Destiny P - 63

58 3 1
                                    

နာရီပေါင်း ၅နာရီကြာပြီးနောက် ခွဲစိတ်ခန်းတံခါးက ပွင့်လာခဲ့သည်။ တံခါးပွင့်ပွင့်ချင်း စိတ်ပျက်လက်ပျက်ဖြင့် မျက်လွှာချရင်း ထွက်လာသောဆရာဝန်ကြောင့် မင်းကိုကိုစိတ်တွေပိုလေးလာခဲ့သည်။ ချက်ချင်းပင် နံရံကိုမျက်နှာမူလိုက်ကာ တုန်ရီနေသောလက်အစုံကိုထိန်းချုပ်ရန် လက်သီးကိုတင်းတင်းဆုပ်ထားလိုက်သည်။ ကျလာမယ့်မျက်ရည်များကို အံကြိတ်ကာထိန်းထားရင်း ‌သုခကိုလှည့်ကြည့်လိုက်သည်။

“ ကျွန်တော်တို့အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ် ”

“ ကလေး ကလေး အဆင်ပြေတယ်မလားဟင်ဆရာ ”

တုန်တုန်ရီရီဖြင့် စကားကိုဖြတ်မေး‌လိုက်သော ကေစီကိုယ်တိုင်လည်း ဒေါ်နွယ်နွယ်မောင်လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည်။

“ အခုကတော့စိုးရိမ်စရာမရှိတော့ပေမယ့် ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်၊ နောက်တခါဆိုရင်တော့ စိတ်ကိုအဆင်သင့်ပြင်ဆင်ထားတာ ကောင်းပါမယ်။ ”

ဆရာဝန်ထွက်သွားပြီးနောက်  အောက်စီဂျင်ပိုက်တန်းလန်းဖြင့် 1လသားကျော်ကျော်လေးသာရှိသေးတဲ့ ကလေးလေးပါလာသော တွန်းလှည်းအသေးလေးကိုတွန်းကာ အကူဆရာဝန်အချို့ထွက်လာသည်။ မင်းကိုကို သားနားကိုလျှောက်သွားလ်ိုက်ပြီး အပ်သွင်းထားသော သားလက်သေးသေးလေးကို အသာယာပွတ်ပေးလိုက်သည်။ ဘယ်လောက်ပင်ထိန်းထားပါစေ သားမျက်နှာလေးကိုမြင်လိုက်ရတော့ ရေစီးကမ်းပြိုသလို မျက်ရည်များကအထိန်းကွပ်မဲ့စွာကျလာသည်။

တဖက်တွင်တော့ သုခတစ်ယောက် သားခြေဖဝါးနုနုလေးကို အသာယာနမ်းရှုပ်လိုက်သည်။ ခြေဖမိုးလေးကရဲရဲလေးဖြစ်နေကာ သွေးကြောသေးသေးလေးတွေမြင်နေရပုံမှာ သူ့ဒယ်ဒီနှင့်တူသည်ဟုပင်တွေးမိလိုက်သည်။ ဘယ်အခြေအနေမှာမဆို ကိုယ့်ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ပေမယ့် သားနဲ့ပက်သက်ရင်အမြဲစိတ်ပူလွန်းပြီး ပျော့ညံ့တတ်သော မင်းကိုကို ကိုကြည့်ရင်း သုခရင်ထဲစိတ်မကောင်းဖြစ်သည်။ အမြဲစိတ်ဓာတ်မာကျောခဲ့သောသူ ဘယ်လောက်ပြသနာတတ်တတ် အမြဲစိတ်ပူကြောင်းထုတ်မပြခဲ့ဘူး၊ သူ့ရင်ထဲမိုးမီးလောင်နေရင်တောင် အပြင်ပိုင်းမှာတော့အမြဲမာကျောတဲ့ပုံစံဘဲပြတတ်သောသူက သားနဲ့ဆိုရင်တော့ ဟန်မဆောင်နိုင်တော့ဘူး။ အမှန်ဆို သူတို့ဘဝထဲသားရောက်လာတာကြောင့် ဒီအခြေအနေထိဖြစ်လာခဲ့တာ၊ မဟုတ်ရင် သူဆိုတာ မင်းကိုကို ရင်ထဲကို ဘယ်တော့မှနေရာယူနိုင်ခဲ့မှာမဟုတ်ဘူး။ သားကြောင့် အရင်နဲ့မတူဘဲ ပြောင်းလဲခဲ့တယ် ဒါ့ကြောင့် သားကအရာရာထက်အရေးပါတယ်၊ အဖိုးတန်တယ်။

Destiny Where stories live. Discover now