လျန်ကျန်းက ရှက်ရိပ်ပါးပါးနဲ့ ပြုံးတယ် "ကျွန်တော့ရဲ့ ဘ၀သက်တမ်းကို ခင်ဗျားကို မျှဝေပါ့မယ်၊ အခုကစပြီး အနာဂတ်မှာ မွေးနေ့တိုင်းကို ကျွန်တော်တို့ တူတူဖြတ်သန်းရအောင်.. ဟုတ်ပြီလား"
ဒီအချိန်လေးအတွင်းမှာပဲ ရှောက်မင်ယင်းက လျန်ကျန်းကို မေးချင်သွားတယ်၊ ဒီစကားက ဘာကိုဆိုလိုချင်တာလဲ...
ဒါမှမဟုတ် လျန်ကျန်း တကယ်ပဲ သိရဲ့လား? သူဘာကို ပြောနေလဲဆိုတာ..
ရှောက်မင်ယင်းက လျန်ကျန်းပြောတာကို သူလက်ခံလိုက်မိလား၊ လက်မခံမိဘူးလားဆိုတာ သူ့ဘာသာမမှတ်မိတော့ဘူး၊ ဒါပေမဲ့ လက်ခံလိုက်တာ ဖြစ်နိုင်တယ်၊ မဟုတ်ရင် လျန်ကျန်းက ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ပြီး ခေါက်ဆွဲထိုင်စားနေမှာ မဟုတ်ဘူး၊ ဒီလိုနဲ့ပဲ ရှောက်မင်ယင်းက ပန်းကန်လုံးလေးနဲ့ အမဲခေါက်ဆွဲစားနေရင်းကို အတွေးတွေ နယ်ချဲ့ကုန်တယ်၊ သူဘေစင်မှာ ပန်းကန်တွေဆေးဖို့ ရေဖြည့်တာတောင် ရေတွေလျှံကျမလို ဖြစ်သွားလို့ အမြန်ပြန်ပိတ်လိုက်ရတယ်၊ သူက တွေးရင်းတွေးရင်း အ၀တ်စုတ်နဲ့ ပန်းကန်သုတ်တာလည်း ခပ်လေးလေး နှေးနှေးဖြစ်နေတယ်..
လျန်ကျန်းက ရှောက်မင်ယင်း မီးဖိုခန်းထဲက ထွက်မလာတာ ကြာနေပြီမှန်း သတိထားမိရော သူလည်း မီးဖိုခန်းထဲ ၀င်လာလိုက်တယ်၊ ရှောက်မင်ယင်းက ငိုင်တိုင်တိုင်ဖြစ်တာမြင်တော့ သူက ရှောက်မင်ယင်းကို လန့်အောင် စ,ချင်သွားတယ်၊ အဲ့တော့ သူကအနောက်ကနေ ရှောက်မင်ယင်းကို ခုန်ပြီး ဖက်လိုက်တယ်၊ ဒါပေမဲ့ သူ့လက်ကတော့ ကောင်တာထောင့်စွန်းနဲ့ ရှောက်မင်ယင်းရဲ့ ဗိုက်မထိမိအောင် ရှောက်မင်ယင်းရဲ့ ဗိုက်အောက်နားကို အုပ်ကိုင်လိုက်တယ်...
လျန်ကျန်းက ရှောက်မင်ယင်းရဲ့ ပုခုံးပေါ်မေးစေ့တင်ရင်း နား,နားကပ်ပြီး အော်ပြောတယ် "ခင်ဗျားမရှိပဲ မနေနိုင်ဘူး!"
ရှောက်မင်ယင်းလည်း လျန်ကျန်းအော်သံကြောင့် လိပ်ပြာလွင့်သွားသလို လန့်သွားပြီး လျန်ကျန်းကဖက်ထားတော့ သူ့တကိုယ်လုံး မလှုပ်နိုင်ဖြစ်သွားရတယ်၊ လျန်ကျန်းက ရှောက်မင်ယင်းကို ပိုလို့တောင် ခပ်တင်းတင်းဖက်လိုက်ပြီး အာဝုကြီးတကောင်လို ပြုမူနေတယ် "ခင်ဗျားရဲ့ ခေါက်ဆွဲကို စားရတာ အတော်စွဲလမ်းနေပြီ!"
YOU ARE READING
မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်
Romanceလန်ကျိုးနယ်က ငယ်ရွယ်၊ ရုပ်ချော၊ ငွေလျှံကာ စိတ်ဆတ်လွယ်သော rapperလေးတဦး။ ၀မ်ကျိုးနယ်က နူးညံ့၊ ယဉ်ကျေးကာ အတိတ်ကို သယ်ပိုးထားသော ရဲအရာရှိလေးတဦး။ ဝံပုလွေငယ်လေးဟာ ကြီးပြင်းလာပြီး အရာရှိလေးဟာလည်း သူ့အတိတ်ကိုလက်ခံသွားနိုင်မယ်။ တိုတိုလေးပြောရရင် ရင်ကိုနွေးထ...