တာတေတို့အညာမှာ အအေးဆုံးလပေါ့ဗျာ။ပြသိုလလေ။ မြောက်လေလေးများခပ်ကြမ်းကြမ်းဝှေ့လိုက်ရင်ခိုက်ခိုက်တုန်အောင် ချမ်းတဲ့လပေါ့ဗျာ။ ဒါပေမယ့် ဒီလိုလမှာပဲ နှစ်သက်စရာအညာရိုးရာဓလေ့လေးကလည်းရှိနေပြန်ရော။ ညတိုင်းရောက်ရင် သက်ကြီးရွယ်အို တွေရှိတဲ့ ဝိုင်းကိုသွား၊ မီးလှုံရင်း စကားဝိုင်းဖွဲ့ကြ၊ သက်ကြီးအိုတွေ ပြန်ပြောပြတဲ့ရှေးဟောင်းနှောင်းဖြစ်တွေ နားထောင်ကြ၊ ဗဟုသုတ ရစရာတွေ ကိုမှတ်သားကြနဲ့ ကျေနပ်စရာကောင်းတဲ့ဆောင်းညတွေ ပေါ့ဗျာ။ကျုပ်တို့လူငယ်တွေကအိမ်ကထင်းတုံးကြီးတွေထမ်းလာကြ၊ စားသောက်စရာတွေ စီစဥ်ကြ၊ ဝိုင်းပိုင်ရှင် အဘိုးရဲ့ မိသားစုကလည်း သူတို့ဝိုင်းထဲမှာ အခုလိုလာပြီး သူတို့အဘကိုတရိုတသေနဲ့ မေးမြန်းကြတဲ့ရွာထဲကလူငယ်တွေကို လက်ဖက်သုပ်၊ ထန်းလျက်ခဲ၊ ပဲကြီးလှော်၊ မြေပဲကြော်၊ မြေပဲပြုတ် တစ်ညတစ်မျိုး ကျွေးကြတာဗျ။ကျုပ်တို့အသွားဆုံးဝိုင်းက ဘိုးလိပ်ပု ဝိုင်းပဲဗျ။ ကျုပ်တို့ရွာမှာတော့ ဘိုးလိပ်ပုက ဗဟုသုတ အလွန်များတဲ့ ပုဂွိုလ်ကြီးပေါ့ဗျာ။
စာပေကျမ်းဂန်ကလည်း တတ်ဗျ။ အနယ်နယ်အရပ်ရပ်ကိုလည်း နှံ့အောင်သွားဖူးခဲ့တာဆိုတော့ ဘိုးလိပ်ပုမို့လို့စကားပြောရင် ကျုပ်တို့လူငယ်တွေဆိုတာမျက်တောင်ခတ်ဖို့တောင်မေ့နေကြတာဗျို့။ လူငယ်တွေကတော့ဘိုးလိပ်ပုကို ဘိုးပုကြီးလို့ပဲခေါ်ကြတာပေါ့။ အခုလို မီးလှုံရတဲ့ညတွေဆိုရင် လူငယ်တွေတင်မကဘူးဗျ၊လူကြီးတွေတောင်ဘိုးလိပ်ပုကြီးဆီကို လာပြီးပြောကြဆိုကြ မေးကြမြန်းကြ လုပ်ကြတာဗျ။
ဒီညလည်း ဘိုးလိပ်ပုဝိုင်းမှာ ထင်းရုံကြီးတွေ မီးဖိုပြီး မီးလှုံနေကြတာ။ လူဆယ်ယောက်ရှိတယ်ဗျ။ ကျောက်ခဲနဲ့ သံမဏိ ကလည်း ကျုပ်သွားလေရာ တကောက်ကောက်ပါတဲ့ကောင်တွေလေဗျာ။ အညာသားလေးတွေဆိုတော့ အနွေးထည် ညစ်ပေပေလေးတွေ ဝတ်ပြီး ပုဆိုးအပိုတစ်ထည်ကို ခြုံကြလို့ပေါ့ဗျာ။ ကြုံလို့ပြောရဦးမယ်ဗျ၊ဒီလိုအေးလွန်းတဲ့ညတွေဆိုရင်ကျုပ်တို့အညာသားတွေက ဝါစပ်စောင်ပွပွကြီးတွေရဲ့အခေါက်ကြားမှာဂုန်နီအိတ်ညှပ်ပြီးခြုံကြတာဗျ။နွေးမှနွေးဗျာ။ ဒါလည်းအညာသား စည်းစိမ်တစ်မျိုးပဲဗျ။
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd