Chapter 21

296 56 8
                                    

ဒီအချိန်လေးအတွင်းမှာပဲ လျန်ကျန်းက ဒီနေ့ မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တဲ့ သူ့အဖြစ်ကို မှန်လား၊ မှားလား မသဲကွဲတော့ဘူး...

ဒီလိုနဲ့ပဲ ဘာတွေဖြစ်သွားလဲမသိလိုက်ဘဲ တစုံတယောက်ကိုခေါ်လာတဲ့ ရှောက်မင်ယင်းနဲ့ သူပက်ပင်းတိုးမိတော့တယ်...

လျန်ကျန်း ပထမဆုံးတုံ့ပြန်မှုက ပြေး၀င်သွားတာမျိုးမဟုတ်ဘဲ ပြန်လှည့်ထွက်သွားမလို့ပဲ၊ ဒါပေမဲ့ ခုချိန်မှာ သူပုန်းနေလို့လည်း မရတော့ဘူးလေ၊ သူ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိနဲ့ ရှေ့တိုးရမလို နောက်ဆုတ်ရမလို ဖြစ်နေတုန်းမှာပဲ လှေကားကနေ တက်လာတဲ့ ရှောက်မင်ယင်းက အိမ်တံခါးရှေ့ရပ်နေတဲ့ လျန်ကျန်းကို တွေ့လိုက်ရတယ်။

ရှောက်မင်ယင်းမျက်လုံးထဲ အံ့ဩရိပ်တွေ ဖြတ်သွားတယ်၊ လျန်ကျန်း ဒီနေ့လာမယ်လို့ သူမထင်ထားဘူး၊ ရှောက်မင်ယင်းလည်း ဒီတိုင်းပဲ ရှေ့ဆက်မတိုးဘဲ တယောက်နဲ့ တယောက် အပြန်အလှန် ရပ်ကြည့်နေမိတယ်၊ သူပဲ ထင်ယောင်ထင်မှားဖြစ်နေတာလား... ဒီအထပ် လှေကားရင်းက မီးရောင်ပဲ မှိန်လွန်းတာကြောင့်လားတော့ မသိ၊ လျန်ကျန်းပုံက တခုခုကို ဆုံးရှုံးသွားသလို တုန်လှုပ်နေပုံရတယ်...

ဒါနဲ့ပတ်သက်ပြီး ရှောက်မင်ယင်းကလည်း များများစားစား မတွေးလိုက်မိဘူး၊ သူက ပြုံးပြပြီး မေးလိုက်တယ် "ဒီနေ့ ဘာလို့ ဒီကိုရောက်နေတာလဲ"

လျန်ကျန်းက တံတွေးမျိုချလိုက်ပြီး စကားပြောမယ်ပြင်တုန်းမှာပဲ လှေကားပေါ်တက်လာတဲ့ နောက်တယောက်ကို မြင်လိုက်ရတယ်၊ အဲ့တယောက်က ခေါင်းကိုအောက်စိုက်ပြီး လမ်းလျှောက်နေလို့ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရပေမဲ့ သူ့အရပ်နဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကြည့်ရတာ လျန်ကျန်းထက်ငယ်ပြီး ကျောင်းသားလေးဖြစ်ပုံရတယ်။

ရှောက်မင်ယင်း နောက်ကပါလာတဲ့ ကောင်လေးက သူတို့ရှေ့မှာ လူတယောက်ရပ်နေတာမြင်လိုက်ရတယ်၊ သူက တခွန်းမှမပြောဘဲ ရှောက်မင်ယင်းဘေးကိုကပ်သွားတာက မသိရင် အကာကွယ်ယူလိုက်သလိုပဲ၊ ဒီလှုပ်ရှားမှုသေးသေးလေးကိုကြည့်ရင်း လျန်ကျန်းစိတ်တိုသွားပြီး စကားပြောဖို့ကို မနည်းကြိုးစားလိုက်ရတယ် "သူက ဘယ်သူလဲ"

မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်Where stories live. Discover now