ရှောက်မင်ယင်းက ခရမ်းချဉ်သီးနဲ့ ကြက်ဥခေါက်ဆွဲယူမလာခင်ထိ လျန်ကျန်းက အခန်းထဲမှာ နာနာခံခံလေးထိုင်စောင့်နေတယ်၊ သူ့ဖုန်းအားကုန်သွားတာလည်း ကြာပြီ၊ ရှောက်မင်ယင်းအခန်းထဲ သူ့ဖုန်းနဲ့ကိုက်တဲ့ အားသွင်းကြိုးလည်းမရှိဘူး၊ လျန်ကျန်းက ဘယ်လိုချက်ပြုတ်ရမယ်လဲ မသိဘူး၊ သူမီးဖိုချောင်ထဲလိုက်သွားရင် တလွဲတွေပဲ လုပ်မိမယ်ဆိုတာသိလို့ သွားလည်း မကူရဲဘူး၊ အဲ့တာနဲ့ပဲသူလည်း ထမင်းစား စားပွဲပြင်ပြီးတာနဲ့ အဲ့မှာပဲ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးထိုင်နေလိုက်တယ်၊ ရှောက်မင်ယင်းအခန်းက တကယ့်ကိုသေးသေးလေး။ အိပ်ခန်း၊ မီးဖိုချောင်နဲ့ ရေချိုးခန်းပဲရှိတာ... နှစ်မီတာ၊ သုံးမီတာလောက်ပဲရှိတဲ့ အိပ်ခန်းအ၀င်၀မှာလည်း အခန်းတံခါးတောင်မရှိဘူး၊ ဒါနဲ့လျန်ကျန်းလည်း အဲ့နေရာမှာပဲ ခေါက်စားပွဲလေးကိုခင်းလိုက်တယ်၊ မီးဖိုချောင်ရဲ့ မီးခိုးခံ၊ ဆီငွေ့ခံတံခါးက မှန်အကြည်နဲ့ လုပ်ထားတာမို့ ဖောက်မြင်နေရတယ်၊ ဒီတော့ ရှောက်မင်ယင်းက လျန်ကျန်းခွေးခြေခုံပေါ် ထိုင်နေရင်း မလှုပ်မယှက်နဲ့ အကြာကြီး ငေးတိငေးငိုင်ဖြစ်နေတာကို လှမ်းမြင်နေရတယ်၊ ရှောက်မင်ယင်းက မီးဖိုချောင်တံခါးကို ဖွင့်လိုက်တယ်၊ အိပ်ခန်းဘက်ကို လျှောက်သွားပြီး TVဖွင့်လိုက်တယ်၊ remote ကိုလည်း လျန်ကျန်းလက်ထဲထည့်ပေးလိုက်ပြီး TVခဏလောက်သွားကြည့်ဖို့ ပြောလိုက်တယ်။
ခေါက်ဆွဲတွေရတဲ့အခါ ရှောက်မင်ယင်းက အိပ်ခန်းအ၀င်၀က ခေါက်စားပွဲကို အိပ်ခန်းထဲရွှေ့လိုက်တယ်၊ အခန်း၀ထက်တော့အခန်းထဲက ပိုကျယ်တယ်လေ၊ သူက စားပွဲနဲ့ စားတာသောက်တာ လုပ်ခဲတယ်၊ သူတယောက်တည်းနေလာတာ နှစ်အတော်ကြာပြီလေ၊ သူကတခုခုချက်ပြီးတိုင်း မီးဖိုချောင်ထဲပဲ စားလိုက်တာ၊ အဲ့တော့ စားပွဲခင်း၊ ဟင်းပြင်ဆင်၊ စားပွဲပြန်သိမ်း၊ ပြန်ဆေးရကြောရ ဒါတွေကို သူလုပ်စရာမလိုတော့ဘူး၊ ခုလျန်ကျန်းပါရှိနေတော့ ယောကျာ်းလေးနှစ်ယောက် မီးဖိုချောင်လေးထဲ ကပ်သပ်ပြီးစားနေရမှာ သိပ်အဆင်မပြေဘူး၊ ဒီတော့ သူလည်း စားပွဲနဲ့ပဲစားတော့ဖို့ တွေးလိုက်တာ...
YOU ARE READING
မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်
Romanceလန်ကျိုးနယ်က ငယ်ရွယ်၊ ရုပ်ချော၊ ငွေလျှံကာ စိတ်ဆတ်လွယ်သော rapperလေးတဦး။ ၀မ်ကျိုးနယ်က နူးညံ့၊ ယဉ်ကျေးကာ အတိတ်ကို သယ်ပိုးထားသော ရဲအရာရှိလေးတဦး။ ဝံပုလွေငယ်လေးဟာ ကြီးပြင်းလာပြီး အရာရှိလေးဟာလည်း သူ့အတိတ်ကိုလက်ခံသွားနိုင်မယ်။ တိုတိုလေးပြောရရင် ရင်ကိုနွေးထ...