" ရစ် မင်းအခုထိ မဆင်းလာသေးဘူးလား"
"ခဏဘဲစောင့်လွန်းရန်"
ညဘက်ပွဲဈေးသွားပြီး ဆိုင်းခဏလောက်သွားကြည်မှာမလို့ ရန်တို့ပြင်ဆင်နေကြတာဖြစ်သည်၊၊ ရေချိုးပြီးအဝတ်အစားလဲလိုက်ယုံနဲ့ ယောက်ျား လေးမို့ တစ်ကိုယ်ရည်ပြင်ဆင်မှုက ပြီးသွားပြီဖြစ်သည်၊၊ သို့ပေမဲ့ ရန်သာ အဝတ်အစား လဲပြီး၍ အိမ်အောက်ထပ်ဧည့်ခန်းက ခုံ၌ ထိုင်နေသည်မှာ တစ်နာရီတောင်ကျော်ခဲ့ပြီဖြစ်သည်၊၊ အဲ့အချိန်ကြာထိတောင်မှ ရစ်က ပြင်လို့ဆင်လို့မပြီးသေး၊၊ ဘာတွေများ လုပ်နေလို့ အပေါ်ထပ်ကနေ အခုထိ ဆင်းမလာရသေးတာလဲ၊၊ ရစ်ထက်နောက်ကျမှ ရေချိုးပြီးပြင်တဲ့ ဒါလီယာတောင် ပြီးသွားပြီဖြစ်သည်၊၊ရွန်တို့အတွဲကလည်း ပြီးစီးလို့အပြင်ထွက်ဖို့တောင်တာဆူနေလေပြီ၊၊
" အလွန်း အလွန်း "
"ပြောပါဗျာ"
ရန် ဆီသို့ အထုတ်လေးတစ်ထုတ်ကိုင်လျက် စောခါးလေးက ပြေးလာ၏၊၊ အပေါ်အဖြူရှပ် အင်္ကျီ လက်တိုနှင့် အောက်က ကရင်ပုဆိုးအသေးလေး ကို ခါးပတ်ဖြင့်တွဲဝတ်ထားတဲ့ ကလေးငယ်က လွန်စွာမှချစ်စရာကောင်း၏၊၊ ဂုတ် ကျော်နေသော ဆံပင်တွေကို ဟိုနေ့ကသွားညှပ်ပေးလိုက်တာမလို့ ဆံပင်တိုတိုနဲ့မျက်နှာနုနုကလိုက်ဖက်စွာပင်ကြည့်ကောင်းနေ၏၊၊
"အလွန်းအတွက် ပန်း"
ရန်လက်ကို ဆွဲယူ၍ လက်ထဲသို့ စကားဝါပန်း အပွင့်ဖြူလေးကို ထည့်ပေးလာသည်၊၊ ပန်းရနံ့က မနမ်းရှိုက်ရသေးတောင် လက်ထဲကနေ စူးရှစွာပင်ရနေ၏၊၊
"အလွန်း နားရွက်မှာထိုးလိုက်လေ"
"အဲ့လိုဆို ရန်က စောခါးကို ပြန်သဘောကျတယ်ဆိုပြီးဖြစ်သွားမှာမလား၊၊ တစ်ယောက်ယောက်တော့ ဒီကိစ္စကိုသိရင် သဝန်တိုတော့မှာ မြင်ယောင်နေတယ်ကွယ် "
ရန် ဘေးနား၌ ထိုင်နေသော ဒါလီယာဆီမှ ထိုစကားလုံးတို့က ထွက်ကြလာသည်၊၊ ရန် ရှေ့ရပ်နေသော စောခါးလေးကလည်း ရန်ကို ပန်း ပန်စေချင်တဲ့အကြည့်မျိုးနဲ့ကိုကြည့်နေတာဖြစ်သည်၊၊