ဘိုးမီးသွေး(တာတေ)

113 1 0
                                    

ဘိုးမီးသွေး (စ/ဆုံး)
မူရင်းရေးသားသူ - ဆရာတာတေ

ဒီအကြောင်းကို ကျုပ် တစ်ခါမှမပြောဖူးဘူးဗျကျုပ်တို့ ထနောင်းကုန်းမှာ လူထူးလူဆန်းကြီးတစ်ယောက်ရှိတယ်။အသက်ကတော့
ခြောက်ဆယ်ကျော်လောက် ရှိပြီဗျ။ နာမည်က ဘိုးမီးသွေးတဲ့။
ဒီနာမည်က နောက်ပြောင်ခေါ်တဲ့ နာမည်မဟုတ်ဘူးဗျို့။ တကယ့်နာမည်အရင်းဗျ။ ဘိုးမီးသွေးရဲ့ အသားတွေဟာ
တကယ်ကို နက်မှောင်နေတာဗျို့။ မီးသွေးအတိုင်းပါပဲဗျာ။
ညဘက်များ မှောင်ထဲမှာ ဘိုးမီးသွေးရပ်နေရင်
တွေ့ကို မတွေ့ရတာဗျို့။ တကယ်တော့ ဘိုးမီးသွေးက တာတေတို့
ရွာသား မဟုတ်ဘူးဗျ။ ဘယ်ရွာသားမှလည်းမဟုတ်ဘူး။ သူ့မိဘတွေကလည်း ဘယ်သူတွေမှန်းမသိဘူး။ ဘိုးမီးသွေး ထနောင်းကုန်းကို ရောက်လာတာကတော့ခုနှစ်နှစ်သားလောက်ကတည်းက
ရောက်လာတာတဲ့ဗျ။
အခု ပစ္စိမာရုံကျောင်းမှာ ကျောင်းထိုင်နေတဲ့
ကျုပ်ဆရာတော် ဦးဂုဏရဲ့ ဆရာ၊ ဆရာတော်ကြီး
ဦးတိက္ခလက်ထက်မှာ ပစ္စိမာရုံကျောင်းကို
ရောက်လာတာဗျ။ ဆရာတော်ကြီး ဦးတိက္ခကို
ကျုပ်တို့ ရွာသားတွေက ဘုန်းကြီးတိတ်လို့
ခေါ်ကြတယ်တဲ့ဗျ။ တာတေတို့ကတော့
အဲဒီဆရာတော်ကြီးကို မမီလိုက်ဘူးပေါ့ဗျာ။
ကျုပ်အဘကတော့ ဘုန်းကြီးတိတ် လက်ထွက်ပေါ့ဗျာ။
အဘတို့ သက်တမ်းလောက်ရှိတဲ့ ကျုပ်တို့ရွာက
ဘိုးတော်တွေအားလုံး ဘုန်းကြီးတိတ်ရဲ့
လက်ထွက်ချည်းပဲဗျာ။
လယ်တွက်၊ ယာတွက်၊ စပါးတွက်၊ နှမ်းတွက်
ပဲတွက် သစ်တွေဆို ကျုပ်တို့ ထနောင်းကုန်းက
ဘိုးတော်ကြီးတွေက စိတ်နဲ့တင် တွက်နိုင်ကြတာဗျ
ဘုန်းကြီးတိတ်ရဲ့ တပည့်တွေကိုဗျ။
ဘုန်းကြီးတိတ်က လောကုတ္တရာရော၊ လောကီရော
လွှတ်ကျွမ်းတာဆိုပဲဗျ။ တရားဟောတာလည်း
လွှတ်ကောင်းတာတဲ့ဗျို့။ ဟိုရွာ ဒီရွာတွေမှာ
အလှူရှိရင် ဘုန်းကြီးတိတ်ကို မပင့်တဲ့အလှူဆိုတာ
ရှိကို မရှိတာတဲ့ဗျာ။ ဘုန်းကြီးတိတ်က အထက်လမ်း
ပညာတွေလည်း တော်တော် လိုက်စားတာဆိုပဲဗျာ။
ဆေးရော၊ ဓါတ်ရော၊ ပယောဂရော အကုန်နိုင်
တာတဲ့ဗျာ၊ တစ်ခါတစ်ခါကျရင် တစ်ပါးတည်း
တောထဲ တောင်ထဲဝင်ပြီး ဆေးပင်တွေတူး၊
ဆေးမြစ်၊ ဆေးဥတွေ ရှာတာတဲ့ဗျ။ တစ်ခါ
တလေမှ ကျောင်းသားတွေ ဘာတွေ
ခေါ်သွားတာဆိုပဲ
