ကြိုးနဲ့ကာတဲ့ခြံ(တာတေ)

115 3 0
                                    

ကြိုးနဲ့ ကာတဲ့ခြံ (စ/ဆုံး)
မူရင်းရေးသားသူ - ဆရာတာတေ

အဘထင်ဆိုတာ ကျုပ်တို့ ထနောင်းကုန်းမှာတော့
အထင်ကရ လူတစ်ယောက်ပေါ့ဗျာ။
ရွာတောင်ပိုင်းမှာ အိမ်ကြီးရခိုင်နဲ့ သပ်သပ်ခတ်ခတ်
ကာထားတဲ့ အိမ်ဝိုင်းကြီးနဲ့ဗျ။
ရွာကလူတွေလည်း အဘထင် ဆိုလျှင် အားကြီး
ရှိန်ကြတာဗျို့။အဘထင်က ထောင်ထွက်ကြီးလေဗျာ။
ထောင်ကျတော့ တစ်ခါမဟုတ်ဘူးဗျ။
ခဏခဏ ကျတာဆိုပဲ။ထောင်ထဲမှာတောင်
ထောင်မင်းသား ဖြစ်နေတာတဲ့ဗျ။
ထောင်မင်းသားဆိုတာ ထောင်ကျလိုက်
ပြန်လွတ်လိုက် ပြန်ကျလိုက် ဖြစ်နေတဲ့လူကို
ခေါ်တာလေဗျာ။
ထောင်ထဲမှာတော့ အဘထင်က ထောင်အာဏာပိုင်တွေနဲ့
ရင်းနှီးပြီး လူယုံလိုကို ဖြစ်နေတာ ဆိုပဲ။ကျုပ်တို့ရွာကို
ရောက်လာပြီး နေတဲ့ အချိန်က စပြီးတော့ အဘထင်က
တကယ့်လူကောင်း တစ်ယောက်ပါပဲဗျာ။
အဘထင်က ကျုပ်တို့ရွာသား မဟုတ်ဘူးလေ။
တခြားက ပြောင်းလာပြီးတော့မှ ရွာမှာ ဝိုင်းပယ်ပြီး
အိမ်ကြီးတစ်လုံး ဆောက်နေတာဗျ။
အစက သူ ဘယ်မှာနေတယ်။
ဘာမှုတွေနဲ့ ထောင်ကျခဲ့တယ်ဆိုတာ
ဘယ်သူမှ သိတာ မဟုတ်ပါဘူး။ ကျုပ်တို့ရွာက
လူသတ်မှုနဲ့ ထောင်ကျဖူးတဲ့ ကိုမောင်စိန်ကို အကြောင်းပြုပြီး
ရောက်လာတာဗျ။ ထောင်ထဲမှ အဘထင်က
ကိုမောင်စိန်ကို စောင့်ရှောက်ခဲ့တယ် ဆိုပဲ။
ကျုပ်တို့ရွာမှာ အဘထင်က ယာကလေး နည်းနည်းဝယ်ပြီး
နွားတစ်ရှဉ်းနဲ့ ယာလုပ်တယ်။ သိပ်များများစားစားတော့
မဟုတ်ပါဘူး ။ ကိုမောင်စိန်က ဦးဆောင်ပြီး လုပ်ကိုင်ပေးတာပါ။
ကိုမောင်စိန်ကတော့ လွှတ်ရိုသေတာဗျ။
ဆရာထင်လို့ အမြဲခေါ်တယ်။
အဘထင်ကလည်း ကိုမောင်စိန်ကို တော်တော်ခင်ပါတယ်။
သူတို့နှစ်ယောက် ထောင်ကလွတ်တော့ ကိုမောင်စိန်က
အရင်လွတ်တာတဲ့။ နှစ်တော်တော်ကြာမှ အဘထင်က
လွတ်လာပြီး ကိုမောင်စိန်ဆီကို လိုက်လာတာဆိုပဲ။
ကိုမောင်စိန်က အဘထင်ရဲ့ အမှုအခင်းတွေအကြောင်းကို
ပြောလေ့ပြောထ မရှိဘူးဗျ။သူတို့ကို လူတွေက
ကြောက်လည်းကြောက်ကြတယ်ဆိုတော့ ဘယ်သူမှလည်း
မမေးရဲကြပါဘူးဗျ။ ပြောရဦးမယ်ဗျို့။
တစ်ရွာလုံးက လူတွေ အဲဒီလောက် ရှိန်တဲ့ အဘထင်က
ကျုပ်ကိုကျတော့ လွှတ်ခင်တာကလားဗျာ။
သူ့ဝိုင်းထဲကို သုံးလေးရက်လောက်များ မရောက်ရင်
ကိုမောင်စိန်ကြီးကို ခေါ်ခိုင်းရောဗျ။
ရွာထဲက လူတွေကတော့ ကျုပ်အကြောင်းကို
သိပြီးသားမို့လားဗျာ။
“တာတေတို့ကတော့ကွာ လူမိုက်လည်း မရှောင်
စုန်းမလည်း မရှောင်တဲ့ကောင်ပဲကွာ”
လို့ ကျုပ်ကွယ်ရာမှာ ပြောကြတယ်ဗျ။
သူတို့ပြောတဲ့ စုန်းမဆိုတာက ‘သင်္ချိုင်းတစ်ရာ ‘မှာ
ကျုပ်ရေးခဲ့တဲ့ အရီးမယ်ခကို ပြောကြတာလေဗျာ
ခင်ဗျား သိပါတယ်
တစ်ရက်ကျတော့ အဘထင်က ကျုပ်ကို မေးတယ်ဗျ။
“တာတေ မင်း ကြောက်တတ်သလား”
“ဟာ အဘထင်ကလည်း လူတိုင်းကြောက်တတ်တာပေါ့ဗျာ
ကျုပ်လည်း လူပဲ ကြောက်တတ်တာပေါ့ဗျ”
“အေး မင်း ပြောတာ မှန်တယ် တာတေ
လောကမှ မကြောက်တဲ့သူ မရှိပါဘူး”
အဘထင်က ကျုပ်ပြောတဲ့ စကားကို သဘောကျတယ်ဗျ။
“ဒါဆိုရင် ငါမေးမယ်။ မင်း သရဲကြောက်တတ်သလား”
“ဟာ ကြောက်တာပေါ့ အဘထင်ရ။ ကြက်သီးတွေ
တဖျန်းဖျန်းထအောင် ကြောက်တာဗျ။
ဒါပေမဲ့ ကျုပ်က ထွက်တော့ မပြေးဘူးဗျ။
“ဟား ဟား ဟား ဟား တာတေ။
အဲဒါ မင်း မကြောက်တတ်တာပေါ့ကွ
မင်းပြောတဲ့ ကြက်သီးတွေ တဖျန်းဖျန်း ထတယ်ဆိုတာ
ကြောက်တာ မဟုတ်ဘူးကွ။ လန့်တာ ။
အဲဒါ လန့်သွားတာကွ”
“ဟင် ဟုတ်လားဗျ အဘထင် ။ ကျုပ်ကတော့
ကြောက်တာလို့ ထင်နေတာဗျ”
“မင်း မကြောက်တတ်ပါဘူး တာတေ
ငါက အကြောင်းရှိလို့ မင်းကို မေးတာပါ။
“ဟင် ဘာအကြောင်းတုံးဗျ အဘထင်”
“ဒီလိုကွ တာတေရ ။ ငါ ဒီည ဒီဝိုင်းထဲမှာ
သရဲကျွေးဖို့ ရှိတယ်ကွ ”
“ဗျာ သရဲကျွေးဖို့ ဟုတ်လား အဘထင်”
“အေး ဟုတ်တယ်ကွ သရဲဆိုပေမယ့်
ငါနဲ့ ထောင်ထဲမှာ အတူတူနေခဲ့တဲ့ လူတစ်ယောက်ပေါ့ကွာ
ထောင်ထဲမှာတုန်းက ငါ့ကို သိပ်ခင်တဲ့လူကွ
သူ့သေတော့ သူကို ငါ မွေးထားတာ”
“ဗျာ ဒါ ဒါဆိုရင် အဲဒီလူက သရဲဖြစ်သွားတာပေါ့ ဟုတ်လား
အဘထင်”
“ဟုတ်တာပေါ့ တာတေရာ ။
သူ သရဲ ဖြစ်သွားတာ ။
သူက ရိုးရိုးသေတာ မဟုတ်ဘူးလေကွာ
ကြိုးပေးခံရတာကွ”
“ဟင် ဟုတ်လား အဘထင်။
သူက ဘာမှုဖြစ်လို့တုံးဗျ”
“တကယ်တော့ သူက ဖောက်ထွင်းဝိဇ္ဇာပါကွာ
