ညနေ ၅နာရီ ၄၀မိနစ်၊ ၀မ်ကျိုးမြို့လယ် နန်ထန်းလမ်းရဲ့ လမ်းဘေးမှာ လျန်ကျန်းတယောက် Lowden ဂစ်တာပိုက်ပြီး မတ်တပ်ရပ်နေတယ်၊ ရုံးဆင်းချိန်လည်း ဖြစ်တာမို့ သူ့နားကဖြတ်သွားတဲ့ လမ်းသွားလမ်းလာတိုင်းက အချိန်မှီလေး အိမ်ကိုအလောတကြီးပြန်နေကြသူတွေချည်းပဲ၊ ရံဖန်ရံခါတော့ တချို့တလေက လျန်ကျန်းရဲ့ ခြေရင်းကဂစ်တာအိတ်ကိုတလှည့်၊ လမ်းဘေးဖျော်ဖြေတဲ့ အဆိုတော်ပုံ မပေါက်တဲ့ လူငယ်လေးကိုတလှည့် ကြည့်သွားကြတယ်၊ ပြောရရင်တော့ သူ့အသွင်အပြင်ရ တချို့တွေက ခြေလှမ်းတွေနှေးလိုက်ပြီး သူ့ကိုငေးလိုက်ကြတာပါပဲ၊ ပြီးတော့လည်း သူတို့လမ်းသူတို့ ဆက်လျှောက်သွားကြတယ်..
ဘာလို့ဆို လျန်ကျန်းက အဲ့မှာ မတ်တပ်ရပ်နေတာအတော်ကြာပြီဖြစ်ပြီး ဘာသီချင်းမှလည်း မဆိုတာကြောင့်ပဲ..
လျန်ကျန်းက ဂစ်တာကို ကောက်ကိုင်လိုက်ပြီး ကော့ဒ်အနည်းငယ်ကို ပြတ်တောင်းပြတ်တောင်း စတီးလိုက်တယ်၊ သူကအရင်ဆုံး မိတ်ဆက်စကားပြောဖို့ တော်တော်ကြိုးစားခဲ့သေးတယ်၊ ဒါပေမဲ့ သူ့ပါးစပ်က တခွန်းမှထွက်မလာခဲ့ဘူး၊ ဘာလို့ဆို သူ သီချင်းဆိုပြီး ပိုက်ဆံတောင်းရမှာကို ရှက်လို့မဟုတ်ဘူး၊ သူတကယ် သီချင်းစဆိုလိုက်မှ အကုန်လုံးက ဘာတုံ့ပြန်မှုမှမရှိ၊ လျစ်လျူရှုသွားကြမှာကို စိုးလို့ပဲ..
ဒီ့ထက်ပိုပြီး အချိန်ဆွဲနေမဲ့အစား လျန်ကျန်းက သီချင်းစဆိုလိုက်တော့တယ်၊ လမ်းဘေးမှာ rap သီချင်းကို သံပြိုင် တူတူဆိုပေးမဲ့သူမရှိတော့ ကြောင်တောင်တောင်ပုံပေါက်နေလိမ့်မယ်၊ အဲ့တော့ သူက ကောင်းမယ်ထင်လောက်တဲ့ ရိုးရိုးသီချင်းလေးတွေပဲ ရွေးဆိုလိုက်တယ်၊ သူက ဂစ်တာလည်း ကောင်းကောင်းတီးတတ်တယ်လေ၊ သူအထက်တန်းကျောင်းတက်တုန်းက သူတို့မှာ band အဖွဲ့တခုရှိတယ်၊ အဲ့တုန်းကသူက အဆိုတော်ခေါင်းဆောင်လည်းဖြစ်၊ ဂစ်တာသမားလည်းဖြစ်တယ်၊ Hip hop နဲ့ rap ရဲ့ ဆွဲဆောင်မှုနောက် သူမြောသွားပြီးတဲ့နောက်တော့ ဂစ်တာတီးတာ အရင်ကလိုမဟုတ်တော့ဘဲ ကျဲသွားတယ်၊ ဒါပေမဲ့ တချို့တေးသွားတွေကို သူ့မှတ်ဉာဏ်ထဲမှာ ထွင်းထုထားသလိုကို စွဲစွဲမြဲမြဲမှတ်မိနေတုန်းပဲ၊ သူဂစ်တာကြိုးတွေကို စထိတွေ့လိုက်မိတာနဲ့ သူ့ရဲ့လက်ချောင်းတွေက အလိုလိုကို လှုပ်ရှားမိလာတော့တယ်..

YOU ARE READING
မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်
Romanceလန်ကျိုးနယ်က ငယ်ရွယ်၊ ရုပ်ချော၊ ငွေလျှံကာ စိတ်ဆတ်လွယ်သော rapperလေးတဦး။ ရှစ်ကျားကျွမ်းနယ်က နူးညံ့၊ ယဉ်ကျေးကာ အတိတ်ကို သယ်ပိုးထားသော ရဲအရာရှိလေးတဦး။ ဝံပုလွေငယ်လေးဟာ ကြီးပြင်းလာပြီး အရာရှိလေးဟာလည်း သူ့အတိတ်ကိုလက်ခံသွားနိုင်မယ်။ တိုတိုလေးပြောရရင် ရင်ကိ...