တစ်ခါတော့ ဘုန်းကြီးတိတ် တောင်ပေါ်က
တောကြီးထဲဝင်ပြီး ဆေးပင်ရှာတာတဲ့ဗျို့
ဒီတစ်ခါတော့ သူ့ကျောင်းက ကျောင်းသား
ကြီးတစ်ယောက် ခေါ်သွားတယ်တဲ့။
အဲဒီကျောင်းသားက ထွားထွားကျိုင်းကျိုင်း
ဗလကောင်းကောင်းတဲ့ဗျ။ နာမည်က
ဆင်ပေါက်လို့ ခေါ်သတဲ့။ အဲဒီအခေါက်
တောထဲက ပြန်အထွက်မှာ မီးသွေးခဲလို
မည်းနက်နေတဲ့ ကလေးတစ်ယောက်
ပါလာတာတဲ့ဗျို့။
ဘိုးမီးသွေးအကြောင်း ကျုပ်ကို ပြောပြတာက
ကျုပ်ဆရာတော်က ပြောပြတာဗျ။ ကျုပ်ဆရာတော်
ဦးဂုဏနဲ့ ဘိုးမီးသွေးနဲ့က အသက်သိပ်မကွာဘူးလေဗျာ။
ဘိုးမီးသွေးက ငါးနှစ်လောက် ကြီးတယ်တဲ့ဗျ။
ဆရာတော် ဦးဂုဏ ကျောင်းသားဘဝမှာ
စာလိုက်နေတော့ ဘိုးမီးသွေးက ကျောင်းသားကြီး
ဖြစ်နေပြီတဲ့။ ဘိုးမီးသွေး ငယ်ငယ်က
ဘုန်းကြီးကျောင်းသားဘဝမှာ
ဆရာတော့်အလိုက် တခြားသံဃာတွေရဲ့
အလိုက် ကိုရင်တွေရဲ့အလိုက်ကို
လွှတ်သိတာဆိုပဲ။ ဒါကြောင့်လည်း
ဆရာတော်ရော၊ သံဃာတွေရော
ကိုရင်တွေရောက ဘုန်းကြီးကျောင်းသား
မီးသွေးကို လွှတ်ခင်ကြတာတဲ့ဗျ။
ဆရာတော်ကြီး ဦးတိက္ခကများ ‘မီးသွေး’လို့
ခေါ်လိုက်ရင် …
“ဘုရား ”
လို့ ထူးပြီး ချက်ချင်းရောက်လာတာတဲ့ဗျာ
ဆရာတော် သံဃာတော်တွေတင်မကဘူးတဲ့
ကိုရင်လေးတွေကိုပါ လွှတ်ရိုသေတာတဲ့ဗျာ
ဘုန်းကြီးတိတ်က ဘိုးမီးသွေး ကိုးနှစ်သားမှာ
ကိုရင်စည်းပေးလိုက်တော့ တစ်ရွာလုံးက
ကိုရင်မီးသွေးဆိုပြီး ဟိုအိမ်က ဆွမ်းလောင်း၊
ဒီအိမ်က ဆွမ်းလောင်းနဲ့ သပိတ်ကို
ပြည့်ကျပ်လို့တဲ့ဗျ။
နောက်တော့ လူထွက်ပြီး ကျောင်းသားကြီး
ဘဝနဲ့ နေတာတဲ့။ ဆရာတော် ဦးဂုဏက
ကျုပ်ကို ပြောတာက …
“ဘုန်းကြီးက ဒီကျောင်းမှာ ခုနှစ်နှစ်သားတည်းက
ကိုရင်ဝတ်ခဲ့တာကွ၊ ဒီတုန်းက ကျုပ်က ခုနှစ်နှစ်
ကိုမီးသွေးက ဆယ့်နှစ်နှစ်ကွ၊ သူက ကိုရင်
လူထွက်ပြီး ကျောင်းသားဘဝနဲ့ နေနေတာ”
“ဘိုးမီးသွေးက ဒီရွာသားပဲလားဘုရား”
ကျုပ်က ဆရာတော် ဦးဂုဏကို
ဖိုဆွဲပေးနေရင်းနဲ့ လျှောက်တာဗျ။
ကျုပ်ဆရာတော်က
ကြေးနက်ဓါတ်လုံး ထိုးနေတာလေဗျာ။
ကျုပ်က အားရင် ဆရာတော်ကို
ဖိုလာပြီး ဆွဲပေးနေတာဗျ။
“ဘယ်ဟုတ်လိမ့်မတုံး၊ တာတေရယ် ”
“ဟင် ဒါဆိုရင် ဘယ်ရွာသားတုံးဘုရား ”
“ဘယ်ရွာသားမှ မဟုတ်ဘူးကွ တာတေရဲ့ ။