ဒါပေမဲ့ အဲဒီတစ်ခေါက် အိမ်ဖောက်တော့ အိမ်ထဲမှာတင်
သူ့ကို ပိတ်မိသွားပြီး ထွက်ပေါက်မရှိတော့
လူသုံးယောက်ကို သတ်ပြီး ထွက်ခဲ့ရတာကိုးကွ။
အဲဒီအမှုနဲ့ သူထောင်ကျလာတာ။လူသုံးယောက်တောင်
သတ်တာဆိုတော့ သူကို ကြိုးပေးတာပေါ့ကွာ
သူ့နာမည်က ကိုသြတဲ့ကွ တာတေရ”
“သူ အခု ဘယ်မှာနေတုံး အဘထင်”
“ဒီဝိုင်းထဲမှာပဲ ငါနဲ့အတူတူ နေတာလေကွာ”
“ဗျာ ဒါဆိုရင် အခု သူ ရှိနေတာပေါ့ ဟုတ်လား အဘထင်”
“အေးပေါ့ကွ ရှိတာပေါ့ တာတေရ”
“အဘထင် မကြောက်ဘူးလား”
“စောစောက ပြောသလိုပေါ့ကွာ တစ်ခါ တစ်ခါတော့
လန့်သွားတာတော့ ရှိတာပေါ့ကွ ။ ကြောက်တော့
မကြောက်ပါဘူး”
“သူ့နာမည် ဘယ်သူတုံး အဘထင်”
ကျုပ်က အဘထင်ပြောလိုက်တဲ့ နာမည်ကို မသေချာလို့
ထပ်မေးလိုက်တယ်။
“အေး လူ့ဘဝတုန်းကတော့ သူနာမည်က ကိုသြလို့
ခေါ်တယ်ကွ ။ ထောင်ထဲမှာတော့ ဆရာသြလို့
ခေါ်ကြတယ်။ လူက ဖောက်ထွင်းဝိဇ္ဇာသာ ဆိုတယ်
စာတတ်ပေတတ်ဗျ”
“သြော် ဟုတ်လား ”
“အေး…သူက ငါနဲ့အတူ လိုက်လာပြီးနေတော့
တစ်လတစ်ခါ သူကို ငါက ကောင်းကောင်းမွန်မွန်
ကျွေးရတာပေါ့ ။ သူက ထောင်ထဲမှာ ငါ့မိတ်ဆွေဆိုလည်း
ဟုတ်တယ်။ သူ့ကျေးဇူးတွေကြောင့် ငါ အခုလို
စိတ်ထားမျိုးတွေ ဖြစ်လာတာကွ ။ အခုလို ဘဝနဲ့
လူတစ်လုံး သူတစ်လုံး နေနိုင်တာကွ။
သူ မသေခင်က ငါ့ကို အများကြီး
ဆုံးမသွန်သင်တာပေါ့ တာတေရာ”
“အေး …အဲဒါ ဒီည ကိုသြကို ကျွေးဖို့မွေးဖို့ ရှိတယ်ကွ။
မောင်စိန် ဆိုတဲ့ ကောင်က အားကြီး ကြောက်တာတာ။
မောင်စိန်က မင်းတို့လို လန့်တာ မဟုတ်ဘူးကွ။
သူက ကြောက်တာကွ တာတေရ။အဲဒီလို ကျွေးတဲ့ညဆိုရင်
ဒီကောင် ဘယ်တော့မှ မလာဘူး။ ရှောင်နေရော
ငါကလည်း အသက်ကြီးလာတော့ ကျွေးဖို့မွေးဖို့တွေ
လုပ်ရတာ ပင်ပန်းလာပြီကွ ။ အဲဒါ ဒီည မင်းလာပြီး
ကူနိုင်မလားလို့ မေးတာပါ”
“သြော် ဒီလိုလား စိတ်ချ အဘထင် ညကျရင်
ကျုပ် ဆက်ဆက် လာခဲ့မယ် နို့ ဘာတွေ ကျွေးရမှာတုံးဗျ”
“ဆန်တစ်စိတ်နဲ့ ဆိတ်တစ်ကောင်ကွ”
“ဗျာ”
“အေး ဟုတ်တယ် ဆရာသြက
အကောင်တော်တော်ကြီးနေပြီကွ။
နည်းနည်းပါးပါးနဲ့ မဝတော့ဘူး။
ဆိတ်တစ်ကောင်လုံး တင်ပေးရတယ်
ပြီးတော့ အမဲသား သုံးပိဿာချက်ပေးရတယ်။
ထမင်းကတော့ တစ်စိတ်ချက်ကွ။ တစ်စိတ်ဆိုတော့
လေးပြည်ပေါ့ကွာ”
“စားတော့ ကုန်ရောလားဗျ”
“ဟာ ကုန်ပါပြီလား တာတေရာ ပြိုက်ခနဲ နေအောင်
ကုန်တာပေါ့ကွာ”
အဲဒီညက အဘထင်ရဲ့ ဝိုင်းထဲကို ကျုပ် ရောက်သွားတော့
ည ၁၀ နာရီလောက် ရှိပြီဗျ။ လေးပေါင်းလေးဘက် ပိုင်းပြီး
ကင်ထားတဲ့ ဆိတ်တစ်ကောင်ရယ် အမဲသား သုံးပိဿာကို
ကျကျနန ချက်ထားတဲ့ မွှေးကြိုင်နေတဲ့ ဟင်းရယ်
ဆန်လေးပြည်ကို ချက်ထားတဲ့ ထမင်းအိုးကြီးရယ်
အဆင်သင့် ဖြစ်နေပြီဗျ။
“ကဲ တာတေရေ။
မင်းရောက်လာတာ အချိန်ကိုက်ပဲဟေ့။
လာ ဝိုင်းနောက်ဘက်မှာ စားပွဲခုံခင်းကွာ”
အဘထင် ပြောတဲ့ အတိုင်း ကျုပ်က စားပွဲခုံအဝိုင်းကို
မ,ထူပြီး ဝိုင်းနောက်ဘက်မှာ ခင်းလိုက်တယ်။
မြေကြီးပေါ်မှာပဲပေါ့ဗျာ။
အဘထင်ရဲ့အိမ်ကြီး ခြေရင်းဘက် ကျတာပေါ့။
အဲဒီဘက်မှာက သစ်ပင်ကြီးကြီးတွေ ရှိတယ်ဗျ။
မန်ကျည်းပင်နှစ်ပင်နဲ့ မနီးမဝေးမှာ
သစ်ပင်အိုကြီး နှစ်ပင်လည်း ရှိတယ်။
နေ့ခင်းဘက်ဆိုရင် နေပျောက်တောင် မထိုးဘဲ
လွှတ်အရိပ်ကောင်းတဲ့ နေရာပေါ့ဗျာ။
ထူးတော့ ထူးသားဗျ။
အဲဒီသစ်ပင်ကြီးတွေ အောက်မှာ အမှိုက်သရိုက်ဆိုတာ
မတွေ့ရဘူး။ မြေပြင်ကလေးက ပြောင်ရှင်းနေတာ။
အဘထင်ပဲ အမှိုက် အမြဲလှည်းထားလို့လားတော့ မသိဘူးဗျ။
သန့်ရှင်းနေတာ။
ကျုပ် စားပွဲခုံခင်းပြီးတာနဲ့ အဘထင်က ထမင်းတောင်းတွေ
သယ်လာတယ်။အဆင်သင့်လုပ်ထားတဲ့ ငှက်ပျောဖက်တွေကို
စားပွဲခုံပေါ်မှာ ခင်းတယ်။ စားပွဲခုံကြီး အကျယ်ကြီးမှာ
ငှက်ပျောဖက် အပြည့် ခင်းလိုက်တာ။
“ကဲ တာတေရေ ။
ဟင်းအိုးနဲ့ ဆိတ်ကင် သယ်ကွာ”
ကိုသြလိုခေါ်တဲ့ ဖောက်ထွင်း ဝိဇ္ဇာသရဲကြီးကို
အဘထင်က ကျွေးမွေးတဲ့နေရာမှာ အဖြစ်ကျွေးတာ
မဟုတ်ဘူးဗျ။ဧည့်ကောင်းစောင်းကောင်းကို
ဧည့်ခံသလို ကျကျနန ကျွေးတာဗျို့။
စားပွဲခုံ အကြီးကြီးမှာ အားလုံးခင်းကျင်းပြီးသွားတော့
လက်ဆေးဖို့ ရေအင်တုံ တစ်လုံး ။ ပြီးတော့ သရဲကြီးသောက်ဖို့
သောက်ရေကို ရေပုံးနဲ့တစ်လုံး ထည့်ထားတယ်။
အဲဒီသောက်ရေပုံးထဲမှာ ရေခပ်သောက်ဖို့
ငွေဖလား တစ်လုံးလည်း ထည့်ထားတယ်။
စားပွဲခုံနဲ့ မလှမ်းမကမ်းမှာ ဖယောင်းတိုင် သုံးတိုင်ကိုလည်း
ထွန်းလိုက်သေးသဗျ။ချက်ထားတဲ့ အမဲသားဟင်းတွေကို
စားပွဲခုံကြီးအပြည့် ပုံထားတဲ့ ထမင်းဖြူဖြူတွေပေါ်ကို
အားလုံးလောင်းထည့်ထားတာ။
ပြီးတော့ ကင်ထားတဲ့ ဆိတ်တစ်ကောင်လုံးရဲ့
အသားတွေကို ထမင်းတစ်ပုံကြီးပတ်လည်မှာ
ဖြန့်ပြီး စီထားတာဗျ။မွှေးကြိုက်နေတာ ပါပဲဗျာ။
ကျုပ်တောင် သရေယိုချင်သလို ဖြစ်လာတာဗျို့။
“တာတေ နောက်ဆုတ်နေ ဆရာသြကို
ငါ့ ပင့်တော့မယ်”
လို့ အဘထင်ကပြောတော့ ကျုပ်လည်း နောက်ဆုတ်ပြီး
ဆိတ်ဖလူးပင်အောက်ကနေ ကြည့်နေလိုက်တယ်။
“ထောင်တွင်းမှာ အကျဉ်းစံဘဝနဲ့ အတူတူနေရစဉ်
အတွင်းမှာ ကျွန်ပ် ထောင်မင်းသား ငဘိုးထင်အပေါ်မှာ
ညီလို တပည့်လို စောင့်ရှောက်သွန်သင်ခဲ့တဲ့ ဆရာသြခင်ဗျာ…
ဆရာသြက ငဘိုးထင် ငါသေရင် ကျွတ်မှာမဟုတ်ဘူး။
ငါလုပ်ခဲ့တဲ့ အကုသိုလ်တွေကြောင့် သရဲဖြစ်မှာ
အသေအချာပဲ ။ သရဲဘဝနဲ့ ငတ်ပြတ်နေရမှာမျိုးကို
ငါ မလိုလားဘူးကွ။ဒီတော့ မင်း ငါ့ကို မွေးပါလို့
မှာခဲ့တဲ့အတွက် ဆရာသြ မှာတဲ့အတိုင်း ကျုပ်အားလုံးကို
စီစဉ်ပြီး မွေးခဲ့ကြတယ်။
တစ်လ တစ်ကြိမ် ဆရာသြကို ဝဝလင်လင် ကျွေးမွေးခဲ့ပါတယ်
ဆရာသြ လိုတာရှိရင် တပည့်ငဘိုးထင်ကို
အချိန်မရွေးပြောပါ။
ကဲ စားပွဲ သောက်ပွဲစဖို့ အချိန်ရောက်ပါပြီ ဆရာ။
အခု ချက်ချင်း ကြွရောက်ပါ။အားရပါးရ စားသောက်ပါ။
ဆရာ ဆရာသြရေ စားပါ ။ သောက်ပါ။ဆရာသြရေ စားပါ။
သောက်ပါဗျာ”
ပြောဆိုပြီးတာနဲ့ အဘထင်က ကျုပ်ဘေးမှာ လာရပ်တယ်ဗျ။
ကျုပ်တို့ရွာသားတွေ အရမ်းကြောက်တဲ့ ဦးဘိုးထင်လို့ခေါ်တဲ့
ထောင်ထွက်ကြီးက အရပ်ကြီးကလည်း မြင်ြ့မင့်။ကိုယ်လုံးကြီးကလည်း
ထွားထွားကြီးဗျ။ပုဆိုး အပြာကွက်တုံးကြီးကိုလည်း အမြဲဝတ်တာ။
အပေါ်ပိုင်းကတော့ ဖျင်ကြမ်းအင်္ကျီအဖြူကလွဲ၍
ဘာမှမဝတ်တော့ဘူးဗျ။
ခေါင်းကတော့ ကတုံးကို အမြဲတမ်း ပြောင်အောင်
ရိတ်ထားတာ။ဒီအဘိုးကြီးက ကျုပ်တို့တော့ လွှတ်ခင်တာဗျ။
