတွက်နည်းနည်းစဉ်းစားစရာတော့ဖြစ်နေ၏၊၊
ကုတင်ပေါ်၌ မိနစ်အနည်းငယ်လောက် ထိုင်နေလိုက်ပြီးနောက်မှ ဗာရစ် ခန္ဓာကိုယ်သန့်ရှင်းရေးလုပ်ရန်အတွက် ရေချိုးခန်းဘက်သို့ ထထွက်လာခဲ့သည်၊၊ အိပ်ရေးဝဝ အိပ်လိုက်ရလို့ဖြစ်မည် အရင်နေ့တွေကထက် ဒီနေ့အိပ်ရာနိုးသည့်အချိန်က ပို၍စိတ်ကြည်နေ၏၊၊ရေမချိုးရသေးဘဲနဲ့တောင် လန်းဆန်းနေသည်ဟု ခံစားနေရသည်၊၊ အိပ်ရာထနောက်ကျသည်က ရုံး ဖွင့်ရက်ဆို သိပ်အဆင်မပြေပေမဲ့ ဒီနေ့က ရုံးပိတ်ရက်မို့ တော်သေး၏၊၊
ဗာရစ် ရေပါတစ်ခါထဲချိုးပြီးမှ အပေါ်ထပ်မိမိအခန်းကနေ အိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်၊၊ဗာရစ်နိုးထဲက လွန်းရန်ကိုမတွေ့သေးတာကြောင့် အိမ်အောက်ထပ်အနှံ့ပတ်ရှာကြည့်တော့ လွန်းရန်ကရှိမနေ၊၊ အိမ်ခြံထဲသို့ဆင်း၍ ပတ်ပတ်လည် ၌ လိုက်ရှာပါသော်လည်း လွန်းရန်ကိုမတွေ့ပေ၊၊ လွန်းရန်က အပြင်ထွက်ပြီးလျှောက်သွားတတ်တဲ့လူမဟုတ်တာမို့ အပြင်ထွက်စရာလည်းအကြောင်းမရှိ၊၊ ထို့ကြောင့် ဗာရစ်အိမ်အပေိါထပ်အခန်းတိုင်းကို တစ်ခန်းဝင်တစ်ခန်းထွက်နဲ့ပင် လွန်းရန်အမည်နာမအားခေါ်ဆို၍ ပတ်ရှာနေမိသည်၊၊