Final JUNG SSI 40

104 8 0
                                    

နေသာနေတဲ့ နေ့ခင်းတစ်ခု... ဟိုဆော့မှာ မှန်ရှေ့မတ်တပ်ရပ်ရင်း ရှပ်အင်္ကျီကို ကြယ်သီးတပ်နေသည်။ ယနေ့က အလုပ်ပိတ်ရက်မို့ လုပ်စရာတော့ များများပြားပြားမရှိ၊ ချိန်းထားတာ တစ်ခုပြီးရင် သူအိမ်မှာ ပြန်နားလို့ရပြီ။ ဟိုဆော့မှာ မှန်ထဲက သူ့ကိုယ်သူ ပြုံးပြလိုက်သည်။

အချိန်အားဖြင့် နှစ်လကြာခဲ့ပြီး သူ့စိတ်တွေလည်း ပြန်လည် တည်ငြိမ်လာသည်။ ဒီအတောအတွင်း သူတတ်နိုင်တာ မှန်သမျှ ကြိုးစားခဲ့ပေမယ့်လည်း ဘာမှအရာမဝင်... အိမ်ရှေ့စံကို ချစ်နေသေးတာကလွဲရင် သူ့ဘဝဟာ အရင်ကအတိုင်း အရာရာ ပုံမှန်ပြန်ဖြစ်သွားသည်။

ဟိုဆော့မှာ နောက်ဆုံးအနေနဲ့ ရေမွှေးအကောင်းစားကို နှစ်ချက်လောက်ဆွတ်ပြီး သူ့ပြင်ဆင်မှုအား လက်စသတ်လိုက်သည်။ ယနေ့က ဂျီမင် နယူးယောက်ကနေ ပြန်ရောက်မည့်နေ့မို့ ထယ်ယောင်း၏ ကော်ဖီဆိုင်မှာ ကြိုဆိုကြဖို့ ကိုယ်တိုင် တောင်းဆိုလာ၍ သွားရမည်။

ခေါင်းထဲမှာ အစီအစဥ်တွေကို နေရာချပြီး တလောကမှ ဝယ်ထားသည့် ကားသော့ကို ဆွဲကာထွက်လာလိုက်သည်။ ထို့နောက် ပထမဆုံး ဦးတည်မိသည်က ပန်းရောင်းဆိုင်၊ ဂျီမင်က အနုအရွလေးတွေ မကြိုက်တတ်ပေမယ့် ခံစားချက်ကောင်းစေချင်၍ ဒေစီပန်းတွေ ဝယ်သွားလိုက်သည်။

သူလည်း အိမ်ရှေ့စံကို ပန်းစည်းပေးပြီး လာမတွေ့ခဲ့တာတွေအတွက် တောင်းပန်ချင်သည်။ ဟိုဆော့မှာ ကားမောင်းနေရင်း သူ့ဘေးခုံက ဒေစီပန်းစည်းလေးကိုကြည့်ကာ သက်ပြင်းချသည်။ သူ့တွင် ဘယ်သူမှမသိသည့် လွမ်းနာကျရောဂါ ရှိနေပြီလေ... အိမ်ရှေ့စံကို သူချစ်နေမှန်း ဘယ်သူမှမသိကြဘဲ၊

နမ်ဂျွန်းက ဟိုဆော့ အဲ့ဒီစကားတွေ စပြောရင် စိုးရိမ်သည်။ ရေထဲကျသွားတုန်းက ခေါင်းထိခဲ့လို့လား ဆိုသောအတွေးနှင့် သူ့ကိုစိတ်ပူပြီး ဆေးရုံပို့သည်။ ကြာတော့ ဟိုဆော့လည်း မပြောတော့၊ အိမ်ရှေ့စံကို ရင်ထဲထည့်ကာ အဆင်ပြေချင်ယောင် ဆောင်ရတာလည်း မလွယ်...

လူတွေနဲ့တွေ့ချိန်ဆို သူဟာ ပုံမှန်ဖြစ်နေပြီး အခုလိုမျိုး တစ်ယောက်တည်း အတွေးများတတ်တဲ့ အချိန်ကျ အိမ်ရှေ့စံကို လွမ်းရသည်။ သူ့ဘဝတော့ ဒီလိုဘဲ သွားပြီထင်သည်။ ဘယ်သူ့ကို အပြစ်ဖို့ရမလဲလည်း သူမသိ၊ ဘယ်ဂွန်းရောက်သွားတဲ့ ကံကြမ္မာကိုလား? ချစ်မိသွားတဲ့ သူ့ကိုယ်သူလား?

FAP : Min Lineage ThroneWhere stories live. Discover now