ကျုပ်မို့လို့ သူ့အိမ်ကို လာလည်ရင် အားကြီးဝမ်းသာတာ။
လက်ဖက် ။ မြေပဲ။ ပေါက်ပေါက်ဆုပ်။ရေနွေးကြမ်း
ဘယ်တော့မှ မပြတ်စေရဘူး။ တစ်ခါ တစ်ခါတော့
အမဲခြောက်ဖုတ် ဆီစိမ်ကလေး ပါသေးသဗျ။
ပြီးတော့ သူငယ်ငယ်က ပေခဲ့ တေခဲ့တာတွေ။
မိုက်ခဲ့တာတွေ ထောင်တွေ ခဏခဏကျပြီး
ထောင်မင်းသား ဖြစ်လာတော့တွေ ထောင်ထဲမှာ
သူနဲ့အတူတူ ထောင်ကျခဲ့တဲ့ လူဆိုး လူမိုက်ကြီးတွေအကြောင်း
ထောင်ထဲမှာဖြစ်တဲ့ အင်မတန် ထူးဆန်းတဲ့အကြောင်းတွေ
ထောင်ထဲမှာ တစ်ခါ တစ်ခါ တွေ့ရတတ်တဲ့
တစ်တောင်ကျော်ကျော်လောက်ရှိတဲ့ သရဲခြေရာကြီးတွေအကြောင်း
အို စုံလို့ပါပဲဗျာ။
ကျုပ်က အဲဒါတွေကို နားထောင်ချင်လို့ အဘထင်ဆီကို
လာလာနေတာဗျ။အဲဒါကို ကျုပ်တို့ရွာသားတွေက
ထောင်ထွက်လူမိုက်ကြီးနဲ့ တရင်းတနှီး နေရမလားဆိုပြီး
ပြောဆိုကြတာပေါ့ဗျာ။ပြောတဲ့အထဲမှာ
ကျုပ်အဘနဲ့ အမေလည်း ပါတာပေါ့ဗျာ။
ဟာ စားပြီဗျို့။စားပြီး။ အဘထင်ရဲ့ ဆရာ သရဲကြီးတော့
ရောက်လာပြီ ထင်တယ်ဗျ။ဟာ ထမင်းတွေရော ဟင်းတွေရော
ပြိုက်ခနဲ လျော့သွားတာဗျို့။
“တွေ့လား တာတေ။ ဆရာသြ စားသောက်နေပြီ။
အားရပါးရကို စားတာကွ။ကြည့်စမ်း ။ ကြည့်စမ်း
ဟိုဆိတ်ပေါင်ကြီးမှာ သွားရာကြီး ထင်သွားတာ
နည်းတဲ့ပါးစပ်ကြီး မဟုတ်ဘူးကွ။ ငါစိတ်ထင်တော့
ဆရာသြအရပ်က ထန်းပင်လောက်များ ရှိနေမလားပဲကွ”
“ဟုတ်ပါ့ အဘထင်ရာ ဆိတ်တစ်ပေါင်များ သုံးလေးကိုက်
ကိုက်လိုက်ရင် ကုန်ပါရောလားဗျ။ဟုတ်မယ်ဗျို့။
အရွယ်တော်တော်ကို ကြီးမယ်ပုံဗျ။ ထန်းပင်လောက်
မမြင့်တောင် အုန်းပင်လောက်တော့ မြင့်မှာ သေချာတယ်”
“ငါဝိုင်းထဲမှာ ဆရာသြရဲ့ ခြေရာကို ငါတစ်ခါ နှစ်ခါ
မြင်ဖူးထားတာတယ်ကွ တာတေရ”
“ဟင် ဟုတ်လား အဘထင် ။ တော်တော် ကြီးလား”
“ကြီးပါပြီလားကွာ။ မင်းလက်တစ်တောင်လောက် ရှိမယ်ကွ”
“ဟာ ဟုတ်လားဗျ။ဒီကိစ္စကို ရွာထဲက လူတွေသာသိရင်
ကြောက်လိုက်ကြမှာ အဘထင်ရာ”
“အေးပေါ့ တာတေရ။ဒီဝိုင်းထဲမှာ ဆရာသြ ရှိတာကို
မသိလို့ပေါ့။သိသာသိရင် ဒီဘက်ကို လူတောင် လာရဲမှာ
မဟုတ်ဘူးကွ”

Myanmar Ghost StoriesWhere stories live. Discover now