ဒီအကြောင်းတွေကို ဆရာတော် ပျံတော်မမူခင်က
ကျုပ်ကို ပြောသွားလို့ သိတာ၊ မင်းသိချင်ရင်
ငါပြောပြမယ်၊ တခြားသူတွေတော့ မပြောနဲ့ကွာ၊
ဒါပေမဲ့ ဒီရွာက လူကြီးပိုင်းတွေကတော့
နည်းနည်းရိပ်မိတဲ့သူတွေ ရှိတယ်ကွ
ဒါပေမဲ့ ပြောတဲ့သူ မရှိပါဘူးလေ ”
“ဘယ်လိုကြောင့်တုံးဘုရား ”
ကျုပ်ကလည်း ဒါမျိုးကို စပ်စုရမယ်ဆိုရင်
နှစ်ယောက်မရှိတဲ့ သူလေဗျာ။
“မောင်တာတေ သိချင်ရင် ကျုပ်ပြောပြပါ့မယ်၊
အခုလိုပဲကွဲ့၊ ကျုပ်က ကျုပ်ဆရာတော်ကို
ဖိုကူဆွဲပေးနေတာ ၊ ဒီတုန်းက ဆရာတော်က
ဆေးဒန်းလုံး ထိုးနေတာကွ ”
“ဂုဏ မင်း မီးသွေးအကြောင်း သိချင်လား ”
လို့ ကောက်ကာငင်ကာ မေးလိုက်တာကွ
ကျုပ်ကလည်း ကိုမီးသွေးကို နဂိုတည်းက
စိတ်ဝင်စားတာကလား ။ ခင်လည်း
သိပ်ခင်တာ။ ဒီတော့ …
“မှန်ပါဘုရား၊ တပည့်တော် သိချင်ပါတယ် ”
လို့ လျှောက်လိုက်တော့ …
ကျုပ်ဆရာတော်က ဖိုခွင်ထဲကို မီးသွေးခဲလေးတွေ
မီးညှပ်နဲ့ ညှပ်ပြီး ထည့်လိုက်သေးသဗျ။ ပြီးတော့မှ
ဆက်ပြောတယ်။
“ငါနဲ့ ဆင်ပေါက်နဲ့ အရှေ့ဘက်တောင်တွေပေါ်တက်ပြီး
ဆေးပင်တွေ ရှာကြတဲ့နေ့ပေါ့ကွာ၊ အသက်ရှစ်နှစ်
လောက်ရှိတဲ့ ကလေးတစ်ယောက်က တောထဲမှာ
စွတ်ပြေးနေတာကွ၊ သူ့နောက်က တစ္ဆေတွေ၊
သရဲတွေက အုပ်လိုက်ကြီး ဝိုင်းလုပ်နေကြတာဟေ့ ”
“အို…ဘယ်လိုများ ဖြစ်တာတုံးဘုရား ”
“ဟုတ်တယ် ဂုဏ၊ ငါဆိုတာ အံ့သြလွန်းလို့
ဘာလုပ်ရမှန်း မသိအောင်ကို ကြောင်သွားတာကွ
နောက်မှ ချက်ချင်းသတိရပြီး ဆင်ပေါက်
ကလေးကို မြန်မြန်ချီလိုက် ”
“အရှင်ဘုရား ၊ ဒါ လူတွေဟုတ်ရဲ့လားဘုရား ”
“ဆင်ပေါက်က လန့်ပြီး ငါ့ကို ပြန်မေးတာဟေ့ ”
“ဟုတ်တယ်၊ ဆင်ပေါက် ။ အဲဒါ လူ လူ။
မြန်မြန်ချီထားလိုက် ”
လို့ ငါက အော်လိုက်တော့မှ ဆင်ပေါက်က
ကလေးကို ပြေးပြီး ပွေ့ချီလိုက်တာကွ
ဆင်ပေါက် မေးမယ်ဆိုရင်လည်း မေးစရာပဲကွ
ဂုဏရဲ့၊ ကလေးက တစ်ကိုယ်လုံး မီးသွေးခဲလို
မဲနေပြီး မတော်တရော် အင်္ကျီစုတ်ကြီးတစ်ထည်
ဝတ်လို့ကွ၊ ခေါင်းက ဆံပင်က ဒူးခေါင်းလောက်အထိ
ရှည်ကျနေတာ။ အမှတ်တမဲ့ ကြည့်ရင်တော့
တကယ့်သရဲပဲကွ၊ ဆင်ပေါက်က ငါခိုင်းလို့သာ
ကလေးကို ချီလိုက်ရတာ၊ ကြောက်နေပုံပဲကွ။

Myanmar Ghost StoriesWhere stories live. Discover now