အပိုင်း (၁)
' Episode - 1 'တောင်တော် ဘုရင်မ (ဝတ္ထုရှည်)
°°°°°°°°°°°°°°°°°°°°°°°°°°°°°
ရေးသားသူ...တာတေမရမ်းသီးတွေ ပေါ်စအချိန်ဗျ။ကျုပ်တို့အညာမှာ အအေးတော့ လျော့သွားပြီ။နေ့ခင်း နေ့လည်ဆိုရင် အပူရှိန်လေးတိုးလို့ဗျ။
"ဟဲ …တာတေ လာဟေ့ ထမင်းစားမယ်"
ကျုပ်က နှမ်းပြာဖို့အဘ စကောယက်လက်စတွေ
ဆက်ယက်နေတာဗျ။မန်ကျည်းပင်အောက်က
သစ်သားကွပ်ပျစ်ပေါ်တွင်မှာလေဗျာ။ရေနွေးကြမ်းလေးသောက်လိုက် နဂါးဆေးပေါ့လိပ် ကလေးဖွာလိုက်လက်ဖက်ကလေး တစ်ဇွန်းခပ်ပြီး ဝါးလိုက်
စကောယက်လိုက်နဲ့ အညာသားစည်းစမ်လေး
ယစ်နေတာပေါ့ဗျာ။အဘကတော့ စောစောကတည်းကအိမ်ပေါ်တက်သွားပြီဗျ။"အမေ ဘာချက်တုံး"
"အောင်မာ ဒီလာကြည့်တော့ သိလိမ့်မပေါ့"
ကျုပ်လက်ဆေးပြီး အိမ်ပေါ်တက်ခဲ့သဗျ။
"ဟ…ဝက်သားပါလား အမေရ"
"အေး…ငပိန်တို့ပေါ်တာ ဝက်ဂုတ်သားကို မရမ်းသီး
လေးတွေနဲ့ ချက်ထားတာ ညောင်ဦးပုန်းရည်ကြီးလေးတွေလည်း ကျန်သေးတာနဲ့ ဟောဒီမှာ သုတ်လို့
မောင်မခေါ်ပဲကို ဆူးပုတ်ရွက်အုပ်ပြီး ပဲဟင်းရည်သောက်ချက်ထားတာ နင့်အကြိုက်လေ"အမေ့စကားတောင် မဆုံးသေးပါဘူးဗျာ။ကျုပ်က
ပါးစပ်ထဲကို ထမင်းသုံးလုံးလုပ်လောက် ရောက်သွားပြီဗျ"ဟဲ့ ဖြည်းဖြည်းလည်းစားပါ တာတေရယ်ထမင်းလည်း နင်ပါဦးမယ်"
အဘကတော့ ကျုပ်စားနေတာကို ကြည့်ပြီး ပြုံးပြုံးကြီးဗျ
"ငွေစိန် နင့်သားကတော့ ဝက်သားဆိုရင် ခေါင်းမဖော်တော့ဘူးဟေ့"
ကျုပ်ဖြင့်ဗျာ အမေချက်ထားတဲ့ ဝက်ဂုတ်သားနဲ့
မရမ်းသီးချဉ်ဖြုံးဖြုံးလေးနဲ့ ထမင်း ဘယ်နှပန်းကုန်
စားမိမှန်းကို မသိပါဘူးဗျာ။ထမင်းစားပြီးလို့
နဂါးဆေးပေါ့လိပ်ကလေးဖွာပြီး အရသာခံနေတာဗျို့။"တာတေရေ တာတေ"
"ဟင် ဘယ်သူများတုံး ကျုပ်က ဝိုင်းဝကို ကပျာ ကယာကြည့်လိုက်တယ်။ဟ ဘိုးညိုတို့အိမ်ကပါလားဘိုးညိုသားမက် ကိုအုန်းညွှန်ပဲ။ဘိုးညိုဆိုတာဘန့်ဘွေးကုန်းက ဘိုးလူပေလာရင် တည်းနေကျအိမ်လေဗျာ။ဘိုးစိန်ညိုဆိုတာ လွှတ်စိတ်တိုတဲ့ ဘိုးတော်ကြီးလေဗျာဒီတစ်ခါတော့ သားကြီးမလာဘဲ သားမက်ကိုလွှတ်လိုက်တာဗျ။
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd