"အခန်းလေးကို အထီးမကျန်တော့ဘဲ ပိုပြီးအသက်၀င်လာအောင် လုပ်ချင်တယ်လို့ ခင်ဗျားပြောလိုက်တယ်မလား?" လျန်ကျန်းက သူ့ကြည့်ပြီး ထပ်ပြုံးပြတယ်... "ဘာနားထောင်ချင်လဲ၊ ကျွန်တော် ခင်ဗျားဖို့ သီချင်းဆိုပေးမယ်"
ဘာနားထောင်ချင်လဲ?
ရှောက်မင်ယင်းက ဘယ်တော့လျန်ကျန်းပြန်မှာလဲလို့ တွေးနေမဲ့အစား သူဘာသီချင်းနားထောင်ချင်လဲဆိုတာကို တလေးတနက်တွေးမိသွားတယ်၊ မလုံမခြုံနဲ့ အမိုးအောက်က လူငယ်လေးကို ပြန်တွေ့လိုက်ရသလိုပဲ၊ သူ့တကိုယ်လုံး မိုးရေတွေ ရွှဲနေပေမဲ့ သူကတော့ လိုက်ဖမ်းလို့မမိနိုင်တဲ့ ငှက်လေးတကောင်လိုကို သီချင်းဆိုနေခဲ့တာ...
"ငါ..." ရှောက်မင်ယင်းက သူ့အောက်နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်ပြီး ခေါင်းနည်းနည်းငုံ့ စဉ်းစားလိုက်တယ်၊ အကြာကြီးတော့ အချိန်မယူလိုက်ရပါဘူး၊ သူက လျန်ကျန်းကို ပြန်ကြည့်လာပြီး ပြုံးပြတယ်၊ ဒီအပြုံးက ရှောင်မင်ယင်းဆန်လွန်းပါတယ်၊ ရင်ထဲပါတဲ့အပြုံးပေမဲ့ ခပ်ဖျော့ဖျော့လေးပဲ၊ ပြီးတော့ လူတွေကို အကွာအဝေးတခုလည်း ပေးနေသေးတယ်။
"ခင်ဗျား အကြိုက်ဆုံးသီချင်းကဘာလဲ၊ ကျွန်တော်ရရင် ဆိုပြမယ်လေ"
ရှောက်မင်ယင်းက ခေါင်းခါလိုက်တယ်၊ ဘာလို့ဆို သူမသိလို့မဟုတ်သလို မဖြေချင်လို့လည်းမဟုတ်ဘူး၊ သူဖြေလိုက်တာက..."ငါက သီချင်းတွေကို သိပ်နားမလည်ဘူး"
"သီချင်းတွေကို နားလည်လို့တွေ၊ နားမလည်လို့တွေ လုပ်နေစရာမလိုပါဘူး" လျန်ကျန်းက အတင်းအကြပ်တော့ မပြောဘူး... "သီချင်းကို ကောင်းမကောင်း သိဖို့ပဲလိုတာ"
"ဟုတ်ပြီလေ" ရှောက်မင်ယင်းက မီးဖိုချောင်နံရံကို မှီလိုက်ပြီး သူ့လက်တွေကို သူ့ဘောင်းဘီအိတ်ကပ်ထဲ ဒီတိုင်းပဲထည့်လိုက်တယ်... "ဒါဆိုလည်း... တခုခုကောင်းတာ ဆိုပေါ့"
"Ok!" သီချင်းဆိုဖို့ ခွင့်ပြုချက်လည်းရအပြီး လျန်ကျန်းမျက်လုံးတွေက အရောင်လဲ့သွားတယ်၊ ပြီးတော့ ဂစ်တာကြိုးတွေကို စတီးလိုက်ပြီး သူမျက်နှာကောင်းရစေလောက်မဲ့ သူပိုင်တဲ့သီချင်းအချို့ ဆိုလိုက်တယ်၊ သီချင်းဆိုရင်း ဂစ်တာတီးနေရင်း သူက ရှောက်မင်ယင်းရဲ့ အမူအရာကိုလည်း အကဲခတ်နေတယ်၊ သူဘယ်လိုသီချင်းမျိုးကို အရသာတွေ့ပါ့မလဲပေါ့၊ ဒါပေမဲ့ ရှောက်မင်ယင်းမျက်နှာက ဘာမှသိပ်ပြောင်းလဲသွားတာမျိုး ရှိမနေဘူး၊ လျန်ကျန်းကလည်း တိတ်တိတ်လေး စိတ်လှုပ်ရှားနေမိတယ်၊ သူက သီချင်းတိုင်းကို အဆုံးထိမဆိုဘဲ လူကြိုက်များ၊ လူသိများလောက်တဲ့ သံပြိုင်ဆိုကြတဲ့ အပိုဒ်လေးတွေပဲရွေးဆိုပြလိုက်တယ်၊ ပြီးရင် "ဒီတပုဒ်ကြိုက်လား" လို့ သူမေးလိမ့်မယ်၊ အဖြေမရရင် နောက်တပုဒ်ပြောင်းဆိုမယ်၊ ဒီလိုနဲ့ ဆိုလာလိုက်ရင်း လျန်ကျန်းလည်း သူ့ဂစ်တာတောင် ဆက်မတီးနိုင်တော့လောက်အောင်ပဲ၊ သူ့ ခေါင်းထဲက သီချင်းစာအုပ်စင်ကြီးလည်း ပြိုလဲသွားပြီ၊ သူပိုတီးလေ အမှားတွေပိုလုပ်မိလာလေပဲ၊ ဒီလိုနဲ့ အလွဲလွဲအချော်ချော်တွေလုပ်မိရင်း သီချင်းထဲ စိတ်လည်းသိပ်မနှစ်နိုင်တော့ဘူး၊ ရှောက်မင်ယင်းကတော့ တယောက်တည်း ငြိမ်ငြိမ်လေး နားထောင်နေတာပဲ...
YOU ARE READING
မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်
Romanceလန်ကျိုးနယ်က ငယ်ရွယ်၊ ရုပ်ချော၊ ငွေလျှံကာ စိတ်ဆတ်လွယ်သော rapperလေးတဦး။ ၀မ်ကျိုးနယ်က နူးညံ့၊ ယဉ်ကျေးကာ အတိတ်ကို သယ်ပိုးထားသော ရဲအရာရှိလေးတဦး။ ဝံပုလွေငယ်လေးဟာ ကြီးပြင်းလာပြီး အရာရှိလေးဟာလည်း သူ့အတိတ်ကိုလက်ခံသွားနိုင်မယ်။ တိုတိုလေးပြောရရင် ရင်ကိုနွေးထ...